“အောင်ကောင်းမွန် ကမ္ဘောဇ LIBRARY”အောင်ကောင်းမွန်(လားရှိုး)


တနေ့သ၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန်၊ ရန်တိုင်းအောင်ဘုရားအနီး၊ရွှေလီရတနာရပ်ရှိနေအိမ်သို့ အသက်(၅၀)ခန့် ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ၄င်းအမျိုးသမီးကြီး၏ အမည်မှာ ဒေါ်အုန်းမြင့်ဟူ၍ဖြစ်ပြီးကျွန်ုပ်ငယ်စဉ်နေထိုင်ခဲ့ဖူးသောရပ်ကွက်အတွင်းတွင် ရင်းနှီးခင်မင်စွာ အိမ်နီးနားခြင်းနေခဲ့ဖူးသူဖြစ်၏။ ကျွန်ုပ်ထံသို့ မကြာခဏ အလည်အပတ်လာတတ်သလို အေးဆေးစွာ စကားစမြည်ပြောပြီး နေ့လည်စာ စားပြီးမှပြန်တတ်လေ၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နေ့လည်စာအတွက် ပြုလုပ်စီမံရလေတော့၏။

ဂျုံနု(၇၅)ကျပ်သားအား ဆားသင့်တော်ရုံထည့်၍ ရေအနည်း ငယ်ထည့်ကာ ပလာတာမုန့်များပြုလုပ်ရာတွင် ဂျုံလုံးသကဲ့သို့ လုံးရလေ၏။ (၁၀)မိနစ်ခန့် နှံ့နေအောင် ဂျုံအားထိုးပြီးလျှင် ရေစိုအဝတ်နှင့် မိနစ်(၂၀)ခန့် အုပ်၍ထားရ၏။ ပြီးလျှင် ၄င်းဂျုံလုံးအား ဇလုံတစ်ခုတွင်းတွင် ရေတစ်နာရီခွဲခန့် စိမ်ထား လိုက်၏။ ဆက်လက်၍ ပဲပြားခြောက်များအား ဆီပူတွင်
ကြော်၏။

ပြီးလျှင် မုန်ညင်းဖြူဟင်းချိုရည် တစ်ခွက်စီမံကာ ၄င်းကြော်ထားသော ပဲပြားများကို အနည်းငယ်ချွေ၍ ဟင်းချိုပေါ်တွင် ဖြူးထည့်ထားလိုက်၏။ အသင့်ဂျုံလုံးအား တစ်နာရီခွဲ ခန့် ရေစိမ်ပြီးပြီဖြစ်၍ ဂျုံနစ်စစ်စစ်သာကျန်သော ဂျုံလုံးသာချန်ထား၍ ကျန်အရည်များအားလုံးကို သွန်ထုတ်ပစ်ရ၏။ ထိုဂျုံနစ် စစ်စစ်ကို သင့်တော်ရုံပြားကာ ငါးမူးလုံးခန့်ရှိသော ဝါးစိမ်းလုံးပေါ်တွင်ပတ်၍ ပွက်ပွက်ဆူသော ရေအတွင်းတွင် ဂျုံကွင်း အလိပ်လိုက်ထည့်၍ ပြုတ်ရ၏။ ဆယ်မိနစ်ခန့်ပြုတ်လျှင် ၄င်းဂျုံနုသည် အသင့်စား၍ရသော သတ်သတ်လွတ် အသားတု တစ်မျိုးအဖြစ် ရလေ၏။ ၄င်းပြုတ်ပြီးဂျုံနုကို အသားတုံးများသဖွယ် အကွင်းလိုက်လှီး၍ ကုန်းဘောင်ကြော်တစ်ခွက် စီမံရ၏။

ပြီးလျှင် ၄င်းအသားတုနှင့်ဘဲ ကြက်သွန်နီများ အကွင်းလိုက်လှီး၍ အကောင်းစားငရုတ်ဆီတစ်မျိုးထည့်ကာ အသားတုအချဉ် သုပ်တစ်ခွက် စီမံရပြန်၏။ထို့နောက်အသင့် အစဉ်ပြုလုပ်ထားသော ပဲငံပြာရည်တို့စရာဖြင့် စလတ်ရွက်များ၊ သခွားသီးစိမ်းများ၊ မြင်းခွာရွက်များဖြင့် ဒေါ်အုန်းမြင့်အား နေ့လည်စာအဖြစ် တည်ခင်းကျွေးမွေးဖြစ်တော့၏။ ကျွန်ုပ်ကိုယ်တိုင်လည်း ဝင်၍စား၏။ ဒေါ်အုန်းမြင့်သည် ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ထားသော သတ်သတ်လွတ်ဟင်းလျာများအား မြိန်ရှက်စွာစားသောက်ရင်း နှင့်ပင် ဤသို့ဆိုလေ၏။

“မောင်ဝေလင်းက အခု သတ်သတ်လွတ်စားနေတာလား . . . ?” “ဟုတ်တယ်ဒေါ်အုန်းမြင့် . . . ကျွန်တော်က အသက်(၁၉)နှစ်အရွယ်ကတည်းက သတ်သတ်လွတ် ရက်ရှည်စားတဲ့် အဓိဋ္ဌာန် မကြာမကြာလုပ်ခဲ့ဖူးတယ်ဗျ . . . အခုတော့ အဓိဋ္ဌာန် ရှိသည်ဖြစ်စေ . . . မရှိသည်ဖြစ်စေ . . . သတ်သတ်လွတ်ဘဲ စားသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ . . . စားနေခဲ့တာ အတော်ကြာပြီဗျာ . . . 

