“ အိမ်နံပါတ်(၇၉)တို့ (၉၇)တို့လို အိမ်နဲ့ပတ်သက်လာရင်”

ဟေမာန်ခါဆောင်း သဘာဝတို့လွှမ်းမိုးလျှက်ရှိပါသော တစ်နေ့တွင် ကျွန်ုပ်ဗေဒင်ဟောလျှက်ရှိသော လားရှိုးမြို့ သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် (တောင်ပေါ်ဘုရား)ရှိ ကျွန်ုပ်ဗေဒင်ဟောခန်း သို့ ဒေါ်အုန်းမြင့်ဟုခေါ်သော အသက်(၅၀)အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ကျွန်ုပ်ငယ်စဉ် နေထိုင်ခဲ့ဘူးသောရပ်ကွက်တွင် ထိုအမျိုးသမီးကြီးနှင့်အတူတကွပင် အိမ်ချင်းမနီးမဝေး နေထိုင်ခဲ့ဘူး၏။
ယခုအချိန်တွင်မူ ကျွန်ုပ်မှာဗေဒင်ဆရာတဦးဖြစ်လာပြီးဖြစ်၍ ၎င်း၏ကြုံတွေ့နေရသော အခက်အခဲတစ်စုံတစ်ခုရှိလေတိုင်းတွင် ကျွန်ုပ်ထံရောက်လာပြီး ဗေဒင်မေး တတ်သလို ယတြာတောင်းတတ်၏။ ကျွန်ုပ်ညွှန်ကြားသော ယတြာများကိုလည်း
တစ်သွေမတိမ်းပင် တိတိ ကျကျဖြင့် ယုံကြည်စွာပြုလုပ်မြဲဖြစ်၏။ ထို့ကြောင့်ပင် ၎င်းအခက်အခဲများသည် ကျွန်ုပ် ညွှန်ကြားသည့် ယတြာများပြုလုပ်လိုက်တိုင်းပင် အဆင်ပြေမြဲ ပြေသွားတော့သည်ဟုဆို၏။ 

ယခုလည်းဘဲ ကျွန်ုပ်ထံသို့ ရောက်လာပြန်ပြီဖြစ်ကာ ကျွန်ုပ်မှ “ဘယ်လိုလည်း ဒေါ်အုန်းမြင့်ရေ ခင်ဗျားရဲ့ စီးပွါးရေး အခြေအနေလေး ကောင်းသွားပြီလား” ဟုပင် ကောင်းစွာပြောဆိုကြိုဆိုလိုက်၏။ထိုအခါဒေါ်အုန်းမြင့်မှ “အိမ်မှာဖွင့်ထားတဲ့ ဈေးဆိုင်လေးကတော့ တော်တော်လေးကိုရောင်းရပါတယ်၊ ဆရာသမားပေးတဲ့ ယတြာရဲ့အစွမ်းကြောင့်ဘဲ လို့ပြောရမှာဘဲ။ သပြေ(၁၁)ခက်ကို နှီးကြိုးနဲ့ချည်ပြီး ဆိုင်အ၀င်တံခါးမှာ လေတိုက်ခံပြီး တွဲလောင်းဆွဲထား လိုက်ထဲက သိသိသာသာကိုဘဲ ဈေးဝယ်တွေလာကြပါတယ်။ ရောင်းအားလည်း သိသိသာသာ တက်လာ ပါတယ်။ 

အခုလာရတာက အဒေါ်ကိစ္စမဟုတ်ဘူးကွယ့်၊ အဒေါ်ရဲ့ဆိုင်ကိုလာနေကြ ဈေးဝယ်ဖောက်သည် ကောင်မလေးကိစ္စပါ။ ဒေါ်အုန်းမြင့်စကားကြားလျှင် ကျွန်ုပ်မှာလည်း ၎င်းနှင့်ဘယ်သူပါလာလဲ ဟုကြည့်ရာ တွင်လည်း မည်သူ့ကိုမျှမတွေ့သောကြောင့်
“ခင်ဗျား သူများမွေးသက္ကရာဇ်ကိုယူလာပြီး ဖြစ်နေတဲ့အခက် အခဲ ပြေလည်ဖို့ ကျွန်တော့ဆီကယတြာတောင်း ပြီးတော့ သက်ဆိုင်တဲ့သူကိုပြန်ပေး၊ ကြားကနေ ယတြာ ပွဲစားလုပ်နေတာလား” ဟု ခပ်မာမာမေးလိုက်ရာ “အောင်မလေးမဟုတ်ရပါဘူး ဆရာသမားရယ်- အဲ့ဒီကောင်မလေးက ပါလာပါတယ်။ 

