“စိန်တတင်း ဂျင်းတတက် အမှားတွေကိုဖျက်” အောင်ကောင်းမွန်(လားရှိုး)



          ခရစ်သက္ကရာဇ် ၂၀၀၃-ခုနှစ်၏ နွေဦးကာလ မတ်လ၏ နေ့ရက်များမှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်သည် မဟာကျေးဇူးရှင်ကြီးဖြစ်သော အဘဒေါက်တာမင်းသိင်္ခနေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံဆီသို့ စတင်ပြီးရောက်ရှိသွားတော့၏။
          ခြံအတွင်းတွင် အဘထုလုပ်ထားသော ရုပ်ထုများစွာလည်းရှိ၏။ ဂမုန်းခြံကြီးတစ်ခုကိုလည်းတွေ့မြင်ရ၏။ ထိုဂမုန်းခြံ၏ နံဘေးတွင် လွန်စွာလှပသောတိုက်အိမ်လေးတစ်လုံးဆောက်လုပ်ထား၏။ 

ထိုတိုက်အိမ်လေး၏ရှေ့တွင် ရေကန်တစ်ခုရှိနေသေးတော့၏။ ထို့ကြောင့် ထိုအိမ်လေးသည် နေထိုင်ရသူအတွက် လွန်စွာစိတ်ချမ်းသာဖွယ်ရှိသည်ဟု ကျွန်ုပ်တစ်ယောက်တည်း တွေးတောနေမိ၏။ ထိုအချိန်၌မှာပင် ထိုအိမ်လေးအတွင်းဆီမှ လွန်စွာတည်ကြည်ခံ့ညားပြီး သံလိုက်ဓါတ်များ လှိုင်းလုံးထ၍ထွက်လာသကဲ့သို့ထင်မှတ်ရသည့်
အမျိုးသားကြီးတစ်ဦး၏ အသံကိုကြားလိုက်ရ၏။

 အမှန်ကို အမှန်အတိုင်းဆိုရပါမူ ကျွန်ုပ်ဘ၀တသက်လုံး ဤကဲ့သို့လေးစားဖွယ်ကောင်းသော သြဇာဓါတ် သံလိုက်ဓါတ်တို့နှင့် ပြည့်စုံသည့်အသံအား တစ်ခါမှပင်မကြားရခဲ့ဖူးပါ။ မည်ရွေ့မည်မျှ ရာထူးကြီးမားပါသည်ဆိုသော ပုဂ္ဂိုလ်များတွင်လည်း ထိုအသံမရှိနိုင်ကြောင်းကို ကျွန်ုပ်မှာရဲရဲကြီးပြောဆိုဝံ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်စိတ်တွင်းတွင် ဒါဟာအဘမင်းသိင်္ခရဲ့ အသံဘဲဆိုတာ အလိုလိုပင်သိမိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အဘပြောနေတဲ့စကားကို ကျွန်ုပ်တစ်ပိုင်းတစ်စကြားမိခဲ့တာက ဆရာမတစ်ယောက်ကို အလုပ်တစ်ခုလုပ်ထားဖို့ မှာနေတာပါ။ သေသေချာချာကြားလိုက်တဲ့စကားကတော့ (၁၁း၃၀)နာရီ အရောက်ပြန်မယ်လို့မှာပြီး အဘကအိမ်လေးဆီကထွက်သွားပါတယ်။ အဘရဲ့အသံလည်းကြား လူကိုလည်းပထမဦးဆုံး စမြင်လိုက်ရဲတဲ့ကျွန်ုပ်မှာတော့ အဘအား လက်အုပ်လေးချီပြီး ဂမုန်းခြံထဲမှာကျန်ခဲ့ပါတယ်။
        
