“ချစ်ခြင်းဟူသောဆုံမှတ်”အောင်ကောင်းမွန်(လားရှိုး)


 (အသစ်စက်စက်အချစ်ဝတ္ထု)

          မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ယခင် သူမ                                                                    ပြည်ပထွက်ခွါစဉ်အချိန်ကာလနှင့်ယှဉ်လျှင် သိသာစွာ ကိုပင် ပြောင်းလဲသစ်လွင်နေသည်ကို သူမတစ်ယောက် သတိထားမိသည့်အလျှောက်ပင် နောက်ဆက်တွဲအတွေးစတို့သည် မည်သို့ဝင်လို့လာသည်ပင် သတိမထားမိလောက်အောင်သူမ၏ အသိအာရုံတို့အား ဖုံးလွှမ်းသွားလေတော့၏။
          “သြော် . . . အခုလို ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်ရောက်ခြင်း ချစ်ခင်မြတ်နိုးရသူတို့၏ ထွေးပွေ့နွေးထွေးစွာ ကြိုဆိုခြင်းခံချင်မိတာက ပုထုဇဉ် ဤလူ့ဘောင် လူသားမှန်သမျှ၏ သဘာဝတစ်ခုပါလေ . . . ကိုလတ်တစ်ယောက်သာ အခုလိုအချိန်မှာ ပြည်ပဧည့်ကြိုသူတွေကြားထဲက ဘွားကနဲပေါ်လာမလားလို့ US တွင် ထပ်ဆင့်ဆေးပညာသွားရောက် သင်ကြားပြီးနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသူ သစ္စာမောင် တစ်ယောက် ရင်တွင်းတွင် မျှော်လင့်နေမိလေ၏။ ထိုစဉ်မှာပင် သူမမိခင်ဖြစ်သူနှင့် တစ်ဦးတည်းသော မောင်လေးဖြစ်သူတို့မှာ သစ္စာမောင်အား လှမ်း၍ မြင်လိုက်သည်နှင့်အမျှ “မမသစ္စာ”ဟုခေါ်၍ပင် လက်စွဲသားရေအိတ်လေးကိုင်ဆောင်ထားသော သစ္စာမောင်၏လက်ကို ဖမ်းဆွဲ လိုက်သော မောင်လေးဖြစ်သူ ကျော်စွာမာင်မှ အားရ၀မ်းသာစွာ ကြိုဆိုမှုပြုသလို ချစ်လွန်းလှသူ မိခင်ဖြစ်သူအား သိုင်းဖက်၍ပင် “မေမေရေ . . . မေမေက အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်ပါနဲ့လို့ သမီးအမြဲလှမ်းပြောနေတာကို နားမထောင်ဘူး ထင်တယ် . . . အခုမေမေ့ကို ကြည့်ရတာ အရင်ထက်စာရင် ကိုယ်ရေစစ်သွားတယ် . . . ” မောင်လေးဖြစ်သူ ကျော်စွာမာင်မှ “ မမက မေမေကိုဘဲပြောနေတာ . . . မောင်မောင်ကိုလည်း ကြည့်ပါဦး . .   .မောင် မောင်ရော ဝလာလား . . . ပိန်သွားလား . . . အသားတွေဖြူလာလား . . . ” ဆိုတာကိုဟုပင် 