သူကရှမ်းမလေးကွဲ့၊ သူတို့ရှမ်းထုံးစံရှိတယ်ဆိုဘဲ။ ဆရာ သမားကို ပန်း၊ ဆန်နဲ့ ဥာဏ်ပူဇော်ခကို လင်ဗန်း(သို့မဟုတ်) ပန်းကန်ပြား တစ်ချပ်နဲ့ထည့်ပြီး ကန်တော့ပြီးမှ သူတို့ ရဲ့ကိစ္စကို ဆရာထံပြောပြပြီး ယတြာတောင်းရင်ပိုစွမ်းတယ်လို့ သူကပြောတယ်။ အဲဒါနဲ့ အခု လောလောနဲ့လာတာ၊ ပန်းကန်ပြားလေးကျန်ခဲ့လို့ဆိုပြီး ဒီရုပ်သံရုံးလမ်းထိပ်ဈေးဆိုင်လေးက ပန်းကန် တစ်ချပ် တောင်းဝယ်နေတာ။ အဒေါ်ကအရင် ဆရာသမားဟောခန်းထဲဝင်လာတာ” ဟူသော ဒေါ်အုန်းမြင့် စကားကြားရလျှင် ကျွန်ုပ်လည်းဇာတ်ရည်လည်သွား၏။ 

၎င်းဒေါ်အုန်းမြင့်နှင့် ပါလာသူ ရှမ်းမလေးမှာလည်း ပန်းနှင့် ဆန်အနည်းငယ်၊ ဥာဏ်ပူဇော်ခတင်ထားသော ဗန်းကလေးအား လက်မှကိုင်ပြီးရောက်၇ှိလာကာ ကျွန်ုပ်အား ရိုရိုသေသေပေးအပ် ပြီး ထိုင်၍ကန်တော့ရှာလေ၏။ ရှမ်းတိုင်းရင်သူ/တိုင်းရင်းသားများမှာ ဆရာသခင်ကို ယုံကြည်ကြပုံ၊ လေးစား ရိုသေပုံရိုးရာလေးကိုမြင်ရတော့ ကျွန်ုပ်မှာ မချီးကျူးဘဲ၊ မနေနိုင်အောင်ပင် ဖြစ်ရလေ၏။ 

ကျွန်ုပ်တို့ မြန်မာ့ဆန်းပညာ၊ ဆန်းနိမိတ်အရကြည့်လျှင်လည်း မျိုးကောင်းရိုးကောင်းဖြစ်ကြောင်း လေးနက် ပြီး မြင့်မြတ်သောအကြောင်းကိစ္စနှင့်ပတ်သက်၍ ဗေဒင်မေးမယ်၊ ယတြာယူမယ် ဆိုတာကိုလည်း မြန်မာ့ ဆန်း ပညာကို တတ်ကျွမ်းထားပြီးဖြစ်သော ကျွန်ုပ်မှာ ကောင်းစွာပင်သိလိုက်ပါသည်။ အဘ ဒေါက်တာ မင်းသိင်္ခ မှ ဗေဒင်လာမေးသူများ၏ ဆရာရှေ့အရောက်တွင် ပြောပုံဆိုပုံ၊ ထိုင်ပုံ၊ ပစ္စည်းများကိုင်လာပုံများ ကို ကောင်းစွာ ကျွန်ုပ်တို့ နိမိတ်ယူနိုင်အောင် ကွန်ပျူတာစာစီ၍ တပည့်ဗေဒင်ဆရာတိုင်းကို ပေးထားသော စာရွက်များမှာ ကျွန်ုပ်တို့ထံတွင် ယနေ့တိုင်အောင် ကောင်းစွာသိမ်းထားမှတ်ထားသောကြောင့်ပင် ဖြစ်ပါသည်။