အဲ့ဒါကြောင့်မလို့လည်း အသားငါးကို မကိုင်ချင်တော့ဘူး . . . ဧည့်သည်လာလို့ရှိရင်လည်း များတော့အားဖြင့် ဆိုင်ကဘဲ ဝယ်ကျွေးလိုက်တော့ တာဘဲ . . . ”ဟု ကျွန်ုပ်မှဆိုလျှင် ဒေါ်အုန်းမြင့်မှ ထမင်းစားလျှက်နှင့်ပင် သာဓုခေါ်လေ၏။ ပြီးလျှင် အချိုတည်းရန် အုန်းနို့ ကျောက်ကျောနှင့် ကျွန်ုပ်တပည့် ပရိတ်သတ်တစ်ဦးဖြစ်သော မဆန်မိတ် နှစ်သစ်ကူးလက်ဆောင်ပေးထားသော ပဲသစ်သီးဗူး များနှင့် သစ်သီးဖျော်ရည်တို့ကို ကျွေးမွေးဖြစ်လေ၏။ ဒေါ်အုန်းမြင့်သည် အုန်းနို့ကျောက်ကျောစားရင်းနှင့်ပင် ကျွန်ုပ်အား - “မောင်ဝေလင်း . . . ထူးထူးခြားခြားဘာတွေလုပ်နေတုန်း . . . ?” ဟုမေးလေ၏။

“အလုပ်တွေကတော့ လုပ်ရိုးလုပ်စဉ် အလုပ်တွေပါဘဲ . . . ဗေဒင်ဟောတယ် . . . နေ့ခင်းပိုင်းတွေမှာစာရေးတယ် ပြီးတော့ ညဖက်ဆိုလျှင် ကျွန်တော့ Internet Website တွေစစ်ဆေးတယ် . . . တင်စရာရှိတဲ့ Post အသစ်တွေတင်တယ် ပြီးတော့ ကျွန်တော် Admin လုပ်နေတဲ့ ဖူးစာရှင်လေး Website မှာ လိုအပ်တာလေးတွေ လုပ်ပေးဖြစ်တယ် . . . နေ့ခင်းပိုင်း တခါတလေဆိုလျှင်တော့ . . . မြို့ထဲမှာ ဟိုသတင်းလေး ဒီသတင်းလေး ထူးထူးခြားခြားရှိရင်တော့ . . . သွားစုံစမ်းပြီး ရေးဖြစ်ပါတယ် . . . အဲ … ဒါနဲ့ တစ်ခုတော့ ပြောရဦးမယ် . . . ကျွန်တော် Internet Website ပေါ်မှာ မြန်မာစာအုပ်တွေကို ရာစုနှစ်၊ ဆယ်စုနှစ်တွေနဲ့ခွဲပြီး ဖတ်ချင်တဲ့စာအုပ်ကို အမြန်ရှာဖွေပြီး ဖတ်လို့ရနိုင်တဲ့ အောင်ကောင်းမွန် ကမ္ဘောဇ Library တစ်ခုတော့ ကြိုးစားပြီးတည်ထောင်နေတယ်ဗျာ . . . ” ဟုဆိုလျှင် ဒေါ်အုန်းမြင့်မှာ အသေအချာပင် လေးလေးနက်နက် စဉ်းစားနေလေ၏။

“အဒေါ်ကတော့ . . . အဲ့ဒီ အင်တာနက်ဆိုတဲ့ အရာကြီးကို နားမလည်ပါဘူး . . . ဒါပေမဲ့ မောင်ဝေလင်းပြောသလို သာဆိုလျှင်တော့ . . . အခုမျိုးဆက်သစ် ကလေးတွေအတွက် စာအုပ်စာပေနဲ့ပတ်သက်လို့ ဟိုးအရင် လွတ်လပ်ရေးမရခင် ကာလကစပြီး ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကစပြီး ဒီနေ့ထုတ်တဲ့စာအုပ်တွေအထိ သိမ်းဆည်းရမှာ၊ စုတ်မှာပြဲမှာ၊ ရှာဖွေဝယ်ငှား ရမှာမဟုတ်ဘဲ ကွန်ပျူတာရှေ့ကလေးမှာတင်ထိုင်ပြီး ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို အလွယ်တကူဖတ်လို့ရမယ်ဆိုတဲ့သဘော ပေါ့ ဟုတ်သလား မောင်ဝေလင်း”ဟုမေးလေ၏။

