“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)
အခန်း(၄)
“ပီတိထံ တပည့်ခံသူ”
ထိုနေ့သည် နံနက်(၇း၀၀)နာရီအချိန်သို့ ရောက်ရှိလို့နေပြီဖြစ်၏။ ကျွန်ုပ်သည်
နွမ်းလျမှုခြေလှမ်းတို့နှင့်အတူ ဓါတ်ပုံ ပညာသင်ပေးခဲ့သည့် ဆရာများရှိရာ
“ဘဲ”ဓါတ်ပုံတိုက်သို့လျှောက်လာခဲ့၏။ စိတ်အတွင်းတွင်လည်း ငါ့ဘ၀ကိုဘယ်လို
ဆက်ပြီးရပ်တည်ရမလည်းဟူသောမေးခွန်းများသည် ကျွန်ုပ်ကိုယ်
ကျွန်ုပ်အကြိမ်ကြိမ်ပြန်မေးနေသကဲ့သို့ပင် အတွေးအိမ် သည်
စိတ်သက်တည်ငြိမ်မှုတို့ ကင်းမဲ့ခဲ့ရလေပြီဖြစ်၏။
ရင်တွင်းတွင်
ဝမ်းနည်းကြေကွဲလွန်း၍ အောင့်နေသလိုလို နာနေ သလိုလို
ဝေဒနာတစ်မျိုးသည်လည်းဖြစ်ပေါ်၍နေ၏။ ဤသို့ လမ်းလျှောက်၍သွားရင်းပင်
လမ်းတ၀က်သို့အရောက် ဆိုင်တဆိုင်အတွင်းမှ တစုံတဦးမှ ကျွန်ုပ်အားခေါ်သည့်
“ဟေ့ချာတိတ်”ဆိုသောအသံကြား၍ လှည့်ကြည့်လိုက်မိရာ ကျွန်ုပ်
ဓါတ်ပုံရိုက်သည့်ပန်းခြံတွင်းဥယျာဉ်အလုပ်သမားတစ်ဦးဖြစ်ကြောင်းသိရ၍
ဆိုင်တွင်းသို့ ခေတ္တ၀င်ထိုင်ဦးမယ်ကွာဟု ဆုံးဖြတ်
ကာထိုဆိုင်အတွင်းသို့ဝင်ခဲ့မိ၏။
ထိုဆိုင်သည်အရက်ပါရောင်းသောဆိုင်ဖြစ်၏။၎င်းဥယျာဉ်အလုပ်သမားဖြစ်သူမှာ နံနက်စောစောမှာပင်အရက်မှာ၍အရက်သောက်နေခြင်းဖြစ်၏။
ကျွန်ုပ်သည်ထိုစဉ်အချိန်တွင်ကလေးသာသာခန့်သာရှိသောကြောင့်
အရက်သောက်ဖို့ကိုမပြောနှင့်အနံ့ပင်ကောင်းစွာမခံဝံ့သည့်ကာလပင်ဖြစ်၏။
သို့သော်လည်း ညနေ နေ၀င်ချိန်ရောက်လျှင်တော့ ဘူးဘီယာ တစ်ဘူးတော့ သောက်
တတ်နေပြီဖြစ်၏။
ထိုဥယျာဉ်မှူးမှာ ကျွန်ုပ်အားကြည့်၍ “ချာတိတ် . . . မင်းကြည့်ရတာ ဒီနေ့
မလန်းမဆန်းနဲ့ . . . ဘယ်လိုဖြစ်တာ လည်းကွာဟု
မျက်နှာရိပ်မျက်နှာကဲခတ်၍မေးလေ၏။ ကျွန်ုပ်မှာ မည်သို့မျှ
ပြန်လည်ပြောဆိုခြင်းမပြုဘဲ သက်ပြင်းရှည်တစ်ခု သာ
ချဖြစ်သွား၏။
ထိုအခါ
ထိုဥယျာဉ်မှူးမှာ ကျွန်ုပ်အား “ချာတိတ် . . . မင်းငယ်ငယ်လေးရှိသေးတယ် . . .
သက်ပြင်းတွေ ဘာတွေ ချလို့ပါလား . . . မင်းကြည့်ရတာ အတော်စိတ်ညစ်နေတဲ့ပုံဘဲ
. . .
