“သုံးဘ၀သစ္စာ” အချစ်နှင့်ဘ၀ဂမ္ဘီရ အခန်းဆက်ဝတ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

                                                                     အခန်း(၆)
“လွန်စွာမှထူးခြားသည့် သိဒ္ဓိရှင်ကြီး ကျွန်ုပ်ထံသို့ ကြွရောက်လာခြင်း”

အထက်ပါအဖြစ်အပျက်များသည် ၁၉၈၈ခုနှစ်၊ (၈)လပိုင်းတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရှစ်လေးလုံး အရေး
အခင်းကိုအကြောင်းပြီး မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများမှသည် အလယ်တန်း၊ အထက်တန်းကျောင်းများအပြင် တက္ကသိုလ်ကြီးများအထိ အချိန်ကာလအကန့်အသတ်မရှိ ကျောင်းများပိတ်လိုက်သောအချိန်ကာလမှာပင်ဖြစ်လေတော့၏။
၁၉၈၉ခုနှစ်၊ ဇွန်လတွင် မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုတို့ ပြန်လည်ရရှိလာသည်နှင့်အမျှ မူလတန်းကျောင်းနှင့်
အလယ်တန်းအဆင့် အလယ်တန်းကျောင်းသားများအားလုံးကို ပုံမှန်ကျောင်းတက်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်လေ၏။
ထိုအချိန်၌ ကျွန်ုပ်၏ပညာအရည်အချင်းသည် (၇)တန်းမျှသာဖြစ်၍ ကျောင်းပြန်တက်ရန်
ကျွန်ုပ်၏မိဘများမှပြော ဆို၍ ကျောင်းအပ်မည်ဟုဆိုကြလေ၏။ ကျွန်ုပ်သည် အလုပ်လုပ်နေရသည်ကိုသာ
ပျော်ရွှင်နေပြီဖြစ်သောကြောင့် ကျောင်းတက်ချင်စိတ်မှာ လုံးဝကိုမရှိတော့။ သို့သော်လည်း ကျွန်ုပ်၏
မိခင်နှင့်ဖခင်တို့မှာ ကျောင်းမတက်လို့မရ၊ ဆယ်တန်း အောင် အောင်တော့ ကျောင်းတက်ရမည်။
ဆယ်တန်းအောင်ပြီးမှ အလုပ်လုပ်ချင်ရင်ဆက်လုပ်ရန် အဝေးသင်တက်ရန် တိုက်တွန်းပြီး ကျောင်းပြန်တက်ခိုင်းကြတော့၏။
ကျွန်ုပ်၏ ဓါတ်ပုံပညာသင်ကြားပေးခဲ့သောဆရာနှစ်ဦးလုံးလည်း မိဘနှစ်ပါးကဲ့သို့ပင်
ကျောင်းသာပြန်တက်ရန် တိုက်တွန်းလေတော့၏။ ထို့ကြောင့်ပင် ထိုစဉ် ကျွန်ုပ်တစ်ယောက်မှာ
အများနှင့်တစ်ယောက်ဖြစ်သွားသောကြောင့် အားမတန် မာန်လျော့လိုက်ရသလို
(၇)တန်းကျောင်းသားဘဝဖြင့်ပင် လားရှိုးမြို့၊ အ.ထ.က(၂)၌ ပြန်လည်၍သာ ကျောင်းတက်ဖြစ်ခဲ့လေတော့၏။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်ုပ်သည် ဂမ္ဘီရပညာရပ်များအား ငယ်စဉ်ဘဝမှပင် ဝါသနာပါခဲ့သည့်အားလျော်စွာ ခရစ်သက္ကရာဇ်(၂၀၀၃)ခုနှစ်မှ စ၍ နိုင်ငံကျော် ဗေဒင်လက္ခဏာဆရာကြီး နိုင်ငံကျော်စာရေးဆရာကြီးဖြစ်သော ဂမ္ဘီရပညာရှင် အဘဒေါက်တာမင်းသိင်္ခထံ
ရောက်ရှိကာ တားရော့၊ ဗေဒင်၊ လက္ခဏာ၊ အင်း၊ စမနှင့် ဂမ္ဘီရပညာအဖုံဖုံအား သင်ကြားခွင့်ရရှိခဲ့တော့၏။

၂၀၀၄ခုနှစ်၊ ဇူလိုင်လ(၃)ရက် နံနက်ခင်းမှစ၍ပင် ကျွန်ုပ်၏ မဟာကျေးဇူးရှင်ဆရာသခင်ကြီးဖြစ်သော
အဘ ဒေါက်တာမင်းသင်္ခ မှ တပည့်ရင်းတစ်ဦးအဖြစ် တရားဝင်သတ်မှတ်အတည်ပြုပြီး
ဂမ္ဘီရအမည်အဖြစ် ဆရာအောင်ကောင်းမွန် ဟု မှည့်သွင်ခေါ်ဝေါ်စေခဲ့လေ၏။
၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်မှစ၍ ကျွန်ုပ်သည် မဟာဂန္ဓာရီဆန်သော ၁၀၂၉ ရက်ရှိသော (၄၉)ရက်၊