တစ်ဦးတည်းသော မောင်လေးဖြစ်သူမှာ ချစ်စနိုးချွဲနွဲ့မှုအား မြင်တွေ့လျှင် သစ္စာမောင်တစ်ယောက် “မောင်မောင်ကို အမြဲ VZO မှာတွေ့နေရတော့ မမက မြင်နေကျ . . . ဖြစ်နေလို့ပါ . . . မောင်မောင် ရယ် . . . မမ . . . မောင်လေးအတွက် . . . မမ သူငယ်ချင်းတွေက နိုင်ငံခြားမှာ မမကိုလာပြီး ယောက်မတော် ဆွေမျိုးစပ် နေကြတဲ့သူတွေ အများကြီးဘဲ . . . ငါ့မောင်ရဲ့ . . . မမ မောင်လေးက အသားတွေကျစ်ပြီး . . . တကဲ့ကို ထွားထွားကြိုင်းကြိုင်းကြီးကိုဖြစ်နေပြီ . . . ရည်းစားတွေရော မြန်မာပြည်မှာ မမမရှိတုန်း ဘယ်နှယောက်ထားပြီးပြီလည်း . . . ပြော”ဟု အစ်မဖြစ်သူတို့၏ ထုံးစံအတိုင်း ရောက်ရောက်ချင်းပင် စတင်ပြီး ရည်းစားစာရင်းမေးနေခြင်းကို ကျော်စွာမောင် တစ်ယောက်မှာတော့ မည်သို့မျှပင်ပြန်မဖြေဘဲ ပြံးဖြီးဖြီးမျှသာ လုပ်နေလေတော့၏။
          ဤသို့ပြောဆိုရင်း လျှောက်လာခဲ့ရာ ကားပါကင်သို့ပင် ရောက်ရှိလာပြီး သစ္စာမောင်၏ ခရီးဆောင်ပစ္စည်းများ ပို့ဆောင်ပေးသူ ကားပေါ်သို့ အသင့်တင်ပေးထားသော ပစ္စည်းစာရင်းများအား စစ်ဆေးပြီး ပြည့်စုံပြီဖြစ်သောကြောင့် US တွင် ထပ်ဆင့်ဆေးပညာသွားရောက်သင်ကြားပြီးစီးပြီး မြန်မာပြည်သို့ ပြန်လည်ထွက်ခွါလာသူ ဒေါက်တာ သစ္စာမောင်မှာ မိခင်ကြီး ဒေါ်မြင့်မြတ်ခင် မောင်ဖြစ်သူ ကျော်စွာမောင်နှင့်အတူ မြန်မာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၄င်းတို့၏ အိမ်စီး ပါဂျဲရိုးကားဖြင့်ပင် ထွက်ခွါခဲ့ကြလေတော့၏။
          ကျော်စွာမောင်မှာ ကားမောင်းရင်းနှင့်ပင် သူ၏အစ်မဖြစ်သူ ဆရာဝန်မချောလေး ခရီးရောက်မဆိုက် ရင်ခုန်စေမည့် စကားတစ်ခွန်းကိုတော့ အမှတ်တမဲ့နှင့်ပင် စဖြစ်ခဲ့လေတော့၏။ “မမ . . . မမ US ထွက်သွားပြီးနောက်လေ . . . မမ သူငယ်ချင်းတစ်ယောက် လားရှိုးက ဖုန်းဆက်တယ်ဆိုတဲ့အကြောင်း မောင်မောင် အွန်လိုင်းပေါ်ကနေ ပြောပြဘူးတယ်နော်” ဤသို့ စကားကြားလိုက်သည်နှင့်ပင် ကိုလတ်နှင့် ပတ်သက်နေပြီဆိုမှန်းကို သစ္စာမောင်တစ်ယောက် ကောင်းစွာသဘော ပေါက်သွားပြီဖြစ်သည့်အလျောက် မည်သို့ထပ်ဆင့်အဆက်အသွယ်ရရှိသည်၊ ဘယ်ဖုန်းကိုကိုင်ထားသည်ကိုပင် သစ္စာမောင် တစ်ယောက် သိချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့ရသည်နှင့်အမျှပင် ရင်ခုန်ခြင်း အရှိန်အဟုန်မှာလည်း သိသိသာသာ မြန်လာသလိုလို ခံစားလိုက်ရသည်ကိုပင် ကိုယ်တိုင်ကိုယ်ကျ သတိထားမိခဲ့လေတော့၏။