အရက်သောက်မလား”ဟုဆို၍ပင် ဖန်ခွက်လွတ် တစ်လုံးယူပြီး ပုလင်းအတွင်းမှ
အရက်များငှဲ့၍ ထည့်ပေးလေတော့၏။
ကျွန်ုပ်သည်
အနည်းငယ်အံ့အားသင့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် နံနက်ခင်း
စောစောစီးစီးအချိန်မှာပင် ကျွန်ုပ်ကဲ့သို့
လူပျိုပေါက်အရွယ်ပင်မရှိသေးသူတစ်ယောက်ကို အတင်းအရက်တိုက်တာက
ဘာသဘောပါလိမ့်ဟုလည်း အတွေးဝင်လာခြင်းကြောင့်ဖြစ်၏။ “ဦးလေး တင်ထွေး
ကျွန်တော် စိတ်ညစ်နေတာကတော့ အမှန်ပါဘဲ . . . ဒါပေမဲ့လို့
အရက်တော့မသောက်ပါရစေနဲ့ဗျာ . . . ကျွန်တော် အရက်ကိုဘယ်တုန်း ကမှလည်း
သောက်ခဲ့ဖူးတာမဟုတ်ဘူး . . . ညနေခင်း ဘီယာသောက်တာတောင်မှ
အမြည်းကောင်းကောင်းမပါရင် ကျွန်တော်မမြိုနိုင်ဘူး . . . ဦးတင်ထွေးရဲ့ . . .
အခုလို မနက်အစောကြီး ဒီလိုအရက်ပြင်းသာသောက်ရင် ကျွန်တော့အူတွေ
ပြတ်သွားမှာကြောက်တယ်”ဟုပြောရင်းပင် တောင်းပန်ပြီး လက်ကာတားလိုက်မိ၏။
ထိုအခါ
ဦးတင်ထွေးဆိုသူ ဥယျာဉ်မှူး အလုပ်သမားမှာ “မင်းကလည်းကွာ . . .
ဒီမှာဆိုဒါလည်းရှိတယ် . . . လစ်ပိုလည်းပါတယ် . . . မင်းအတွက် အရက်သောက်
ရတယ် . . . အရက်ဝင်သွားတယ်လို့တောင်မှ သိလိုက်မှာမဟုတ်ဘူး . . .
အရက်အရသာအ၀င်ဆိုးတယ် . . . မကောင်းဘူး ဆိုတာ လူတိုင်းသိတယ် . . .
အရက်သမားမှန်သမျှ အရက်လျှာပေါ်ရောက်တဲ့အရသာကိုကြိုက်လားလို့မေးရင် ဘယ်သူမှ
ကြိုက်တယ်လို့ဖြေမှာမဟုတ်ဘူး . . . ဒါပေမဲ့လို့ ဗိုက်ထဲရောက်ပြီး
တဖြေးဖြေး အရက်အရှိန်တက်လို့ မူးယစ်ယစ်လေး မူးလာပြီဆိုရင်တော့
ဘယ်လောက်ဆိုးတဲ့ အရက်ပြင်းဖြစ်စေ သောက်နိုင်သွားတာဘဲကွ . . .
ဒီကမ္ဘာလောကကြီးမှာ
စိတ်ညစ်မှုမှန်သမျှကို မေ့ဖြေဖျောက်နိုင်တဲ့အရာဟာ အရက်တစ်မျိုးဘဲရှိတယ် . .
. အဲ့ဒါကြောင့်မလို့ တစ်နေ့ပျော်ချင် အရက်သောက်ဆိုတဲ့စကားပုံဟာ
ငါတို့လူတွေရဲ့ပါးစပ်ထဲမှာ အမြဲရှိနေတာပေါ့ကွာ”ဟု ပြော၍ပင်
တဟားဟားနှင့်ရယ်မော လေတော့၏။ ၄င်း၏ကိုယ်ခန္ဓာမှာလည်း ထိုင်ရင်းပင်
ဟိုဒီယိမ်းနေလေတော့၏။ ထို့ကြောင့် ၄င်းအတော်လေးအရက်မူးနေ သည်ကို
ကျွန်ုပ်မှာ ကောင်းစွာသဘောပေါက်သွား၏။ အလိုက်အထိုက်စကားပြောနှုတ်ဆက်ပြီး
ငါဒီနေရာက ခွာမှဖြစ်မယ်ဟု စိတ်ကူးလိုက်မိ၏။
ထိုအချိန်၌မှာပင် ကျွန်ုပ်နှင့်အတူပညာသင်ဘက်ဖြစ်သူ စံမောင်ဆိုသူ သည် BMX
စက်ဘီးအားစီး၍ ကျွန်ုပ်ရှိရာသို့ ရောက်ရှိလာတော့၏။ ကျွန်ုပ်အားတွေ့လျှင်
စံမောင်သည် မျက်လုံးများပြူး၍ သွားတော့၏။ ချက်ခြင်းဆိုသလို
မျက်ရည်များလည်းဝဲ၍လာကာ ကျွန်ုပ်အားပုခုံးနှစ်ဖက်စွဲကိုင်၍ “မင်းဒီမှာ
စောစောစီးစီး အရက်သောက်နေတယ်ဟုတ်လား”ဟုပင်
ရုတ်တရတ်ဒေါသထွက်သောဟန်ဖြင့်ပင်ပြောလေတော့၏။
“မဟုတ်ပါဘူး . .