   ကျွန်ုပ်၏စိတ်အတွင်းမှာတော့ သြော် . . . အဘ တစ်နေရာရာကိုသွားဖို့ရှိလို့ သွားပြီလို့ဘဲထင်လိုက်ပါတယ်။ တခဏ နေတော့ ခြံယူနီဖောင်း နီညိုရောင်ဝတ်ဆင်ထားတဲ့ ဆရာမလေးတစ်ဦး ၎င်းအိမ်တွင်းဆီမှထွက်လာပါတယ်။ ကျွန်ုပ်လည်း ၎င်းဆရာမလေးအားတွေ့လျှင် ချက်ခြင်းဘဲလှမ်းပြီးခေါ်လိုက်ပါတယ်။ အဲ့ဒီမှာဘဲ ကျွန်ုပ်အနေနဲ့ လားရှိုးမှလာ၍ အဘရဲ့ ဗေဒင်သင်တန်းလာတက်မည့်သူဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရန် လိုအပ်သည်များ လာရောက်စုံစမ်းကြောင်းပြောရာ ၎င်းဆရာမမှလည်း ကျွန်ုပ်အားကောင်းကောင်းမွန်မွန်ဘဲ ပြန်၍ သင်တန်းနှင့်ပတ်သက်သမျှ လိုအပ်ချက်တွေကို ပြန်ပြော ပါတယ်။ ထို့နောက် ကျွန်ုပ်၏ခြေထောက်အား ထိုဆရာမလေးမှ ငုံ့ကြည့်ပြီး ဒီနေရာမှာဖိနပ်မစီးရဘူးလို့ သတိပေးတော့မှ ကျွန်ုပ်လည်း ဖိနပ်မစီးရနယ်မြေကို စီးပြီးရိုင်းပြစွာဝင်လာမိသည်ကို သတိပြုမိလိုက်၍ ထိုဆရာမလေးအား ချက်ချင်းဘဲ တောင်းပန်လိုက်ပါတယ်။ 

ထိုအခါ ဆရာမလေးက ကျွန်ုပ်အား “အဘအခု ယတြာဆောင်ကိုသွားတယ် . . . အဲ့ဒီမှ ယတြာတွေပြောပြလိမ့်မယ် . . . မှတ်စရာ စာရွက်နဲ့ဘောပင်ယူသွားပြီး သွားနားထောင်ပြီးမှတ်ထားလိုက်ပါ . . . ကျွန်မတို့ လည်း အဲ့ဒီကိုသွားမှာ”ဟုပြေလေ၏။ ထိုအခါမှပင် ကျွန်ုပ်ထင်သလို အဘက တခြားတစ်နေရာ အဝေးဆီကို သွားခြင်းမျိုး မဟုတ်ဘဲ ခြံအတွင်းမှာဘဲ ဟိုအဆောင်မှဒီအဆောင်သို့ သွားခြင်းဖြစ်ကြောင်း သိရပါတော့တယ်။ အဲ့ဒီလို နီးနီးနားနား သွားပြီး ယတြာလာယူသူတွေကို အဘကစကားထွက်ပြောတာကို အချိန်နဲ့အတိအကျပြုလုပ်ပုံ၊ အဘမရှိတုန်း တပည့်များ လုပ်စရာရှိတာတွေလုပ်ထားဖို့မှာကြားပြီးမှာ ယတြာဆောင်မှာ ဧည့်တွေ့စကားထွက်ပြောတဲ့အဘကို တွေ့တွေ့ခြင်း၌မှာပင် ကျွန်ုပ်တစ်ယောက် ပို၍ပို၍ပင်ယခက်ထက်ကိုလေးစားသွားမိပါတော့သည်။ 

အဲ့ဒါနဲ့ဘဲ ကျွန်ုပ်လည်း လုမ္မနီလို့ခေါ်တဲ့ ယတြာဧည့်ဆောင် အတွင်းသို့ဝင်သွားလိုက်ပါတယ်။ အဲ့ဒီမှာဘဲ အဘက စကားတွေပြောနေပြီး ကျွန်ုပ်လည်း မှီတဲ့နေရာကလိုက်ပြီး အဘပြောတဲ့ယတြာတွေကို လိုက်မှတ်ပါတယ်။ အဘကပြောတယ် . . . လောကကြီးမှာ လူတွေဆိုတာမှားတတ်ကြတယ် … မမျှော်လင့်ဘဲနဲ့ အမှားတွေလုပ်မိတတ်တယ် . . . ဘယ်အချိန်ကစမှားလည်းဆိုတော့ . . . လူရယ်လို့သိတတ်စအရွယ်ထဲက “ဝလုံး”ရေးတဲ့ အရွယ်ကစမှားတတ်တော့တာဘဲ . . . အဲ့ဒါကြောင့်မလို့လည်း ခဲတံကုမ္ပဏီက ခဲတံနောက်မှာ ခဲဖျက်လေး တခါတည်းထည့်ပေးလိုက်တာလို့ပြောပြီး စကားစကို ခဏရပ်လိုက်ပါတယ်။ နားထောင်မိသူများမှာ ခဲတံနောက်မှာ ခဲဖျက် ပါတာကိုသိပေမဲ့ အဘလို နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိကြဘဲ အခုလို အဘပြောတာကြားလိုက်တော့ သဘောကျလွန်း၍ လက်ခုပ်များတီးကြပါတယ်။ 