          “မမသူငယ်ချင်း ဟုတ်လား . . . လားရှိုးက မမသူငယ်ချင်း ဘယ်သူ့ကိုပြောတာလည်း မောင်မောင် . . . မမကလည်းလေ . . . မောင်နှမချင်းဘဲဥစ္စာ . . . ပွင့်ပွင့်လင်းလင်းပေါ့ . . . မမ လားရှိုးကိုသွားပြီး NGO Project officer doctor လုပ်တုန်းက လားရှိုးသား မိတ်ဆွေသူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးရှိတဲ့ထဲက မမကို ခဏ ခဏ သတိရတဲ့အကြောင်း မမ ဘာတွေလုပ်နေလည်း သိချင်လို့ပါဆိုပြီး . . . ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ဖုန်းဆက်နေတာ ဘယ်နှယောက်များရှိလို့လည်း မမရယ် . . . ”
ဤသို့ပင် မောင်ဖြစ်သူမှ ပြောသည်ကို ကြားရသည်နှင့်အမျှ သစ္စာမောင်မှာ အနည်းငယ်ပင် ကြည်နူးဝမ်းမြောက် သလို ခံစားမိနေလေ၏။ အဘယ်ကြောင့်ဆိုသော် အတိတ်အချိန်ကာလတစ်ခုတွင်တော့ ကမ္ဘောဇဌာနေ ရှမ်းနယ်တစ်နေရာ  မှာ ဒေါက်တာသစ္စာမောင်ဟူသည့် ဥစ္စာပေါ ရုပ်ချောသည့်အပြင် သူ၏လူနာများအပေါ်ကိုပင် လွန်စွာမှကြင်နာတတ်သူ ဆရာဝန်မလေးမှာ အမှတ်မထင်ဆုံတွေ့ခဲ့ရသူ မောင်မောင်လတ်ဆိုသူအား အကြောင်းပြု၍ နားမလည်နိုင်သော နှလုံးသား တစ်စုံအား ရှမ်းတောင်တန်းများကြားတွင် ထားရှိခဲ့ရသည်မှာ အမှန်ပင်ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်လေတော့၏။
“မောင်မောင်ရယ် . . . နင်ကလည်း သိပ်ပြီးသိနေသလိုလိုဘာလိုလိုနဲ့ . . . ဆရာကြီးလုပ်ပြီးပြောမနေနဲ့ . . . တော်ကြာနေ မမကို မေမေက အတည်ထင်နေဦးမယ်”
“မမကလည်းနော် . . .  မေမေ့ကို အတော်လျော့တွက်နေတာကိုး . . . မေမေနဲ့ကို အဲ့ဒီ မမရဲ့သူငယ်ချင်းဆိုတဲ့သူ အကိုကြီးနဲ့တယ်လီဖုန်းနှစ်ခါတောင်ပြောပြီးပြီး”ဟုဆိုလျှင် သစ္စာမောင်မှာ ပို၍ပင်တုန်လှုပ်သွားတော့၏။
“ဟင် . . . မေမေနဲ့ ဖုန်းပြောဖူးတယ် . . . ဟုတ်လား? မေမေ . . . သူက မေမေ့ကို ဘာတွေပြောလိုက်သေးလဲ . . . မေမေကရော သူ့ကို ဘာပြောလိုက်လဲ မေမေ”ဟုပင် အနည်းငယ် စိုးရိမ်ဟန်ဖြင့် မေးလိုက်လေ၏။