(၂၁)ထုံ အဓိဋ္ဌာန်ကြီးကို စတင်ပြုလုပ်ကျင့်ကြံဖြစ်ခဲ့တော့၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်ပြုလုပ်ခဲ့သော
ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ခြင်း၊ သတင်းထောက်အလုပ်များနှင့် စီးပွားရေးကိစ္စမှန်သမျှကို
ရပ်ပြစ်လိုက်တော့၏။
ထိုအခါ စားဝတ်နေရေးအတွက် ဗေဒင်သာဟောမည်ဟုဆုံးဖြတ်ခါ ဗေဒင်ဆရာဘဝကို စတင်ခံယူပြီး လားရှိုးမြို့၊
ရပ်ကွက်(၁၂)၊ ပြည်ထောင်စုအားကစားကွင်းတိုက်တန်း၊ အခန်းအမှတ်(၂၅)တွင် တစ်ဦးတည်း
အဓိဋ္ဌာန်လုပ်ရင်း နေထိုင် ကာ ဗေဒင်ဟောဖြစ်ခဲ့တော့၏။
အဓိဋ္ဌာန်ကြီးမှာ ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် ပထမအဆင့် (၇)ထုံ (၃၄၃)ရက်
အောင်မြင်ပြီးမြောက်ခါ ခေတ္တနား၍ ကော့မစ်အား ဖြည့်တင်းဖြစ်ခဲ့၏။ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင်
ကျွန်ုပ်အဓိဋ္ဌာန်ကြီးအား ဆက်လက်ပြီး ဒုတိယအဆင့် (၇)ထုံ၊ (၃၄၃)ရက်ပြုလုပ်ဖြစ်ခဲ့ပြန်တော့၏။
၂၀၁၁ခုနှစ်၊ သြဂုတ်လ(၂၂)ရက်တွင် ကျန်းမာရေးဆိုးဝါးလာသောကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့
(၁၄)ရက် တက်ရောက်ကုသမှုခံယူကာ သဘောမနောလွန်စွာဖြူစင်ကြကုန်သော
ပါရဂူကြီး ဒေါက်တာ ဒေါ်မြင့်မြင့်စိန်နှင့် တာဝန်ကျ လက်ထောက်ဆရာဝန်များ၊
သူနာပြုဆရာမကြီး ဒေါ်ခင်သန်းနု၊ ဆရာမ ဒေါ်မြင့်မြင့်ကြူနှင့် ဆရာမ ဒေါ်အေးတို့၏ ပြုစုကုသ ပေးမှုကြောင့် ကျွန်ုပ်ကျန်းမာရေးမှာ ပြန်လည်ကောင်းမွန်လာကာ ဆေးရုံမှကျန်းမာစွာဆင်းခဲ့နိုင်သလို
အဓိဋ္ဌာန်ကြီးမှာလည်း လုံးဝကိုမပျက်ဘဲ အောင်မြင်စွာပြုလုပ်ဖြတ်သန်းနိုင်ခဲ့တော့၏။
ဆေးရုံဆင်းပြီးအနားယူနေချိန်မှာလည်း ကျွန်ုပ်အပေါ်တွင် မောင်နှမရင်းပမာ ဂရုစိုက်
ပြီး လက်ထောက်ဆရာဝန် ဒေါက်တာ နန်းခင်ဝတ်ရည်နှင့် ဒေါက်တာ ခင်ပြည့်စုံတို့မှာလည်း
အာရုံကြောအားတိုးဆေးများ ထိုးပေးခဲ့ သောကြောင့်ပင် သိသိသာသာကို ကျွန်ုပ်ကျန်းမာရေးမှာ
ထူထူထောင်ထောင်ဖြစ်၍ အလုပ်ပြန်လည် ပြုလုပ်နိုင်ခဲ့တော့၏။
လားရှိုးမြို့၏ ပြည်နယ်စည်ပင် အငြိမ်းစားအရာရှိဖြစ်သူ၊ လားရှိုးမြို့၊ သာသနာ၂၅၀၀ဆုတောင်းပြည့်စေတီတော်
ဂေါပကအတွင်းရေးမှူး ဦးလှကျော်မှာ ကျွန်ုအား ၄င်းဘုရားမှာ ဗေဒင်ဟောခန်းဖွင့်ရန်
တိုက်တွန်းအကြံပြုပြီး လိုအပ် သမျှ ဖြည့်ဆည်းပေးမှုကြောင့်ပင် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့တွင်
ကျွန်ုပ်ပြန်လည် ဗေဒင်ဟောဖြစ်ခဲ့ပါတော့၏။
ဤသို့နှင့်ပင် အဓိဋ္ဌာန်ကြီးမှာလည်း ပြုလုပ်ဖြတ်သန်းခဲ့ရာ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျွန်ုပ်၏
အဓိဋ္ဌာန်ကြီး သုံးချိုးနှစ်ချိုးခန့်ဖြစ်သော (၆၈၆)ရက်အောင်မြင်ပြီးမြောက်ခဲ့လေတော့၏။
ယခုဖော်ပြခဲ့သမျှမှာကားကျွန်ုပ်၏လတ်သလောလုပ်ဆောင်ဖြတ်သန်းမှူများသာဖြစ်၏။
……………………………………………………………………………………………………………………………………………………….