 ဒေါ်အုန်းမြင့်မှ “ဆရာသမားရေ၊ ဒီကောင်မလေး နာမည်က နန်းနီလာလို့ခေါ်ပါတယ်၊ သူတို့ မိသားစုက လားရှိုးကိုပြောင်းလာတာ သိပ်မကြာသေးဘူးကွဲ့” နန်းနီလာမှ ကျွန်ုပ်အား သူမ၏မွေးသက္ကရာဇ် ပေးပြီး သူမနှင့်ပတ်သက်သမျှမြင်တာဟောကြားရန် ပြောလေ၏။ 

ထို့ကြောင့် ကျွန်ုပ်မှလည်း “စိတ်ချသမီးရေ မြင်တာတွေဘဲဟောမယ်၊ ထင်တာကို တစ်ခုမှမပြောဘူး” ဟုပြောလိုက်ရာ ဒေါ်အုန်းမြင့်မှပင် “သိပ်ဟုတ် တာပေါ့ ဆရာအောင်ကောင်းမွန်ရယ် လောကကြီးမှာ အထင်နဲ့အမြင်ဆိုတာ သိပ်ကိုကွာခြားလွန်းပါတယ်။ လူတော်တော်များများဟာ ကိုယ်ထင်တာတွေကို မြင်ဘဲမြင်လာသလိုနဲ့ ဇွတ်ပြောတတ်ကြတဲ့ အကျင့် ရှိတာတွေ အဒေါ်မြင်ဘူးတယ်။ အထင်ဟာအထင်အတိုင်းဘဲ၊ အမြင်နဲ့ဘာမှကှို မဆိုင်ဘူး” ဟုပင် မည်သို့သော စိတ်ကူးမျိုးနှင့်ပြောလို့ပြောနေမှန်း နားလည်ရန်ခတ်သော စကားများကို ၀င်၍ပြောလေ၏။ 

ထို့ကြောင့် ကျွန်ုပ်မှာ “ကဲ ဒေါ်အုန်းမြင့်ရေ ခင်ဗျားထင်တာရော မြင်တာရော ခဏထား လိုက်ဦး။ အခုကျွန်ုတော် ဒီကလေးနန်းနီလာကို ဗေဒင်ဟောမယ်” ဟုပြောလိုက်ကာမှ ဒေါ်အုန်းမြင့်မှာ ဇတ်ကလေးပု၍ အသာငြိမ် သွားလေတော့၏။ ကျွန်ုပ်မှာ နန်းနီလာ၏ ကံကြမ္မကို (၅၂)ရက်စာ (၁)နှစ်စာ၊ ဘ၀တစ်သက်လုံးနှင့် ပတ်သက်သမျှ တွက်ချက်ဟောပြောယတြာပေး၏။ ပြီးလျှင် ၎င်းဗေဒင်မေးသူ နန်းနီလာ သိလိုသော မေးခွန်း(၃)ခွန်း မေးခွင့်ပြုလိုက်၏။ ထို့ကြောင့် ကျွန်ုပ်ထံတွင် ဗေဒင်မေးသူ ရှမ်းတိုင်းရင်းသူလေး နန်းနီလာ မှာ ဗေဒင်လာ၍မေးရခြင်း၏ အဓိကပွိုင့် သော့ချက်ကိုပြောပြလေတော့၏။ 

“ဒီလိုပါ ဆရာ သမီးတို့မိသားစု က ကျောက်မဲကပါ။ အခုတော့မောင်လေးရဲ့အလုပ်အပြောင်း အရွှေ့ကြောင့် မိသားစုတစ်ခုလုံး ဒီလားရှိုးကို ပြောင်းလာတာပါ။ ဒီရောက်တော့ သမီးတို့အိမ်ဝယ်မယ်ဆိုပြီး အိမ်ပွဲစား တစ်ဦးကို အကူအညီတောင်းပြီး ရှာခိုင်းပါတယ်- အဲဒါ သိပ်ကိုကြာကြာမရှာရဘဲ (၁)ရပ်ကွက်ထဲမှာဘဲ အိမ်တစ်လုံး ရောင်းဖို့တွေ့ပါတယ်။ သမီးအဖေရောအမေပါ အဲဒီအိမ်လေးကို သဘောကျကြပါတယ်။ 