“ဖုန်း နှစ်ခါပြောဖူးတယ်ဆိုတာက သမီး US မသွားခင် တစ်ခါ . . . သမီးမြန်မာပြည်မှာရှိတုန်း အိမ်လိုင်းဖုန်းကိုဆက်တော့ . . . မေမေသွားကိုင်မိတုန်းတွေ့တာ တစ်ခါပါ . . . အဲ့ဒီတုန်းက သင်္ကြန်ရက်ကြီးလေ . . . သမီး လက်ကိုင်ဖုန်းပိတ်ထားလို့ . . .  လိုင်းဖုန်းကိုဆက်လာတော့  မေမေ မှော်ဘီခြံကို သမီးသွားနေတယ်လို့ပြောပြီး . . . ခြံဖုန်းမေမေသူ့ကို ပြန်ပေးလိုက်တယ် ဆိုတာလေ . . . အဲ့ဒါ သမီးသိပြီးသားပါ . . . နောက်တစ်ခေါက်ကတော့ သမီး US ရောက်နေတုန်းဆက်တဲ့အခါ ဆုံဖြစ်တာပါ . . . မေမေကတော့ သမီး US ထွက်သွားကြောင်းပြောပြတော့ သူလည်း အေးအေးဆေးဆေးဘဲ . . . ကျေးဇူး တင်ပါတယ်ပြောပြီး ဖုန်းချသွားတာပါဘဲ . . . ”
“မေမေ့ . . . သမီးက အရွယ်ရောက်ပြီဖြစ်သလို . . . ပညာပြည့်စုံလို့ လောကရဲ့အကောင်းအဆိုး အကြောင်း အကျိုးတွက်စ ခွဲခြားတတ်နေပါပြီ . . . ”
“သမီးရဲ့ဘဝအတွက် သမီးစိတ်တိုင်းကျဆုံးဖြတ်ပါ . . . မေမေတို့ ဘာမှဝင်ပြီး ကန့်ကွက်စရာမရှိပါဘူး . . . သမီး ဖေဖေလည်း တစ်နေ့က စင်ကာပူက ဖုန်းဆက်တယ် . . . သမီးရဲ့ Personal ကို သမီးစိတ်ချမ်းသာသလို ဆုံးဖြတ်ပါစေတဲ့ ”
ဤသို့ မိခင်ကြီးနှင့် စင်ကာပူတွင် ကုမ္ပဏီလုပ်ငန်းများအတွက် ခေတ္တသွားရောက်နေထိုင်လျှက်ရှိသူ ဖခင်ကြီး၏ သဘောထားမှန်အားသိရလျှင် သစ္စာမောင်မှ အနည်းငယ်သက်ပြင်းချလိုက်မိသလို အနည်းငယ်ပင်လည်း စိတ်လက်ပေါ့ပါးမှု ဖြစ်ခဲ့ရတော့၏။
ယခင် သူမ နိုင်ငံခြားမထွက်မည် ကိုလတ်နှင့် တယ်လီဖုန်းအဆက်အသွယ်ရချိန်တွင် သူမ၏ E.mail ကို မရမကပင် တောင်းယူသွားခဲ့သလို သူမထံသို့လည်း ထိုစဉ် မကြာခဏ E.mail မှ သတိရကြောင်း၊ ၄င်း၏ လုပ်ငန်းများ တချို့ တဝှက်မှာ အောင်မြင်နေခဲ့ကြောင်း၊ အရမ်းအရမ်းကို လွမ်းနေရပါတယ်ဆိုပြီး တဇွတ်ထိုးချွဲနေတတ်တဲ့စာတွေ ခဏ ခဏ Mail ပို့ခဲ့တာ ….