တစ်နေ့သော ညနေခင်းတစ်ခုတွင် ကျွန်ုပ်သည် လားရှိုးမြို့(တောင်ပေါ်ဘုရား)သာသနာ၂၅၀၀စေတီတော်
ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်းပင် ထိုင်ရင်း တွေးမိတွေးရာပင် တောင်စဉ်ရေမရသကဲ့သို့ တွေးတောနေမိတော့၏။
စီးကရက်များ တလိပ်ပြီးတလိပ် ရှိုက်ဖွာရင်းနှင့်ပင် အချိန်တို့သည် ကုန်မှန်းမသိ ကုန်လွန်ချင်တိုင်း ကုန်လွန်နေလေ၏။

ကျွန်ုပ်၏ဘ၀ဖြစ်စဉ်တို့အားအသေအချာပြန်လည်ကာတွေးကြည့်လိုက်လျှင်ဖြစ်စဉ်
တချို့မှာကားလွန်စွာကိုပင်ဆန်းကြယ်နေ၏။
ကျွန်ုပ်ဘ၀သည်လွန်စွာမှကိုပင်ဖြစ်စဉ်များသည်ကားအစွန်းနှစ် ဘက်မှာပင်ဖြစ်ပေါ်တည်ရှိနေတတ်၏။
လွန်စွာမှ အောင်မြင်မှူများရရှိခဲ့သည်များရှိသလိုလွန်စွာမှလည်းဆုံးရှူံးမှူတို့သည်ကားဖြစ်ခဲ့ဘူးလေ၏။
လွန်စွာကိုပင်ပျော်ရွှင် ကြည်နူးဖွယ်တို့ရရှိခဲ့သလိုလွန်စွာမှကိုလည်းကြေကွဲဆို့နင်
့မှူတို့သည်လည်းရရှိခံစားခဲ့ရလေ၏။
လွန်စွာသြဇာရှိခဲ့သည်
ဟုပြော၍ရသောအချိန်ကာလတို့အားဖြတ်သန်းခဲ့ရဘူးသလို ကျွန်ုပ်ပြောသောစကားမှန်
သမျှအားမည်သူကမျှအရေးမထားခဲ့သောအချိန်ကာလတို့သည်လည်းကျွန်ုပ်ဘ၀တွင်ရှိခဲ့ဘူးတော့၏။
လွန်စွာမှချမ်းသာလှသည်ဟုပြောလျှင်ပြော၍ရ သောအချေအနေမျိုးလည်းကျွန်ုပ်
ဘ၀ဖြတ်သန်းမှူတွင်၇ှိခဲ့ဘူးသလိုကုန်းကောက်စရာ
ကိုပင်မ၇ှိလောက်အောင်လဲဆင်းရဲမွဲသေခဲ့ဘူးတော့၏။
လူတချို့သည်ကျွန်ုပ်အားလွန်စွာသဘောမနောကောင်းလှသည်
ဟုပြောနေသည်များရှိခဲ့ရသလိုလွန်စွာသဘောထားဆိုးသူကြီး
ဟုလည်းလူတချို့တို့ပြောဆိုသည်မှာလည်းရှိခဲ့ဘူးတော့၏။
လွန်စွာကျွန်ုပ်အားချစ်ကြသူတွေရှိခဲ့
သလိုကျွန်ုပ်နာမည်မကြားချင်လောက်အောင်ကိုပင်မုန်းတီးသူများလည်း
ကျွန်ုပ်ဘ၀တွင်ရှိခဲ့ဘူးကြောင်းကိုကောင်းစွာကိုပင်ကျွန်ုပ်မှာသိရှိခဲ့ရလေ၏။

ကျွန်ုပ် ၏ငယ်စဉ်ဘဝဖြစ်စဉ်တချို့အားတွေးတောမိလျှင် လွန်စွာမှပင် အသည်းနာစရာများကိုပင်ခံစားမိခဲ့တော့၏။
ငယ်စဉ်ကာလ ကလေးသာသာ ဘဝလေးမှ စ၍ပင် လူကြီးတန်းတူ အလုပ်တွေကို မနိုင်မနင်းလုပ်ခဲ့ရ၏။
သူတပါး တိုင်းတပါးနယ်တွင် ဟိုလူမျက်နှာကြည့် ဒီလူမျက်နှာရိုသေ၊ ဟို့လူ့ကြောက် ဒီလူရွံ့ ခဲ့ရတော့၏။
အချုပ်အခြာအာဏာစိုးမိုး၍ ကမ္ဘာ့အလယ်တွင် ကြီးမြတ်ထည်ဝါစွာ ရပ်တည်နေသည်ဟုဆိုသည့် ဂန္ဓာဟရာဇ်
တိုင်းကြီးမှာတော့ ကျွန်တော့အတွက်တော့ လွန်စွာမှပင် တရားမှုကင်းမဲ့သည့် တရားမဲ့နယ်မြေတစ်ခုလို့ပင် ထိုစဉ်ကာလမှာ ထင်ရောင်ထင်မှားဖြစ်ခဲ့ရတော့၏။ နေ့အခါတွင်လည်း နေ့ဘက်ဆိုင်ရာ လူတချို့ကို ကြောက်ခဲ့ရသလို ညဘက်တွင်လည်း
ညဘက်ဆိုင်ရာ ညငှက်များကို ကြောက်ခဲ့ရလေတော့၏။ လူမိုက်ရိုင်းများကဲ့သို့ရှိ၏။ ၄င်းတို့ကို ကျွန်ုပ်မှ အဖွဲ့မှသြဇာရှိသူ
သုံးယောက်ခန့်ကို ကျွေးမွေးအရက်တိုက်၍ ပေါင်းထားရ၏။ တဖန် ကင်းလှည့်သည့် ပတ်တရောင်ရဲများလည်းရှိပြန်၏။