. ငါအရက်မသောက်ပါဘူး . . . ဒီမှာ ဦးလေးတင်ထွေး ငါ့ကိုခေါ်နှုတ်ဆက်လို့
ငါခဏစကားဝင်ပြောတာပါ”ဟုပြော၍ ကျွန်ုပ်ရှေ့တွင်ချထားသော အရက်ခွက်အား
ဥယျာဉ်မှူး ဦးတင်ထွေးရှေ့သို့ပင် ပြန်လည်ချပေးလိုက်၏။
ထိုအခါ
၎င်းအသက်(၅၀)နီးပါးခန့်ရှိသူ အရက်သမားကြီးဦးတင်ထွေးမှာ ကျွန်ုပ်သူငယ်ချင်း
စံမောင်ဆိုသူအား “အဲ့ဒါပြောနေတာဘဲ ကွာ . . . မသောက်ပါနဲ့ မသောက်ပါနဲ့လို့
ငါလည်းသူ့ကို တားနေတာကွ . . . သူက စိတ်ညစ်တယ် တကဲကဲလုပ်ပြီး သောက်
မယ်ကြီးလုပ်နေလို့”ဟုပင် စကားကို ပြောင်းတိပြောင်းပြန်ပြောတော့၏။
ကျွန်ုပ်သည် လွန်စွာမှပင် အံ့သြမိတော့၏။ အသက်(၅၀)အရွယ်ရှိသူဖြစ်ပြီး
ယခုကဲ့သို့ ကျွန်ုပ်အား အတင်းအကြပ် အရက်တိုက်ပြီး ယခုဘေးအမြင်ကောင်းရန်
ပြန်လည်၍ စကားကို ဗလောင်းဗလဲပြုလုပ်တတ်ခြင်းအား လွန်စွာမှပင် ရွံ့ရှာမိ
သွားတော့၏။ ထို့အတွက်ကြောင့် အရက်သမားတွေကို လူတွေက မလေးစား
လူရာမသွင်းကြတောတွေက ဒါမျိုးတွေကြောင့် ဖြစ်မှာဘဲဟုပင် သတ်မှတ်မိတော့၏။
“စံမောင်
မင်းငါ့ကိုလိုက်ခေါ်တာ ဆရာတို့ခေါ်ခိုင်းလိုက်တာလား”ဟုမေးပြီး ဒီလူကြီး
မူးနေပြီ ထားခဲ့တော့ဟု မျက်နှာရိပ်မျက်နှာကဲပြ၍ ထိုနေရာမှ
နှစ်ဦးထွက်ခွာခဲ့တော့၏။ ထို့နောက် ကျွန်ုပ်မှ “ငါ . . . စိတ်ညစ် လို့ကွာ .
. . အဲ့ဒါ အလုပ်ထွက်တော့မယ်လို့ ညက တစ်ညလုံးမအိပ်ဘဲ
စဉ်းစားဆုံးဖြတ်လိုက်တယ် . . . ဒါကြောင့် ငါဒီနေ့ ဖြေးဖြေးလာခဲ့တာပါ . . .
အဲ့ဒါ စောစောက အဖိုးကြီးက ငါ့ကို အတင်းအရက်တိုက်နေတာ . . .
အခုမင်းရှေ့မှာပြန်ပြောတော့ တမျိုး . . . မင်းကြားသလိုဘဲကွာ”ဟုပြောရာ
စံမောင်မှာ ကျွန်ုပ်အား အသေအချာကြည့်ပြီး အနည်းငယ် ပြုံးယောင်သန်း သော
မျက်နှာနှင့်ပင် “ငါတို့နှစ်ယောက် ဒီစက်ဘီးနဲ့ဖြစ်အောင် စီးသွားရအောင်ကွာ .