ယခုတော့(၁၀)လပင်ကျော်ခဲ့ပြီ၊ လုံးဝကို E.mail မပို့ခဲ့သလို ၄င်း၏ G.Talk တွင် သူမမှာရှိသော G.mail accountအသစ် တစ်ခု အပ်ထားခဲ့ပြီး မောင်မောင်လတ်တစ်ယောက် အွန်လိုင်းတွင်ရှိနေသည်။ မည်သည့်အချိန်တွင် အွန်လိုင်းတက်တတ်သည် စသည်ဖြင့် သိရှိနိုင်ရန်အားလည်းကောင်း၊ မောင်မောင်လတ်၏ facebook တွင်လည်း သစ္စာမောင်၏ G.mail account အသစ်တစ်ခုဖြင့် ပြုလုပ်ထားသော facebook account သူငယ်ချင်းစာရင်းတွင်ရှိနေကြောင်းဖြစ်သော်လည်း ယခုအခါတွင် မောင်မောင်လတ်မှာ သူ၏ ယခင်သုံးနေကြ facebook ရော၊ G.Talk များပင် လုံးဝကို အွန်လိုင်းတွင် မတွေ့ရခြင်းသည် မည်သို့မျှပင် စဉ်းစားမရနိုင်လောက်အောင်ဖြစ်၍ သစ္စာမောင်တစ်ယောက်မှာ အခက်ကြီးခက်ရသော အခြေအနေမျိုး ချစ်ခြင်းတွင် ကြုံဆုံနေရခြင်းပင်ဖြစ်နေလေ၏။
သူမအနေဖြင့် နောင်တ ပင်ရ၍နေ၏။ ယခင် သူမအနေဖြင့် ပြန်လည်၍ ချစ်နေပါလျှက်နှင့်ပင် စိတ်မဝင်စားချင် ယောင်ဆောင်၊ အလေးမထား အရေးမမူသကဲ့သို့ပင်ထား၍ သူမ၏ Sailormoon.com account သာ ချစ်ခဲ့ရသူ မောင်မောင်လတ်အား ပေးခဲ့ပြီး မောင်မောင်လတ်ထံမှ လက်ခံရရှိသော E.mail မှန်သမျှကို တကြိမ်တခါမျှပင် ပြန်လည်တုံ့ ပြန်မှုမပေးခဲ့ခြင်းသည်က မှားသွားသည်ဟုပင်လည်း ကြေကွဲစွာပင် အတွေးစိတ်သို့ဝင်၍ပင် သူမတစ်ယောက်တည်း မိမိကိုယ် မိမိ ပြန်လည်အပြစ်တင်နောင်တရခဲ့မိလေတော့၏။
မြန်မာ Internet နှင့်ပတ်သက်၍ အောင်မြင်မှုအတိုင်းတာတစ်ခု ရရှိသွားပြီးဖြစ်သော ယောက်ျားတစ်ယောက်အနေ နှင့် ချစ်ကြသူ၊ ကြိုက်ကြသူ၊ ရေလာမြှောင်းပေးကြမည့် မိန်းကလေးများလည်း ယခုအခါတွင် ဝိုင်းဝိုင်းလည်နေတော့မည်မှာ လည်း သိပ်ကိုပင်ဆန်းကျယ်သည့်ကိစ္စရပ်တစ်ခုသည်ကား မဟုတ်တော့ . . .။
ထို့အတွက်ကြောင့် နီးစပ်ရာနှင့်ပင် ချစ်သွားကြပြီလား . . . တမင်သက်သက်ပင် facebook G.mail တွေမသုံးတော့ ဘဲ ကိုယ်ရောင်ဖျောက်လိုက်တာလား စသည်ဖြင့်ပင် သစ္စာမောင်မှာ အတွေးမျိုးစုံတို့နှင့်ပင် အဖြေရှာ၍မရနိုင်ခဲ့သည့် ဖြစ်ရပ် သည် နေ့စဉ်ရက်ဆက်ဖြစ်ခဲ့ရသည်မှ US မှ မပြန်လာခင်အချိန်အတော်ကြာခဲ့စဉ်ကပင်ဖြစ်တော့၏။