အဲ့ဒီမှာဘဲ အဘကဆက်ပြောတယ် . . . ဒါပေမဲ့ မှားတဲ့အမှားတွေက ပြင်လို့ရတာတွေရှိသလို ပြင်လို့မရတာ ပြင်ဖို့ခက်နေတဲ့ အမှားတွေလည်းရှိတာပေါ့ . . . ဥပမာ . . . စာချုပ်တစ်ခုချုပ်ဆိုလက်မှတ်ထိုးတယ် . . . သက်သေတွေရှေ့မှာလုပ်ပြီး သက်သေတွေကလည်း လက်မှတ်ထိုးပြီးပြီ . . . အဲ့ဒီမှာ . . .  ကိုယ့်အနေနဲ့ မစဉ်းစားမိလို့ ဖြစ်စေ . . . စဉ်းစားမှုနည်းလို့ဖြစ်စေ . . . လက်မှတ်ထိုးလောကြီးသွားတယ် . . .  စာချုပ်လက်မှတ်မှားထိုးမိတယ် . . . အဲ့ဒီလိုဖြစ်ခဲ့ရင် ပြန်ပြင်ဖို့ဆိုတာမလွယ်တော့ဘူး . . . အဲ့ဒါဆိုရင် ယတြာလုပ်ပြီးပြန်ပြင်မှဖြစ်မယ် . . . 

အဲ့တော့ သေသေချာချာမှတ်ထား . . . ဘုရားစင်ပေါ်မှာ ဂျင်း(၈)တက်ကို ကြွေပန်းကန်ပြားသေးလေးတစ်ခုစီမှာ ဂျင်း(၁)တက်စီတင် . . . အဲ့ဒီဂျင်းတက်တစ်ခုစီတိုင်းရဲ့အပေါ်မှာ ဖယောင်းတိုင်စိုက်ပြီး ဖယောင်းတိုင်မီး(၈)တိုင်ပူဇော်ပြီး ဘုရားမှာ စာချုပ်သစ် ပြန်ပြင်ပြီး လက်မှတ်ထိုးနိုင်ရန် ဆုတောင်းရတယ် . . . အဲ့ဒီယတြာကို မနက်ပိုင်းတစ်ကြိမ် . . . ညမှောင်နေတဲ့အချိန်မှာ တစ်ကြိမ် . . . ရှစ်ရက်ဆက်တိုက်ပြုလုပ်ရမယ် . . . အဲ့ဒါဆိုရင်တော့ ကိုယ့်အနေနဲ့ စာချုပ်သစ်ပြောင်းပြီးလက်မှတ်ထိုးဖို့ လွယ်လွယ်ကူကူနဲ့ပြောဆိုလို့ရလိမ့်မယ် . . . အဲ့တော့ ကိုယ့်ဘက်က နစ်နာစရာရှိတာတွေ မနစ်နာတော့ဘူးပေါ့ . . . လို့ ကျွန်ုပ်ဘဝအတွက် အဘမင်းသိင်္ခနှုတ်က ပထမဆုံးကြားသိခွင့်ရခဲ့တဲ့ အလွန်ကိုထူးခြားအစွမ်းထက်တဲ့ အမှားပြင်ရန် အကောင်းဆုံးဖြစ်တဲ့ ဂမ္ဘီရယတြာလေးတစ်ခုဖြစ်နေလို့ အခုလိုဘဲ မှတ်မှတ်ရရ ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့ပါတယ်။

မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်