“ဟုတ်တယ် ဒေါ်အုန်းမြင့် . . . အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာကဖြစ်စေ၊ အင်တာနက်ချိတ်ဆက်ထား တဲ့ တယ်လီဖုန်းကဖြစ်စေ . . . အခုကျွန်တော် တည်ဆောက်နေတဲ့ အောင်ကောင်းမွန် ကမ္ဘောဇ Library စာအုပ်တွေကို လိုအပ်သလို ဖတ်လို့ရပါပြီ”ဟု ရှင်းပြဖြစ်တော့၏။ ထိုအခါ ဒေါ်အုန်းမြင့်မှ - “ဒါဆို ငွေတော့ တော်တော်ကုန်မှာပေါ့နော်”ဟုဆိုလေ၏။
“Internet Domain လို့ခေါ်တဲ့ Domain ကို ငါးနှစ်စာ ဝယ်ရတယ်ဗျာ . . . ပြီးတော့ နဂိုအင်တာနက်ပေါ်မှာ သူတော် ကောင်းတွေ၊ ကောင်းမြတ်တဲ့ မနောစေတနာတွေနဲ့ တင်ထားပြီးစာအုပ်တွေကိုလည်း ကိုယ်က စာရင်းအင်းနဲ့ပြန်လည်စုစည်း ရတယ် . . . စာအုပ်အသစ်တွေလည်း Scan ဖတ်ရတယ် . . . ပြီးတော့ အဲ့ဒီ Website က Webpage တွေကိုလည်း စိတ်တိုင်းကျကလေးဖြစ်အောင် ကျွန်တော့်ညီငယ် ပညာရှင်တွေနဲ့တိုင်ပင်ပြီး လုပ်နေတယ်ဆိုတော့ . . . အများတကာ လုပ်ရင် ကုန်တာလောက်တော့ မကုန်ဘူးပေါ့ . . . ဘာ့ကြောင့်လည်းဆိုတော့ အတော်များများကို ကျွန်တော်ကိုယ်တိုင်ဘဲ လုပ်နေတာကိုး . . .
ဒါပေမဲ့လို့ Domain ဝယ်တာတွေ၊ အသေးသုံးကုန်ကျစရိတ်တွေ . . . ကျွန်တော့ကို မေတ္တာနဲ့ကူညီပေး နေတဲ့ နည်းပညာရှင် ညီလေးတွေကို ကျွန်တော်ကပြန်ပြီး လိုအပ်တာလေးတွေ ဖြည့်ဆည်းဝယ်ခြမ်းပေးရတာလေးတွေတော့ ရှိတာပေါ့ . . . အဲ့ဒီတော့ (၁၀)သိန်းကျော်တော့ ကုန်မှာဘဲ . . . ကုန်ကျစရိတ်အားလုံးကိုတော့ ကျွန်တော့်ရဲ့ တပည့်ပရိတ် သတ်လေးတွေရော၊ ဌာနဆိုင်ရာတွေက ခင်မင်သိကျွမ်းပြီးဖြစ်နေကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရောပေါင်းပြီး မြန်မာနိုင်ငံသား (၇)ရက်သားသမီးတွေ ဗဟုသုတ ရရှိရပါစေခြင်းအလို့ငှာ ဝိုင်းဖွဲ့ပြီးတော့မှ ငွေတွေထည့်ဝင်လှူဒါန်းပေးကြ ပါတယ် . . . ရတဲ့ငွေလေးနဲ့ တဆင့်ပြီးတဆင့် လုပ်နေတာပါဘဲ

. . . ” ဒေါ်အုန်းမြင့်မှာ “ကောင်းတယ် မောင်ဝေလင်းရေ” . . . “အလိမ္မာစာမှာရှိ” . . . “အလှအတွက်မှန်ကြည့်သလို ဘဝအတွက်စာကြည့်ပါ” . . . “စာအုပ်စာပေလူ့မိတ်ဆွေ” . . . “စာပေမြင့်မှလူမျိုးတင့်မည်” . . . “ပညာရဲရင့်ပွဲလည်တင့်၏” . . . “ပညာရွှေအိုးလူမခိုး” . . . အဲ့ဒီလိုစာတွေလည်း စာကြည့်တိုက်ခေါင်းစီးမှာထည့်ထားဖို့ အဒေါ့်အနေနဲ့ အကြံပြုပါတယ်”ဟုဆို၍ပင် ထိုနေ့၏ နေ့ခင်း(၂)ချက်ထိုးပြီဖြစ်သောကြောင့် “ပြန်မယ်”ဟုဆိုကာ ကျွန်ုပ်နေအိမ် ခြံဝင်းအတွင်းမှပင် အေးချမ်းတည်ငြိမ်သော ခြေလှမ်းတို့နှင့် ပြန်လည်၍ ထွက်ခွာသွားလေတော့သတည်း . . .။

မေတ္တာအနန္တဖြင့်
                အာင်ကောင်းမွန်(လာရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်