ဤသို့ပင် သစ္စာမောင်နှင့်အတူ မိခင်ဖြစ်သူ၊ မောင်လေး ကျော်စွာမောင်တို့ ကားသည် အင်းယား ခြံအမှတ်(      ) ဆရာဝန်မလေး ဒေါက်တာ သစ္စာမောင်ရှင်သန်ခြင်း ရင်ခုန်သံတို့ မွေးဖွားအစပြုခဲ့သည့် နေအိမ်ခြံဝင်းသို့ပင် ပါဂျဲရိုးကားမှာ ဝင်ရောက် ပြီး အိမ်ရှေ့ပန်းခြံနံဘေးတွင်ပင် ကျော်စွာမောင်မှ ကားကိုထိုး၍ ရပ်လိုက်၏။
အိမ်တွင်းမှ ခြံမာလိန်လုပ်ကိုင်နေသူ ဦးမြမောင်ဆိုသူမှ အားရဝမ်းသာကိုပင် သစ္စာမောင်အား နှုတ်ဆက်ကြိုဆိုသလို အိမ်တွင်းမှလည်း အိမ်မှုကိစ္စမှန်သမျှ လုပ်ကိုင်ပေးခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်သော မဦးဆိုသူမှာလည်း ထိုနည်းတူစွာပင် အားပါးတရနှုတ်ဆက်ကြလေတော့၏။
အလိုက်အထိုက်ပင် ပြန်လည်နှုတ်ဆက်ခဲ့ရသော်လည်း ရင်တွင်းတွင်တော့ ပူဆွေးမှုတို့မှာ လှိုက်လှိုက်လှဲလှဲဖြစ်နေ ရလေ၏။ သင့်တင့်ရုံမျှလောက်ပင် ပြောစရာစကားတို့ပြောပြီး သူမတစ်ယောက်တည်း အိပ်ခန်းတွင်းဝင်၍ ခေတ္တနားနေမိခဲ့ တော့၏။
ယခင် ရေခြားမြေခြားတွင် ခံစားရ၊ လွမ်းရဆွေးရသည်အား အဓိပ္ပါယ်ရှိသကဲ့သို့ ခံယူခဲ့မိသလိုပင် ဖြစ်ခဲ့ရသော်လည်း ယခု မြန်မာပြည်သို့ရောက်နေပြီဖြစ်သော်လည်း ထိုစဉ်မှာကဲ့သို့ပင် ကြေကွဲနေ၊ လွမ်းဆွတ်နေရပြီး၊ ချစ်ရသူ ကိုလတ် တစ်ယောက် ဘယ်ဆီရောက် ဘယ်ဆီပေါက်နေမှန်း မသိရသည်ကိုက လွန်စွာမှကိုပင် မကျေနပ်ချင်စရာပါလားဟုပင် အားမလို အားမရပင် သူမတစ်ယောက် ဖြစ်ခဲ့ရလေတော့၏။
ထို့ကြောင့် “နန်းနီလာအောင်”ဟူသော မနလေး အမျိုးသမီးပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်မလေးအားဖုန်းဆက်ဖြစ်လေတော့၏။၎င်းလက်ကိုင် ဖုန်းသို့ ကြားနေကြမဟုတ်သော Ringtone တစ်ခု မြည်လာ၍ တအံ့တသြဖြင့် ဖုန်းနံပါတ်အား ကြည့်လိုက်မိပြီးလျှင် ထိုဖုန်းအား လက်ခံဖုန်း ထူးလိုက်လေတော့၏။
“Hello . . . ဟေ့ ဒီဖုန်းနံပါတ်နဲ့ ဒီအသံကိုတော့ မှတ်မိတယ်မလားဟင် . . . ”
“ဟယ် . . . သူငယ်ချင်း . . . ဘယ်တုန်းက ပြန်ရောက်တာလည်းဟင် . . . ”
“ဒီနေ့ဘဲရောက်တာ သူငယ်ချင်းရေ . . . အခု ယူ့ကို ပထမဆုံး ဖုန်းဆက်ဖြစ်သလို . . . ပထမဆုံး သူငယ်ချင်းတွေ ထဲမှစပြီး  နှုတ်ဆက်ဖြစ်တာဘဲ . . . 
ဤသို့ သစ္စာမောင်တစ်ယောက် ဖုန်းကို လက်ခံပြောဆိုနေသူ သူငယ်ချင်း နီလာအောင်မှာ . . .