၎င်းတို့မှာလည်း ကျွန်ုပ်လို လမ်းနံဘေး အဖီအခန်းကျင်းလေးငှားနေရသူ မြန်မာနိုင်ငံသားများဆိုလျှင်
သူတို့စိတ်ထင်သလို လုပ်၏။ မသင်္ကာဘူးဆိုပြီး ဖမ်းချင်ဖမ်း၏။ အချုပ်ချ၏။ ဒဏ်ငွေဆောင်ရတတ်၏။
တခါတရံတွင်လည်း မူးယစ်ဆေးနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုတတ်ကြ၏။ ဆီးချက်ချင်းသွားခိုင်း၏။
ပြီးလျှင်စစ်၍ မူးယစ်ဆေးသုံးသည်ဟုယူဆလျှင် ခေါ်ဆောင်သွား၏။ အရေးယူထောင်ချမှုကိုတော့မပြု။
အစိုးရမှ တာဝန်ယူဆေးဖြတ်ပေး၏။ အကယ်၍များ မူးယစ်တမျိုးမျိုး လက်ဝယ်စစ်ဆေးတွေ့ရှိခဲ့လျှင်တော့
တရားဥပဒေနှင့်အညီ ပြုလုပ်ကြ၏။

ထိုစဉ်ကာလတွင် ဒုက္ခဟူသည့် အရာကြီးသည် ကျွန်ုပ်၏ ဇနီးသည်တစ်ဦးလိုပင် အနားမှာအစဉ်ရှိနေတော့၏။
ညစဉ် မိခင်ဖြစ်သူအား တမ်းတ၍ ချစ်မေတ္တာတို့နှင့် ထွေးပွေ့ယုယခဲ့မှုတွေအား ပြန်လည်၍
ရချင်လွန်းလှသလို ဖခင်ဖြစ်သူ၏ လုံခြုံခိုင်မာစွာအားကိုးဖွယ်အမှန် ဖခင်မေတ္တာအားလည်း
မြင်ယောင်ကြားယောင်မိခဲ့တော့၏။
မျက်ရည်စို့စို့နှင့် ပင် ရင်တွင်းတွင် စူးစူးကြီးအောင့်နေသော ဝေဒနာတစ်ခုမှာလည်း
ဘယ်ဘက်ရင်အုံတွင်းတွင် ခံစားနေရတော့၏။ ငါ့ဘဝဟာ ဒုက္ခဆိုတဲ့အရာကြီးကိုဘဲပြောတာလား . . .
သုခဆိုတဲ့အရာဟာ ဘယ်သောအခါမှ ငါရမှာလည်း၊ ရရောရနိုင်ဦးမှာလား ... ဟုပင် အဖြေရှာ၍
မည်သို့မျှပင်မရခဲ့သော ထွက်ပေါက်ဟူ၍ ရှာလေပိတ်လေ ဒုက္ခဝင်္ကပါအတွင်းဝယ် ရောက်၍နေတော့ သလိုပင် ဖြစ်ခဲ့ရတော့၏။
နံနက်(၄)နာရီထိုးတာနဲ့ထရ၏။ သန့်စင်မှုများကို လမ်းထောင့်ရှိရေကန်တစ်ခုနံဘေးတွင် မျက်နှာသစ်၊ သွားတိုက် ရ၏။
ပြီးလျှင် အများသုံးရေအိမ်သို့သွားရ၏။ အမျိုးသားတစ်ခု၊ အမျိုးသမီးတစ်ခုထားရှိ၏။
တံခါးလုံးဝမရှိ၊ တစ်ဦးနှင့်တစ်ဦး အကြားတွင် နံရံအကန့်များတော့ရှိ၏ ရောက်ခါစကတော့
ကျွန်ုပ်သည် ရှက်နေ၍ပင် ထိုအလုပ်ကြီးလုပ်နိုင်ရန်အတွက် အချိန် အတော်ပင်ပေးနေရ၏။
ထို့ကြောင့် အလုပ်တွင်နောက်ကျပြန်၏။ တဖြေးဖြေးနှင့် အရှက်စိတ်တို့သည် ရိုးသွားတော့ ပျောက်သွားလေ၏။
ကျွန်ုပ်အလုပ်လုပ်သည့် ဓါတ်ပုံဆိုင်သို့ နံနက်(၅း၀၀)နာရီအရောက်သွားရ၏။
ပြီးလျှင် အလုပ်နှင့်လက် မပြတ် ဓါတ်ပုံပစ္စည်းများကို မနိုင်မနင်း တင်ရချရ၏။
အလုပ်များ မနားတမ်းပင် နေ့ခင်း(၂း၀၀)နာရီအထိ ပြုလုပ်ရတော့၏။
နံနက်ခင်း(၈း၀၀)နာရီတွင်တော့ အလုပ်ရှင်မှ ဆန်ပြုတ်တစ်ခွက်နှင့် အီကြာကွေးတစ်ချောင်းကျွေး၏။
ထိုအာဟာရဓာတ်လေး နှင့်ပင် ကျွန်ုပ်နေ့ခင်း(၂း၀၀)နာရီအထိခံအောင် တင်းတိမ်၍နေရတော့၏။
အလုပ်မှပြန်ရပြီဖြစ်၍ နေ့လည်စာအဖြစ် ထမင်း ဝယ်၍စား၏။ မြန်မာနိုင်ငံမှ ဗမာအဖွားကြီးတစ်ဦးဖွင့်ထားသည့်
မြန်မာထမင်းဆိုင်တွင် အမြဲလို ဝင်၍စား၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်အတွက်(၂၄)