. . အချိန်မရှိဘူး”ဟုဆိုပြီး ကျွန်ုပ်အား
BMXစက်ဘီးရှေ့တန်းတွင်ထိုင်ခိုင်းပြီး
၎င်းမှပင်စက်ဘီးကိုအမြန်နင်း၍ထွက်လာခဲ့ရာ
ဓါတ်ပုံဆိုင်ရှိရာသို့(၅)မိနစ်ကျော်ကျော် မှာပင်ရောက်ရှိသွားတော့၏။
ကျွန်ုပ်
ဆိုင်အတွင်းသို့ဝင်ဝင်ခြင်းပင် ကျွန်ုပ်၏ဆရာ ညီအစ်ကိုမှ အစ်ကိုကြီးဖြစ်သူ
ဦးကျော်ကြီးမှာ ကျွန်ုပ်အား ခပ်တည်တည်သာစိုက်၍ကြည့်နေသော်လည်း
ဆရာဦးကျော်သက်မှာတော့ ပြုံး၍သာ အသာကြည့်နေ၏။ ကျွန်ုပ်သည်
မည်သည့်စကားကိုမျှမပြောသေးဘဲ ထိုင်ခုံလွတ်တစ်ခုတွင်ဝင်ထိုက်လိုက်၏။ ဆရာ
ဦးကျော်သက်မှာ ကျွန်ုပ်နံဘေးသို့လျှောက်လာပြီး ပုခုံးအား အသာဖက်၍ပင်
ဤသို့ဆိုလေ၏။
“ဝေလင်း . . .
မင်းအတော် စိတ်ညစ်နေတာလား . . . မင်း
ဓါတ်ပုံမရိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီလို့ ငါတို့ကြားလို့ . . . အဲ့ဒါ
မင်းဘယ်လိုဖြစ် တာလည်း . . . ဒီနေ့ မင်းငါတို့ဆီက
အလုပ်ထွက်တော့မယ်မလား”ဟုပင်ပြောလေ၏။
ကျွန်ုပ်သည်
လွန်စွာမှ အံ့သြသွား၏။ မျက်လုံးများပင်ပြူးမိသွား၏။ အဘယ်ကြောင့်ဆိုသော်
ကျွန်ုပ်ဓါတ်ပုံ မရိုက်တော့ဘူး ဓါတ်ပုံဆရာမလုပ်တော့ဘူး
အလုပ်ထွက်တော့မယ်ဆိုသောစကားကို မည်သူ့ကိုမှ မပြောရသေး။
ထိုမကြာသေးခင်အချိန်လေးကမျှ စံမောင်ဆိုသူကို ပြောရုံလေးသာပြောမိသေး။
စံမောင်ဆိုသူမှာလည်း ယခု ကျွန်ုပ်ရှေ့မှာ အတူရှိနေတာ။
ကျွန်ုပ်ပြောခဲ့သမျှစကားတွေကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ပြန်လည်ပြောဆိုမှုမပြုသေးကြောင်းကို ကျွန်ုပ်သာ အမြင်ဖြစ်နေကြောင်း။
သို့သော်လည်း
ယခု ဆရာဦးကျော်သက်မှ ကျွန်ုပ်ရင်တွင်းမှစိတ်ကူးဆုံးဖြတ်ချက်ကို အတိအကျ ယခု
ကျွန်ုပ်အားပင် ပြန်လည်ပြောဆိုနေပြီ ဖြစ်ကြောင်း ကြားသိရလျှင် မအံ့သြ၍ပင်
မနေနိုင်အောင်ဖြစ်ခဲ့မိတော့၏။
ဆရာဦးကျော်သက်မှာ
“မင်း တအားအံ့သြနေတာလား . . . ဘယ်သူက မင်းရဲ့စိတ်ထဲကဆုံးဖြတ်ချက်ကို
ငါတို့ကို လာပြောတယ်လို့ထင်လည်း”ဟုပြော၍ပင် ဆရာသမားနှစ်ဦး
တစ်ဦးမျက်နှာတစ်ဦးကြည့်၍ ပြိုင်တူပင် ရယ်ပြုံးမှုပြုကြလေ၏။
ထို့နောက်တွင်