“သြော် . . . မိသစ္စာတို့က နီလာ့အပေါ်မှာ အတော် သစ္စာရှိကြောင်း သက်သေခံတဲ့သဘောပြောတာပေါ့ ဟုတ်လား”
“သစ္စာရယ် . . . ယူက လာမယ်ဆိုလည်း အီးမေးလေးဘာလေးပို့ထားပေါ့ဟယ် . . . ကိုယ်က ဒီမှာ Off Time နည်းတယ်ဆိုပေမဲ့ Online တော့ သုံးဖြစ်နေပါတယ် . . . ယူကို ဟိုမှာ ဒီမှာ လုပ်မှာဆိုးလို့လား . . . အခုလို ဘာအကြောင်းမှ မကြားဘဲ ပြန်လာတဲ့သဘောက . . .  ဟုဆိုကာပင် ချစ်သူငယ်ချင်းဖြစ်သူအား မန်း အမျိုးသမီးဆေးရုံ တွင်Postin ဝင်ကာလက်ထောက်ဆရာဝန်တဦးအဖြစ်တာဝန်ထမ်းဆောင်နေပြီဖြစ်သော ဒေါက်တာနန်းနီလာအောင် မှရန်တွေ့လေတော့၏။
သစ္စာမောင်မှ “မဟုတ်ပါဘူးဟယ် . . . ကိုယ် အတော်လေးကို စိတ်လက်မချမ်းမသာဖြစ်နေရတာ အတော်ကို ကြာနေပါပြီ . . . ဘယ်လိုမှကို စိတ်လက်မရွှင်မလန်းနေရတော့ . . . အခုလို သူငယ်ချင်းတို့အားလုံးကို အကြောင်းမကြား နိုင်ဘဲ ပြန်လာခဲ့ဖြစ်တာပါ . . . တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ် နီလာရယ် . . . 
နီလာအောင် တစ်ယောက်မှာတော့ “ရပါတယ် . . . သူငယ်ချင်းရယ် . . . ကိုယ်က ကျီစယ်တာပါဟယ် . . . အခုလို ရောက်ရောက်ခြင်း ဖုန်းဆက်ရခြင်းက . . . သတိရလို့လား . . . ဒါမှမဟုတ် ဘယ်သူ့အကြောင်းမေးမလို့လည်း . . . ဇော်မင်းနိုင်အကြောင်းလား . . . ကျော်ထွဋ်ခေါင်လား . . . နေပါဦး နောက်ဘယ်သူတွေများရှိသေးပါလိမ့် . . .  ဟုပင် နန်းနီလာအောင်ဆိုသူမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သလို အလုပ်သင်ဆရာဝန်ကို အတူတကွဖြတ်သန်းပြီး တစ်ခန်းတည်း၊ တစ်ဆောင်တည်း နေခဲ့ရသူ သူငယ်ချင်းအား ဟိုစဉ်အချိန်ကာလမှ စနောက်ပေးစားခဲ့ရသော ယခင် ဆရာဝန်လောင်းများ ဖြစ်ခဲ့ကြသူများဖြစ်သလို ယခု လက်ထောက်ဆရာဝန်များဖြစ်နေပြီဖြစ်သော သူတို့နှင့်ပင် အရင်လိုစနောက်ပြောဆိုနေခြင်း ပင်ဖြစ်တော့၏။
“ဟယ် . . . မိန်းမရယ် . . . ယူပြောတာ တစ်ခုမှ မဟုတ်ဘူး”
နီလာအောင်မှာ မည်သို့မှပြောဆိုခြင်းမပြုဘဲ ရယ်ပင်သာ ရယ်လို့နေတော့၏။
သစ္စာမောင်မှ “ပြောတာ နားထောင်ပေးစမ်းပါဟယ် . . . 