နာရီလုံးစာ ထမင်းဟူသောအရာ ဟင်းဟူသောအရာနှင့် စားရသည်ဖြစ်ရာ ကျွန်ုပ်တတ်နိုင် သော
ငွေကြေးနှင့် အဆင်အပြေဆုံးဖြစ်သောကြောင့်ဖြစ်၏။ ၄င်းဗမာအဖွားကြီးသည် ငွေရှိသော ကျောက်ပွဲစား
မြန်မာနိုင်ငံ သားများဆိုလျှင် လွန်စွာဧည့်ဝတ်ကျေ ၏။ ကျွန်ုပ်သွားလျှင်တော့ သူ့ဆိုင်၏
အလုပ်သမားတစ်ယောက်အား ထမင်းစားချိန် အစအဆုံးထိုင်၍ ကြည့်ခိုင်းတတ်၏။
နှုတ်မှလည်း ဒီရွှေလီကိုရောက်နေတဲ့ ဗမာပြည်ကလူတွေက ဘဝ ပျက်ရင် ခိုးကြတာတွေချည်းဘဲဟု ပြောတတ်သေး၏။
ကျွန်ုပ်အား လစ်ရင်ဒီကောင်ခိုးမှာဆိုပြီး သူ၏ထမင်းဆိုင် နေ့စဉ်စား ဖောက်သည် ကိုယ့်မြန်မာနိုင်ငံသား အချင်းချင်းကိုပင် တိုင်းတပါးနယ်တွင် ဖေးမကူညီဖော်မရ၊ စော်ကားမော်ကားပြုပြီး သူခိုး အဖြစ် စွတ်စွဲနေခြင်းဖြစ်တော့၏။
ထိုစဉ် ၄င်းဗမာမကြီးဆိုင်တွင် ထမင်းတနပ်စားစရိတ်မှာ တရုတ်ယွမ်ငွေ ငါးကျပ်နှင့် ဝအောင်စား၍ရသောကြောင့်သာ
ကျွန်ုပ်မှာ နေ့စဉ်နှင့်အမျှ စိတ်ဒုက္ခခံ၍ပင် နေ့လည်စာကို စားနေရခြင်းဖြစ်တော့၏။ နေ့စဉ် ကျွန်ုပ်အား
စောင့်ကြည့်ခိုင်းထားသော ထမင်းဆိုင်အလုပ်သမားထဲတွင် နန္ဒာဆိုသည့် အသက်(၁၈)နှစ်ခန့် အပျိုမလေးရှိ၏။
သူမသည် မကွေးသူလေးပင်ဖြစ်လေ၏။ သူမသည် မပြင်မဆင်နှင့်ပင် ထမင်းဆိုင် အောက်ခြေသိမ်းအလုပ်သမလေးအဖြစ်
မြင်နေရခြင်းမှာပင် ကြည့်၍လွန်စွာကောင်း၏။ လှသည်ဟုပြောရမလားမသိ၊ မျက်စိထဲတွင်စွဲ၍နေတတ်၏။
ကျွန်ုပ်ကိုလည်း သူ၏ထမင်းဆိုင်ရှင် အဖွားကြီးအလစ်တွင် ဟင်းများ တမျိုးပြီးတမျိုး ပို၍ခပ်ထည့်ပေးတတ်သေး၏။
ကျွန်ုပ်ကတား၏။ “မလုပ်ပါနဲ့ မနန္ဒာ . . . တော်ကြာ အဖွားကြီးသိရင် အစ်မ အလုပ်ထုတ်ခံနေရဦးမယ်”
ဟုပြော၍တားသော်လည်းမရ။ ကျွန်ုပ် အား မကြာခဏ နှုတ်ခမ်းစူပြီး သူလုပ်ချင်တာလုပ်မည်ဟူသည့်ပုံမျိုးနှင့်
စေတနာလိုလို အကြင်နာလိုလိုဟာမျိုးကို မကြာ ခဏအပေးခံရလေတော့၏။
ထိုသို့်ကျွန်ုပ်မှာ နေ့လည်စာ ထမင်းစားပြီးလျှင် ကျွန်ုပ်အိပ်ခန်းရှိရာ အဖီလေးဆီသို့ တခဏမျှသွား၍နား၏။
ပြီးလျှင် မြန်မာနိုင်ငံမှလာသည့် ဆင်ဆင်တံဆိပ်ပတ် ဆေးပေါ့လိပ်ကို ထက်ဝက်ခန့်သောက်၏။
ပြီးလျှင် ကျွန်ုပ်၏ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကိုမူ ကလေးသာသာရှိသည့် ဦးနှောက်နှင့်စဉ်းစားတတ်တော့၏။
တခါတရံတွင်လည်း ထမင်း ဆိုင်မှ မနန္ဒာ၏အကြောင်းကိုတွေး၍မိလေ၏။
အခုအချိန်များကွာ ငါသာ ဒီရွှေလီမြို့ကြီးမှာ မြန်မာလောပန်း(သူဌေးကြီး) တစ်ယောက်သာဖြစ်ခဲ့ရင်တော့
င့ါကို ချစ်ကြ၊ ကြိုက်ကြ၊ အရေးလုပ်ကြတဲ့မိန်းမတွေ ကြင်နာချင်ယောင်၊ စေတနာထားချင်
ယောင်ဆောင်နေကြတဲ့ မိန်းမတွေဟာ လူမျိုးပေါင်းစုံထဲကကို ရှိနေမှာသေချာတယ်၊
ငါ့ကိုမြင်တာနဲ့ “ကိုဝေလင်း … ကိုဝေလင်း”ဆိုပြီး ငါ့နားမှာ ဝိုင်းဝိုင်းကိုလည်နေကြမှာဘဲ၊