သမီးတို့မောင်နှမ နှစ်ယောက်လည်း အဖေနဲ့အမေပါကြိုက်ကြတယ်ဆိုတော့ ၀ယ်ဖို့သဘောတူလိုက်ကြတယ်။ အခုအဲဒီမှာ သမီးတို့ဝယ်ပြီး တက်နေတာ (၁)လ ကျော်ခဲ့ပါပြီ။ ဘာပြဿဿသနာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူးဆရာ... ဒါပေမဲ့လို့ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်က အိမ်နားနီးချင်းလို့ပြောရမှာပေါ့ - လမ်းထဲကအဒေါ်ကြီး တစ်ယောက် သမီးတို့အိမ်လာလည်ပါတယ်။ 

အဲဒီမှာ သူကပြောသွားတာက- သမီးတို့အခုနေတဲ့အိမ်က အရင်နေသွားကြ တဲ့လူတွေဟာ ဘယ်တော့မှမမြဲကြဘူးတဲ့- ဒီအိမ်ကိုဝယ်တဲ့သူတွေရော အဲ့ဒီဝယ်သူအိမ်ရှင်ထံက ငှားနေ သူတွေရော ဒီအိမ်ရောက်ရင် ပြဿနာတစ်ခုမဟုတ်တစ်ခုတက်ပြီး ပြောင်းသွားကြရတာချည်းဘဲတဲ့- တစ်ခါက အစိုးရဌာနတစ်ခုက အရာရှိကြီးတစ်ယောက်ဆို လားရှိုးကို ရာထူးတိုးနဲ့ပြောင်းလာပြီး ဒီအိမ်ကို တစ်နှစ်စာ အိမ်လခစပေါ်တင်ပြီး စာချုပ်ချုပ်ငှားပြီးနေတာ၊ တစ်လနေပြီး အဲ့လို ဒီအိမ်ရဲ့သတင်း ကြားလို့ အိမ်ရှင်ကို ပေးထားသမျှ အိမ်လခတစ်နှစ်စာကိုတောင် အရှုံးခံပြီး ချက်ခြင်းပြောင်းသွားကြတာလို့ အဲဒီ အဒေါ်ကြီးကပြောတယ်ဆရာ... သမီးတို့က ချမ်းသာတဲ့မိသားစုမဟုတ်ပါဘူး။

 အခုတော့ ရှိစုမဲ့စုလေးနဲ့ ဒီအိမ်လေးဝယ်လိုက်ကာမှ အခုလိုဒီအိမ်ရဲ့သတင်းကြားရတော့ သမီးအဖေရော အမေပါ စိတ်ညစ်နေကြပါတယ်။ အဖေဆို အခု အဲ့ဒီသတင်းကြားကတည်းက ထမင်းတောင် ကောင်းကောင်းမစားနိုင်တော့ဘူး- တော်တော်လေး စိတ်ထိခိုက်သွားတယ်ဆရာ.... အဲ့ဒါနဲ့ ဘုရားဘဲ ခဏခဏရှိခိုးပြီး ဆုတောင်းနေတယ်။ အခုတော့ လမ်းထဲ က ဒီအဒေါ်ကြီးဆိုင်ရောက်တော့ ဆက်စပ်ပြီး အခုလိုဖြစ်ပျက်သမျှကို ပြောဖြစ်ကြလို့ အဒေါ် ဒေါ်အုန်းမြင့် က ဆရာ့ဆီကို ချက်ခြင်းခေါ်လာတာပါဘဲဆရာရယ်.... ဖြစ်စဉ်တွေအားလုံးပါဘဲဆရာ”ဟုပင် သူမတို့ မိသားစု၏ ဖြစ်စဉ်မျာကို လုံးစေ့ ပတ်စေ့ပြောပြလေကာ ''အခုသမီးတို့အိမ်နဲ့ပတ်သက်ပြီးသမီးတို့ကိုခိုက်လာမဲ့အိမ်ဖြစ်လာနိုင်မလားလို့ ဆရာကိုမေးချင်တာပါဆရာ'' ဟုဆို၏။

ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း တစ်ခဏမျှ မှာပင် မျက်စေ့မှိတ်ပြီး မဟာကျေးဇူးရှင်ကြီးဖြစ်သော အဘဒေါက်တာမင်းသိင်္ခကို မနောဖြင့် အကူအညီ တောင်းမိလိုက်၏။ ကျွန်ုပ်မျက်လုံးတွင် အဘပုံကို မြင်ရပြီးလျှင် (၉)ဂဏန်းကို မြင်ရ၏။ ပြီးလျှင် (၇)ဂဏန်း ကို ပြန်၍မြင်ရပြန်၏။ ထို့ကြောင့် ကျွန်ုပ်မှ ဗေဒင်မေးသူ နန်းနီလာကို တားရော့ပြန်၍ ချိုးခိုင်းလိုက်၏။ တားရော့နံပါတ်(၉) ပုံဏ္ဏားဘကွန်း ကပ်ကြ၏။ နောက်ပြန်၍ချိုးခိုင်းပြန်ရာ- နံပါတ်(၇) စစ်ရထားကပ်ကြ ပြန်၏။ နောက်ထပ်ပြန်၍ ချိုးခိုင်းရာ နံပါတ်(၅) ဘုန်းကြီးကပ်ကျနေသည်ကို တွေ့ရ၏။ 

ထိုအခါ ဗေဒင် မေးသူမိန်းကလေး၏ မွေးသက္ကရာဇ်ဖြင့်တွက်ချက်ထားသော တွက်ပြင်ကိန်းဂဏန်း များကိုကြည့်ရာ ရာဟုသက်ရောက် (၂၃၄)တိုင်ဖြစ်နေလေ၏။ ထို့ကြောင့် ကျွန်ုပ်နန်းနီလာအောင်ကို မေးခွန်းတစ်ခုပြန်၍ မေးမြန်းစစ်ဆေးရလေ၏။

“ဒီိလိုရှိတယ် သမီးရေ- တစ်ချို့ကိစ္စတွေမှာ ဗေဒင်ဆရာက ဗေဒင်မေးသူထံ ပြန်မေးရတဲ့အကြောင်းတွေရှိတယ်။ အခုလည်း အဲ့လိုဘဲ ပြန်မေးဖို့ လိုအပ်နေတယ်။ အဲဒီတော့  (၁) သမီးတို့အခုနေတဲ့အိမ်နောက်ဘက်မှာ တောင်ပို့ရှိလား။ (၂) အိမ်ဝင်းထဲမှာ ကင်ပွန်းပင်ရှိ နေလား။ (၃) အိမ်နံပါတ်မှာ ခုနှစ်ဂဏန်း ကိုး ဂဏန်းတွဲပါနေလား-ဟု မေးခွန်းသုံးခုပြန်၍ မေးရလေတော့၏။ 

နန်းနီလာမှာ အိမ်နံပါတ်က (၇၉)ပါ ဆရာ။ သမီးတို့ကျောက်မဲမှာ နေခဲ့တုန်းက အိမ်ရဲ့နံပါတ်က (၉၇)ပါ ဆရာ တိုက်တိုက်ဆိုင်ဆိုင် အခုလို ဖြစ်နေတာကို သမီးတို့ အံ့သြပြီး ပြောဖြစ်နေကြတာပါ။ သူမစကား ကြားရလျှင် ကျွန်ုပ်မှာ အဘမင်းသိင်္ခထံ ကျွန်ုပ်ဗေဒင်သင်တန်းတက်နေစဉ် အဘပြောပြခဲ့သော ကိန်းဂဏန်း တို့ရဲ့ အာနိသင်ကို ကောင်းစွာပြန်လည် အမှတ်ရမိတော့၏။ အဘရဲ့ စကားသံများမှာလည်း ပဲ့တင်ထပ်၍ ပင် ကြားယောင်မိတော့၏။

 ထို့ကြောင့် ဟုတ်ပြီ ကျောက်မဲအိမ်နံပါတ်(၉၇)ဆိုတဲ့ အိမ်မှာ သမီးတို့ဘယ်လောက် နေခဲ့သလဲ ဟုပြန်၍မေးရာ နန်းနီလာမှ သမီးတသက်ပါဘဲဆရာ- အခုမှ ဒီလားရှိုးကို ပြောင်းဖြစ်တာပါ။ အဲ့ဒီအိမ်ကိုလည်း ကျောက်မဲမှာ ဒီတိုင်းဘဲ ပိတ်တားခဲ့ပါတယ်။ ရပြီသမီးရေ ဆက်မပြောနဲ့တော့ လက်ရှိအခု သမီးတို့ဝယ်လိုက်တဲ့ ဒီလားရှိုးအိမ်မှာ ဆက်ပြီးတာနေသွား။ အဲ့ဒီအိမ်နဲ့ ပတ်သက်လို့ ဘယ်သူ တွေဘာဖြစ်ဖြစ် သမီးတို့မိသားစု ဘာမှ မဖြစ်ဘူးလို့ ဆရာအာမခံတယ်။ တာဝန်ယူတယ်- 