“ဟိုမှာ . . . မင်းစီရမဲ့ဓါတ်ပုံတွေ”ဟုပြော၍ ပုံ(၇၀)ခန့်ရှိသော
ဓါတ်ပုံတထပ်အား သားရေကွင်းဖြင့်စီးထားပြီး ကျွန်ုပ်အား ပေးလေတော့၏။
ထိုသို့ပေးပြီးး “ဝေလင်း . . . မင်းအလုပ်ထွက်မယ်ဆိုရင်လည်း ဒီမင်းရဲ့
လုပ်စရာရှိတဲ့ တာဝန်တွေပြီးအောင်လုပ်ပြီးမှ ထွက်ချင်ရင်ထွက်ပေါ့”ဟုဆိုကာ
ကျွန်ုပ်အား ရိုက်ပြီးခဲ့သမျှဓါတ်ပုံများနှင့်ဖလင်များစီ၍ စရံငွေ
ကျန်ငွေများတွက်ချက်စီစစ်ခိုင်းတော့၏။
ကျွန်ုပ်သည်
၎င်းဓါတ်ပုံထပ်ကြီးအားယူ၍ အသေအချာကြည့်လိုက်မိလျှင် လွန်စွာမှ ပင်
ကြည်နူးဝမ်းမြောက်ရလေတော့၏။ ကျွန်ုပ်၏စိတ်ခံစားမှုတို့သည်
(၂၄)နာရီအတွင်းမှာပင် စိတ်ဓါတ် တက်ခြင်းကျခြင်း၊ ၀မ်းနည်းဝမ်းသာ
ပြင်းထန်လွန်းမှုတို့အား ခံစားရသည်နှင့်အမျှပင် လွန်စွာမှ လှည့်ဖျား
မာယာများလွန်းလှသောလူတို့နှင့် လောကကြီးအား
နားမလည်နိုင်အောင်ပင်ဖြစ်ရတော့၏။
တဖြည်းဖြည်းနှင့်ပင် ကျွန်ုပ်၏ရင်တွင်းတွင် အထူးကိုပင်လည်း
ဝမ်းမြောက်ဝမ်းသာပင်ဖြစ်ပေါ်လာလေ တော့၏။ ကျွန်ုပ်စီမည့်
ဓါတ်ပုံတို့၏အပေါ်ဆုံးတွင်တွေ့ရသောပုံများဟာ ယမန်နေ့က တိုင်းမှူးကြီး
အခမ်းအနားမှတ်တမ်း ဓါတ်ပုံများပင်ဖြစ်ပြီး လွန်စွာမှပင်
အလင်းအမှောင်ဆေးရောင်တို့ မျှတကောင်းမွန်မှုရှိလှသည်ကိုလည်း တွေ့ရလေခြင်း
ကြောင့်ဖြစ်၏။
ကျွန်ုပ်၏နှလုံးအိမ်သည်
အေးချမ်းလွန်းပြီး ပြောမပြနိုင်လောက်သည့် ပျော်ရွှင်မှုတစ်ခု
လက်ဝယ်ပိုင်ဆိုင်နေပြီ ဟူသော ခံစားမှုတစ်ခုအား ခံစားလိုက်ရလေပြီဖြစ်၏။
ထိုခံစားမှုရသသည် “ပီတိ”ဟု အမည်တပ်ရကြောင်းကိုတော့ ထိုစဉ် အချိန်မှာ
ကျွန်ုပ်အနေနှင့် လုံးဝကိုမသိခဲ့သေးပါ။ သို့သော်လည်း ထိုပီတိ၏အရသာကိုတော့
ကျွန်ုပ်အနေနှင့်ခံစားဖူးပြီဖြစ် သောကြောင့်ပင်
လွန်စွာမှနှစ်သက်သွားခဲ့မိတော့၏။
ထို့ကြောင့်ပင် ၄င်းပီတိအား အကြောင်းပြု၍ စွဲလန်းတပ်မက်မှုတဏှာ
ဥပါဒါန်မှာလည်း ကျွန်ုပ်အနေနှင့် သတိလွတ်ကာ ထိုစဉ်အချိန်မှာ
စွဲမက်နှစ်ခြိုက်ခဲ့ရလေတော့၏။ ထို့ကြောင့်ပင် ဘ၀မှာ ငါဟာ အခုလို
ထူးခြားလှတဲ့ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခု ရရှိပိုင်ဆိုင်အောင်လုပ်မယ် . .