အခုအချိန် လက်တွေ့ငါ့ဘဝဟာ ခိုင်းနှိုင်းစရာမရှိလောက်အောင် နိမ့်ကျနေတော့ ဘယ်သူကမှ၊
ဘယ်မိန်းမပျိုလေးကမှ ဆေးဖော်ကျောဖက်မလုပ်ကြဘူး၊ လမ်းသွားရင်းနဲ့ ခွေးတစ်ကောင်
တွေ့ရင်တောင် ဂရုစိုက်ကြဦးမယ်၊ ဒါပေမဲ့ ငါ့ကိုတွေ့ရင်တော့ ဘယ်သူမှ အရေးမစိုက်ကြဘူး၊
အဲ့ဒါဘာလို့လည်းဆိုတဲ့ အဖြေကိုရှာရင်လည်း ငွေမရှိလို့ဆိုတာကို အဓိကသော့ချက်ဘဲဖြစ်နေတယ် . . .။
အဲ့တော့ ငွေဆိုတာကို ငါရအောင်ရှာမယ် မရရအောင်ရှာမယ်၊ ငွေရှာတယ်ဆိုတာက ပညာနဲ့ဗဟုသုတဆိုတာလည်း
သိပ်ကိုအရေးကြီးတယ်လို့ ငါလားရှိုးမှာ ဓါတ်ပုံ ပညာသင်ခဲ့တုန်းက ငါ့ဆရာသမားဖြစ်တဲ့
ကိုဆွေကြီးနဲ့ ကိုဆွေသက်က ပြောခဲ့ဘူးတယ်၊ အဲ့တော့ ငါငွေရှာရင်း ဆရာရှာမယ်၊ ပညာကောင်းရှာမယ်၊ ပြီးတော့ ငါတို့မြန်မာပြည် ဈေးဆိုင်တွေ တော်တော်များများမှာကပ်ထားတဲ့စာတွေထဲက စာတစ်ကြောင်းကို ငါလိုက်နာရမယ်၊
ငွေရှာဖို့ထက် ချွေတာဖို့ကအဓိကဆိုတဲ့ စာကြောင်းကိုလိုက်နာမယ်၊ ငါရှာလို့ရတဲ့ငွေတွေကို သေချာ
စည်းကမ်းနဲ့သုံးမယ်၊ အတတ်နိုင်ဆုံးချွေတာမယ်ဟု တစ်ကိုယ်တည်းပင် လေးလေးနက်နက်စဉ်းစားတွေးတောရင်း
ကြုံးဝါးကြွေးကျော် လိုက်မိတော့၏။
ကျွန်ုပ်၏ဘ၀သည်ကားယခင်လားရှိုးတွင်ဓါတ်ပုံစတင်ရိုက်နေစဉ်အချေအနေနှင့်ရှင်လျှင့််ဆန့်ကျင်ဖက်ကို ပင်ကွာခြားသည့်
ဘ၀သို့ရောက်ရှိသွားခဲ့လေခြင်းသာဖြစ်တော့၏။တရားကျစရာပင်ကောင်းသလိုကျွန်ုပ်၏ဘ၀ကိုလည်း ကျွန်ုပ်မကျေ မနပ်ပင်ဖြစ်ချင်လှ၏။မည်သို့ပင်ဆိုစေလောကဒါဏ်ကိုခံ၍ကျွန်ုပ်ဘ၀ကိုအတတ်နိုင် ဆုံးကောင်းမွန်အောင်မြင်အောင်
ကျိုးစားစွမ်းဆောင်မည်ဟုအားတင်းကာရှင်သန်ဖြတ်သန်းခဲ့တော့၏။
ညနေ တရုတ်နာရီ(၃)နာရီခွဲ၊ မြန်မာစံတော်ချိန်(၂)နာရီခန့်တွင် ကျွန်ုပ် ညနေအချိန်ပိုင်း အလုပ်လုပ်ရသည့်
တရုတ် အရက်ဆိုင်သို့ သွားရတော့၏။ ကျွန်ုပ်အတွက် ညနေစာကို ထိုဆိုင်မှပင်ကျွေး၏။ သို့သော်လည်း ထမင်းကျွေးခြင်းမဟုတ်။
၎င်းဆိုင်တွင်ရောင်းသည့် အရက်အမြည်းဖြစ်သော မြေအိုးအသားပြုတ်နှင့် ဂျုံခေါက်ဆွဲတစ်ပွဲစီမျှသာဖြစ်၏။
ကျွန်ုပ်မှာ ထိုအရက်ဆိုင်တွင်လုပ်ရသည့် လုပ်ငန်းတာဝန်မှာ စားပွဲထိုးလည်းမဟုတ်၊ ပန်းကန်ဆေးလည်းမကျ၊
ငွေရေငွေစစ်ဟုပြော လည်းမဖြစ်နိုင်၊ စားဖိုမှူးလို့ပြော၍လည်း ကျွန်ုပ်အသက်အရွယ်နှင့်မရ၊
ထို့ကြောင့် ထိုဆိုင်၌ ကျွန်ုပ်၏ လုပ်ငန်းတာဝန်မှာ လိုအပ်နေသော လစ်ဟင်းနေသောနေရာတွင်ဝင်၍
၎င်းအလုပ်ကို ဖြည့်ဆည်းပေးရသူသာဖြစ်တော့၏။ ထိုဆိုင်သို့အရောက် တွင် ကျွန်ုပ်ထူးထူးခြားခြား
လုပ်ဆောင်ရသောအလုပ်တာဝန် တစ်ခုတော့ရှိ၏။
ထိုလုပ်ငန်းတာဝန်ကိုတော့ ထိုဆိုင်ကို ကျွန်ုပ် စတင် ဝင်ရောက်အလုပ်လုပ်သည့်နေ့ကပင်စ၍ လုပ်ခဲ့ရ၏။
ထိုအရက်အမြည်းဆိုင်တွင် ကျွန်ုပ်အလုပ်ဆင်းခဲ့သော ကာလ တလျှောက်လုံးတွင်လည်း နေ့စဉ်ပင်ပြုလုပ်ခဲ့၏။