ကျွန်ုပ်ပြောသောစကားကို နားမလည်သောသဘောဖြင့်ပင် နန်းနီလာလေးခမျာ ဖြစ်နေလေ၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာ အဘမင်းသိင်္ခဆုံးမခဲ့သော စကားများအတိုင်းဘဲ စကားပြောရင် ရှင်းအောင်ပြော၊ စာရေးရင်လည်း တစ်ဖက်လူ၊ စာဖတ်သူရှင်းအောင်ဖတ်နိုင်အောင် ရှင်းရှင်းလင်းလင်းရေးဟုပင် အဘဆုံးမ စကားကိုလည်း ကြားယောင်မိတော့၏။ 

ဒီလိုရှိတယ် သမီးရေ ဒီကမ္ဘာလောကကြီးမှာရှိတဲ့ကိန်းဂဏန်းတွေ ဟာ အင်မတန်မှဘဲထူးဆန်းတယ်။ မမြင်ရတဲ့အာနိသင်တွေရှိတယ်။ အခုတော့သမီးကို ကိုးဂဏန်းနဲ့ ခုနှစ် ဂဏန်းအကြောင်းဘဲ ပြောပြလိုက်မယ်။(၉)ဆိုတဲ့ဂဏန်းဟာရုပ်ဂဏန်းဖြစ်တယ်။ (၇)ဆိုတဲ့ဂဏန်းကြတော့ စိတ်ဂဏန်းဖြစ်တယ်။ အဲ့ဒီနှစ်လုံးပေါင်းရင် သိပ်ကို အာနိသင်ပြင်းတယ်။ (၇၉)ဘဲဖြစ်ဖြစ် (၉၇)ဘဲဖြစ်ဖြစ် အိမ်နံပါတ်ဖြစ်နေရင် အဲ့ဒီအိမ်မှာနေတဲ့သူ တစ်ယောက်ယောက်ဟာ ကျင့်ကြံအားထုတ်နေသူ ၀ိပဿသနာ တရားအားထုတ်သူတစ်ဦးဖြစ်စေ၊၀ိဇ္ဇာလမ်းနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်ကို ကျင့်ကြံသူ တစ်ဦးဖြစ်စေ ရှိနေ တတ်တယ်။ အဲ့ဒီအိမ်မှာနေသူမိသားစုဝင်တစ်ဦးဟာ သောတပန်ဖြစ်နေတယ်လို့ တောင်မှ ပြောလို့ရတယ်။ 

အဲ့ဒါမှဘဲ အဲ့လို (၇၉) (၉၇) အိမ်နံပါတ်မျိုးမှာ နေလို့ရတာ၊ နေဖြစ်တာ၊ သာမန်လူတွေက အဲ့လို(၇၉) (၉၇) အိမ်နံပါတ်မျိုးမှာ နေလို့မရဘူး။အဲ့ဒါကြောင့်မလို့ သမီးတို့က ကျောက်မဲအိမ်(၉၇) အိမ်နံပါတ်တုန်းကလည်း ဘာမှမဖြစ်ခဲ့ရင် အခုဒီလားရှိုးအိမ် (၇၉)အိမ်နံပါတ်မှာလည်း ဘာမှကို မဖြစ်တော့ဘူးလို့ သဘောထားပြီး တစ်မိသားစုလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့သာ နေကြပေတော့-ဟုပင် ရှင်းလင်းစွာ ပြောပြလိုက်ရ တော့၏။ 

ထိုအခါ အလုံးစုံပြောသောစကားများအား ဘေးမှထိုင်၍ နားထောင်နေသူ ဒေါ်အုန်းမြင့်မှာ ဒီလို ဆို ဆရာစောစောကပြောသွားတဲ့ တောင်ပို့ဆိုတာနဲ့ ကင်ပွန်းပင်ဆိုတာကရောဆရာဟုပင် ပြန်၍ မေးလေ ၏။