. ရကိုလည်းရရမယ်ဆိုသောစိတ်တို့သည်လည်း နောက်ဆက် တွဲပင်
မီးရထားစက်ခေါင်းကြီးနောက်မှ ရထားတွဲများလိုက်သကဲ့သို့ ရထားလမ်းပေါ်သို့
တစ်တွဲပြီးတစ်တွဲလိုက်ပါသွားသလိုပင်ဖြစ်လေတော့၏။
တခါတရံတွင်လည်း
နွားလှည်းကဲ့သို့ပင် နွားဆွဲရာနောက်သို့ လိုက်ပါသွားရသလို ဖြစ်ခဲ့ရတော့၏။
နွားများမှာ ရေထဲသို့ဆင်းသွားလျှင် နွားလှည်းမှာ
ရေထဲသို့ဆင်းပါသွားသကဲ့သို့
နွားတို့သည်တောင်ကုန်းပေါ်သို့တက်လျှင်လည်းနွားလှည်းဖြစ်သည်မှာတောင်ကုန်းပေါ်သို့လိုက်တက်ဆွဲဆောင်ခြင်းမှာခံခဲ့ရ
လေတော့၏။ တခါတရံတွင်လည်း ရွံ့နွံများကြား ကိုပင်
နွားဆွဲရာပါသကဲ့သို့ပင်ဖြစ်ရလေတော့၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်သည်
ထိုစဉ်အချိန်မှစ၍ အထင်အရှားပင် “ပီတိ”ထံ
တပည့်ခံသူတစ်ဦးဖြစ်သွားခဲ့လေတော့၏။
ဆက်လက်ဖော်ပြပါဦးမည် . . . ။
မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)
ဤအခန်းဆက်ဝတ္ထုရှည်ကြီးအား ကျွန်ုပ်သည် ချစ်ခင်လေးစားရပါသော
သူငယ်ချင်းမိတ်ဆွေပရိတ်သတ် အားလုံးအပေါ်တွင် ကောင်းမြတ်သော သဘောမနောနှင့်
ရေးသားဖော်ပြနေခြင်းဖြစ်ပါသည်။
ကျွန်ုပ်ဘ၀တွင်
ယခုလက်ရှိ အချိန်ကာလအထိ ဘ၀ကံအကောင်းဆုံးအချက်အားပြောပါဟု
တစုံတယောက်မှသာမေးလာခဲ့လျှင် ကျွန်ုပ်အနေနှင့် စဉ်းစား တွေဝေစရာမှာ
လုံးဝကိုမရှိဘဲ တိကျပြတ်သားသောအဖြေတစ်ခုကို ပြန်လည်ဖြေဆိုရန်မှာ
အမြဲပင်အထင်အရှားရှိနေ ပါသည်။ ထိုအဖြေသည်ကား ကျွန်ုပ်ဟာ ဆရာ
ကံကောင်းသူတစ်ယောက်ပါ . . . ဘ၀တွင် ဆရာကောင်းများနှင့်တွေ့ဆုံခွင့်
ရခဲ့သူပါ ဟုပင် ပြန်လည်အဖြေပေးပါမည်။ ထို့အတွက်ကြောင့်
ကျွန်ုပ်ကြုံတွေ့ခဲ့ရသောဆရာများ၏ ဆုံးမမှုများ၊ ဘ၀အမှတ် တရစကားများ၊
ဘ၀ဒဿနခေါ် ဘ၀ပညာ၊ အတတ်ပညာ၊ စာပညာနှင့် လောက ဓမ္မ ဂမ္ဘီရ တို့နှင့် လျှော်ညီ၍
ငယ်ရွယ်သူတို့၏ သဘော၊ ကြီးရင့်သူတို့၏ မနောနှင့်
ထပ်တူညီမျှသောအချစ်ခံစားမှုရသတို့ဖြင့်ပင်
ကျွန်ုပ်အထူးကြိုးစားရေးသားနေခြင်း ဖြစ်ပါသည်။
ဖတ်သားအားပေးကြကုန်သော
သူငယ်ချင်း၊ မိတ်ဆွေ၊ ပရိတ်သတ်အားလုံးတို့ကို အထူးပင်ကျေးဇူးတင်ရှိပါ
ကြောင်းကို ဤနေရာတွင် အလျဉ်းသင့်၍ လေးနက်စွာ ပြောကြားလိုက်ရပါတယ်ခင်ဗျား။
ကျွန်တော့်ရဲ့ ဂမ္ဘီရ Website ဖြစ်တဲ့ www.25aungkungmon.blogspot.com
ကိုလည်း အချိန်ရခဲ့ပါက ၀င်ရောက်ကြည့်ရှုအားပေးပြီး အကြံပြုစာလွှာများ
ရေးသားပေးကြပါရန်လည်း လေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျား . . . ။
စာရေးသူ