ထိုအလုပ်က ညနေဆိုင်ဖွင့်ချိန်တွင် ထိုဆိုင်ဘုရားစင်တွင် ပြုံးရွှင်ရယ်မော နေသော တရုတ်သိဒ္ဓိရှင်ကြီးရုပ်ထုကို
ဖယောင်းတိုင်အနီ(၂)တိုင်၊ အမွှေးတိုင်(၃)တိုင် ပူဇော်ကန်တော့ပေးရခြင်းဘဲဖြစ်တော့ ၏။
ဘုရားစင်တွင် သစ်သီးများကပ်လှူထားခြင်း ရက်စေ့၍ ပြန်လည်စွန့်လျှင်လည်း ကျွန်ုပ်မှာစားရ၏။
ထိုစဉ်ကာလမှာ ကျွန်ုပ်သည် ထို တရုတ်သိဒ္ဓိရှင်လူဝကြီးရုပ်ထု၊ မြန်မာတို့မှ အန်းကုန်းဘိုးဘိုးကြီးဟု
ခေါ်ဝေါ်ကြသလို တရုတ်များမှာ မိလှိုင်ဖု(ဟ်)ခေါ် ရုပ်ထုကြီးကို ပူဇော်ခွင့်ရခဲ့ခြင်းကို ကျွန်ုပ်အနေနှင့်
ကောင်းစွာသဘော ပေါက်နားလည်ခြင်းမရှိခဲ့ပါ။ သို့သော်လည်း လွန်စွာမှ စိတ်ချမ်းသာ၏။
ငါ…တစ်နေ့ အောင်မြင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာဖို့၊ ငါဖြစ်ချင်တာတွေအားလုံးဖြစ်လာဖို့
ဒီတရုတ်သိဒ္ဓိရှင်ကြီး ကူညီပေးမှာလားဟုပင် ကိုယ့်ဟာကိုယ် ပြန်၍ မေးခွန်း ထုတ်မိ၏။
ရယ်လည်း အင်မတန် ရယ်ချင်၏။ စိတ်ထဲတွင်လည်း ပျော်သလိုလို ခံစားနေမိ၏။
ကျွန်ုပ်အတွေးတွင် ဖတ်ကနဲ အတွေးတစ်ခုပေါ်လာ၏။
ငါ့အနေနဲ့လိုချင်တာ၊ ဖြစ်ချင်တာ၊ လက်ရှိအချိန်မှာ ချက်ချင်းလည်းဖြစ်နိုင်တာ၊ ပြီးတော့
လက်ရှိ င့ါ အခြေအနေနဲ့လည်း ငါဘယ်လိုမှ မလုပ်နိုင်တဲ့၊ လုပ်နိုင်စွမ်းမရှိတာတစ်ခုကို
ငါ ဒီတရုတ်သိဒ္ဓိရှင်ကြီးဆီမှာ ယုံယုံကြည်ကြည်နဲ့ တောင်းကြည့်မယ်ကွာ၊
ငါနဲ့ တကယ် ပဋ္ဌာန်းဆက်ပါတယ်၊ ဒီသိဒ္ဓိရှင်ကြီး င့ါကို တကယ်ကူညီပေးမယ်၊
ကူလည်း ကူညီပေး နိုင်တယ်ဆိုရင် ငါ့ရဲ့တောင်းဆိုမှုရမှာဘဲဟုပင် အတွေးပေါ်လာမိ၏။
ထိုနေ့ချက်ချင်းပင် ကျွန်ုပ်အလုပ်လုပ်ရင်း မည်သည့် အရာကို တောင်းဆိုရမည်နည်းဟုပင် တစ်ယောက်တည်း တွေးနေမိတော့၏။
ကျွန်ုပ် ညပိုင်းဆိုင်ပိတ်ခါနီးတွင် ကျွန်ုပ်ဟာ တရုတ်သိဒ္ဓိရှင် အန်းကုန်းဘိုးဘိုးကြီးဆီ
လာတောင်းဆိုရမည့်အချက်ကို ကောင်းစွာတွေးတောအကြံရတော့၏။
ထိုစဉ်က တရုတ်နိုင်ငံတွင် လူတိုင်စေ့ လက်ကိုင်ဖုန်းဟူ၍မရှိ။ အတော်လေးချမ်းသာတဲ့ သူဌေးပေါက်စဖြစ်မှသာ ဝယ်၍ကိုင်နိုင်သော ခေတ်အချိန်သာဖြစ်၏။ လက်ကိုင်ဖုန်းများမှာလည်း ယခုခေတ်လို အမျိုးအစား များများစားမရှိ။ “ပါပယ်ကျောင်”ဟုခေါ်သည့် CDMA 800 အား လက်ကိုင်ဖုန်းရှိ၏။ လိုင်းဖုန်းဟုခေါ်သည့် ကဒ်မပါသော ဆယ်လူလာဖုန်း ပုံမျိုးနည်းတူရှိ၏။ GSM မှာ စ၍ပေါ်နေပြီဖြစ်သော်လည်း လွန်စွာချမ်းသာသူ တရုတ်လောပန်းကြီးများသာ ကိုင်နိုင်၏။