ဒီလိုရှိတယ် ဒေါ်အုန်းမြင့် ကိုယ်နေတဲ့အိမ်မှာ တောင်ပို့ရှိတယ်ဆိုရင်တော့ တစ်ချို့က သိုက်ရှိတယ်။ သိုက်စောင့်တွေရှိတယ်။ အဲ့ဒီအိမ် စီးပွားမတက်ဘူး စသဖြင့်ပြောကြတယ်။ အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆရာအမျိုးမျိုးက အယူအမျိုးမျိုးထုတ်ကြတယ်။ တကယ်ကတော့ ရှင်းရှင်းလေးပါ။ 

ကိုယ်နေတဲ့အိမ်မှာ တောင်ပို့ရှိနေရင် ကင်ပွန်းပင် ရှိ မရှိ ကြည့်ရတယ်။ တောင်ပို့လည်းရှိတယ်၊ ကင်ပွန်းပင်လည်းရှိနေတယ် ဆိုရင် သိုက်ရှိနေတာအမှန်ဘဲ။ အဲ့ဒီသိုက်က ဘာသိုက်လည်း အိမ်မှာနေတဲ့ မိသားစုတွေကို ကောင်းကျိုး ပြုမလား၊ ဆိုးကျိုးပြုမလားဆိုတာတွေကိုတော့ သေချာပြန်တွက်ပြီး ဆရာက လုပ်သင့်တာလုပ်ပေးရတာ ပေါ့။ အခုဒီက သမီးလေးနန်းနီလာတို့အိမ်ကတော့ သိုက်နဲ့ပတ်သက်လို့ စဉ်းစားစရာမလိုအပ်တော့ပါဘူး။ သူတို့အိမ်ပြဿနာကဟာ အိမ်နံပါတ်ကြောင့် ဖြစ်နေကြောင်း သေချာနေပြီလေ- ဟု ကျွန်ုပ်မှ ဖြစ်စဉ်မှန်သမျှကို စဉ်းစားဆက်စပ်၍ အဖြေရှာပုံကို ပြောပြမှသာလျှင် ကျွန်ုပ်ထံရောက်ရှိလာသော ဗေဒင်မေးသူ နန်းနီလာ နှင့် ဒေါ်အုန်းမြင့်တို့နှစ်ဦးသားမှာလည်း ကောင်းစွာသဘောပေါက်သွားကြလေတော့၏။ 

ထို့ကြောင့်ပင် ရှမ်းတိုင်းရင်းသူလေး နန်းနီလာမှာ ဒီလိုဆို ဒီအိမ်ကသမီးတို့အတွက် ဘာမှမဖြစ်ဘူးပေါ့နော်- အေးအေး ဆေးဆေး ဆက်သွားနေရုံဘဲပေါ့၊ ရောင်းစရာလည်း မလိုတော့ဘူး ပြောင်းစရာလည်း မလိုတော့ ဘူးပေါ့ နော် ဟုပြောရာ ကျွန်ုပ်မှာ မှန်တာပေါ့ကွယ်... ဒီအိမ်နဲ့ ပတ်သက်လို့ ရောင်းစရာရော ပြောင်းစရာပါမလိုဘူး၊ အေးအေးဆေးဆေးသာနေသွား၊ သာသနာပြု၊ကြရမယ်။ မိသားစုတစ်စုလုံး ဘုရားတရားလုပ်ကြ၊ ငါးပါးသီလကို တစ်အိမ်လုံး တစ်ပါးပြီးတစ်ပါး တစ်သက်လုံးဆောက်တည်ဖို့ သစ္စာပြုသွားကြ၊ သိသိသာသာကြီးကို ကောင်းကျိုးပေးမဲ့ အိမ်ဘဲ။ 

ကျွန်ုပ်စကားကြားတော့ မိသားစုတစ်ခုလုံးအတွက် ပူပင်သောကရောက်လျှက် ရှိသူကလေးမလေး နန်းနီလာမှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်ပင် သူမနှင့်အတူလာသူ ဒေါ်အုန်းမြင့်နှင့် အတူတကွ ရွှင်လန်းချမ်းမြေ့စွာဖြင့် ကျွန်ုပ်အား ကျေးဇူးတင်စကားပြောပြီးဗေဒင်ဟောခန်းအတွင်းမှပင် ပြန်လည် ထွက်ခွာသွားကြလေတော့သတည်း။

 မေတ္တာ အနန္တဖြင့်
                                                                                                
  အောင်ကောင်းမွန် (လား၇ှိုး)



Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်