ကျွန်ုပ်သည် အန်းကုန်းဘိုးဘိုးကြီးထံတွင် ဟန်းဖုန်းတောင်းဆိုမည့်အကြံရခြင်းပင်ဖြစ်၏။ ထိုနေ့ ဆိုင်မှပြန်ခါနီးတွင် အမွှေးတိုင်သုံးတိုင်မီးညှိပြီး အန်းကုန်းဘိုးဘိုးကြီးထံတွင် ရိုသေစွာ တရုတ်နည်းဟန်အတိုင်း ဂါရဝပြုကန်တော့ပြီး ဤသို့ တောင်းဆိုမိတော့၏။ “တရုတ်သိဒ္ဓိရှင်ကြီးဘုရား . . . သားဝေလင်း တစ်ခုတောင်းဆိုလျှောက်ထားခွင့်ပြုပါဘုရား . . . ယနေ့ညလွန်မြောက် မနက်ဖြန် ဤဆိုင်သို့ သားပြန်ရောက်သည့်အချိန် အန်းကုန်းဘိုးဘိုးကြီးကို နေ့စဉ်ပုံမှန် ပူဇော်သကဲ့သို့ ပူဇော်ချိန်မှာပင် သားဝေလင်းရဲ့ လိုအပ်ချက်တစ်ခုကို တောင်းပါရစေဘုရား . . . မနက်ဖြန်မှစ၍ တောင်းဆိုခွင့်ပြုပါ”ဟု အလေးအနက်ပင် တိုင်တည်လိုက်၏။ ထို့နောက် ထပ်မှန်၍ တစ်ကြိမ်ဂါရဝပြုကန်တော့၏။ ဤကဲ့သို့ ကျွန်ုပ်ပြုလုပ်နေ ခြင်းအား ဆိုင်ရှင်ဖြစ်သူ တရုတ်အဘိုးကြီးမှာ ရေနွေးကြမ်းသောက်ရင်း ပြုံး၍ကြည့်နေ၏။ ထိုတရုတ်အဘိုးကြီးမှာ မြန်မာ စကားကောင်းစွာပြောတတ်သူဖြစ်၏။ သို့သော်လည်း ပီသမှုတော့မရှိ။ လွန်စွာဝဲနေ၏။ “မြန်မာစကား မတတ်လို့မဖြစ်ဘူး၊ မပြောလို့မဖြစ်ဘူး”ဟူသည့် အခြေအနေမျိုး ၄င်းအဖိုးကြီးဘဝတွင် ကြုံတွေ့ခဲ့သောကြောင့် မတတ်တတ်အောင် သင်ယူ ပြောကြားမှန်းကို ကျွန်ုပ်ကောင်းစွာရိပ်စားမိတော့၏။ မည်သို့ပင်ဆိုစေ ကျွန်ုပ် ဤသို့ပြုလုပ်ခြင်းမှာ ကောင်းသောပြုလုပ်မှု တစ်ခုဖြစ်၏။ ကျွန်ုပ်အနေနှင့် ဆိုင်ရှင်အဘိုးကြီးအား ခွင့်မတောင်းဘဲ ပြုလုပ်လိုက်ခြင်းဖြစ်၏။ ကျွန်ုပ်အားလည်း ဆိုင်ရှင် အဖိုးကြီးမှာ ဘာမှမပြော၊ အသာပြုံး၍သာကြည့်နေ၏။ ကျွန်ုပ်သည် အိမ်ပြန်ရန် ခွင့်တောင်းနှုတ်ဆက်၍ ကျွန်ုပ်နေထိုင် အိပ်စက်ရာ အဖီလေးရှိရာဆီသို့ ပြန်ခဲ့မိတော့၏။
ထိုနေ့ည အိမ်ပြန်ရသည်မှာ ကျွန်ုပ်၏စိတ်တွင် တစုံတရာထူးခြားနေ၏။ ခါတိုင်းညတွေပြန်လျှင် ကျွန်ုပ်၏စိတ်သည် အမြဲလိုလို သတိထားနေသောစိတ်သည် ရှိနေ၏။ လူမိုက်အဖွဲ့နှင့်တွေ့လျှင် မည်သို့ပြောမည်၊ တရုတ် ပတ်တရောင်ရဲနှင့် တွေ့လျှင် မည်သို့ဆိုမညစသဖြင့် အမြဲသတိထားပြီးပြန်တတ်၏။
ထိုနေ့ညမှာတော့ ကျွန်ုပ်မှာ မည်သည့်အရာကိုမှ စိုးရိမ်ခြင်း၊ ကြောက်ရွံ့သတိထားနေခြင်းစိတ်မျိုးမရှိ၊ ကျွန်ုပ်တွင် အလွန်အင်မတန်မှ အားကိုးလောက်သည့်သူ တစ်ဦးပါနေသလိုခံစားရ၏။ ဤသို့ ကျွန်ုပ်၏စိတ်မှာဖြစ်နေခြင်းကို ကျွန်ုပ်ဟာ ကျွန်ုပ်ပြန်၍ သတိထားမိရာတွင် ကျွန်ုပ်ကို သဒ္ဓိရှင်ကြီး အန်းကုန်းဘိုးဘိုးကြီးမှာ တကယ်ကိုဘဲ စောင့်ရှောက်နေပြီဆိုတာကို ကောင်းစွာသိလိုက်ရတော့၏။ အန်းကုန်းဘိုးဘိုးကြီးကို အလွန်ကိုလည်း အားကိုးမိသွားတော့၏။ ယုံကြည်စိတ်မှာလည်း အခိုင်အမာပင် တည်ရှိသွားပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်ဘဝရှေ့ရေးဟာ ကျွန်ုပ်အနာဂါတ်ဟာ ကျွန်ုပ်လိုချင်တဲ့ “သုခ”တွေကို အန်းကုန်းဘိုးဘိုးကြီး အကူအညီ၊ ကြည့်ရှုစောင့်ရှောက်မှု၊ လမ်းပြမှုတွေနဲ့ ရအောင်ယူမယ်၊ ဖြစ်အောင်လုပ်မယ်၊ ရောက် အောင်သွားမယ်ဟုပင် တစ်ကိုယ်တည်း ကြုံးဝါးမိလိုက်လေတော့၏။


ဆက်လက်ဖော်ပြပါဦးမည် . . . ။


မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်