“ဟုတ်ပါပြီရှင် . . . ဟုတ်ပါပြီ ပြောတော်မူပါရှင် . . . နားထောင်တော်မူပေးပါ့မယ် ”ဟုပင် သူငယ်ချင်းဖြစ်သူအား နားထောင်၊ နှစ်သိမ့်၊ အကြံပြု၊ အတိုင်ပင်ခံဖြစ်တော့မည်ကို ကြိုတင်သိနေသော လေသံနှင့်ပင် နန်းနီလာအောင်မှ ဆိုလေ၏။

“ကိုယ် US မသွားခင်လေး ယူ့ကို ပြောပြဖူးတယ် . . . မောင်မောင်လတ်ဆိုတဲ့ လားရှိုးသားလေးနဲ့ပတ်သက်ပြီး မှတ်မိသေးတယ်မလားဟင် . . . အဲဒါ . . . သူက ကိုယ် US ရောက်နေချိန်မှာလည်း အီးမေးတွေ ဆက်တိုက်ပို့လာခဲတယ် ဟာ . . . အခုအချိန်မှာတော့ ကိုယ်အချိန်ကို ချွေတာသောအားဖြင့် ရှင်းရှင်းဘဲပြောတော့မယ်ဟာ . . . ကိုယ်သူ့ကို တအား အဆက်အသွယ်ရချင်တယ် . . . သူနဲ့လုံးဝကို အဆက်အသွယ်ပြတ်သလိုဖြစ်နေတာ . . . သူ့ရဲ့လက်ရှိအခြေအနေကို သိချင်တယ် . . . ပြီးတော့ ကိုယ်သူ့ကို ကိုယ့်ရင်ထဲမှာရှိတဲ့အတိုင်းဝန်ခံချင်တယ်”ဟုဆို၍ပင် သစ္စာမောင်တစ်ယောက် စကားကိုခေတ္တရပ်လိုက်လေ၏။
ထိုအခါနီလာမှ “သူ့ အီးမေးတွေသိနေပြီဆိုတော့ ယူက မေးမပို့ကြည့်ဘူးလား . . . ပြီးတော့ သူ့ဖုန်းနံပါတ်ကိုရော ယူမဆက်ကြည့်ဘူးလား”ဟုဆိုလျှင် သစ္စာမောင်မှ . . .
“ကိုယ့်အဖြစ်က ပြောရခက်တယ်ဟာ . . . သူ့ကို ကိုယ်ကတစ်ခါမှ Mail ပြန်မပို့ခဲ့ဘူး . . . အခုမှ ပြန်ပို့လိုက်လို့ သူက ကိုယ့်ကို လက်မခံနိုင်တော့တဲ့ အခြေအနေမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာ You စဉ်းစားကြည့်ပါဦး”ဟုဆို၍ပင် သက်ပြင်းရှည်အား ချလိုက်လေတော့၏။
“သစ္စာရယ် . . . အမူလွန်သွားတာပေါ့ ဟုတ်လား . . . အေးဟယ် . . . အဲ့လိုဘဲပြောရတော့မလိုဖြစ်နေပြီ . . . သူ ကိုယ့်ဆီဝင်တဲ့ အီးမေးပို့ချိန်လား . . . သူအတော်ကို အောင်မြင်နေပြီဆိုတဲ့ အခြေအနေမျိုးတွေ ကိုယ်ရိပ်ဖမ်းသံဖမ်း မိလောက်အောင် ပြောသွားတယ် . . . ကိုယ့်ဘက်က ဘာမှပြန်မပြောတော့ သူလည်း စိတ်ကုန်ချင်ကုန်သွားတာလည်း ဖြစ်မှာပေါ့ဟာ . . . ကိုယ် လားရှိုးက ရန်ကုန် ပြန်ရောက်ခါစ . . . သူနဲ့ ဖုန်းတစ်ခါအေးဆေးပြောဖြစ်ပါတယ် . . . သူကိုယ့်စီ က အီးမေးတောင်းတာ အဲ့တုန်းကပေါ့ . . . ကိုယ်က ကိုယ် US သွားမဲ့အကြောင်း သူ့အနေနဲ့ ဘယ်လိုမှကို မသိနိုင်ဘူးလို့ ထင်ထားတာ . . . မင်းသားက ပြောထွက်လာတယ် . . . ဟယ် ကိုယ်လေ သူ့အပေါ်ကို တော်တော်ကို အံသြသွားမိတယ် … ပြီးတော့”ဟုဆိုရင်း နီးလာမှ “ပြီးတော့ဘာဖြစ်လည်း . . . ပြောလေ” . . . “ဘာမှမဖြစ်ပါဘူး နီလာရယ် . . . ကိုယ်သူ့ရဲ့ ကိုယ့်အပေါ်ကို စိတ်ဝင်စားပုံ၊ အလေးထားတတ်ပုံလေးကို အသိအမှတ်ပြုလိုက်မိတယ်လို့ ပြောမလို့ပါ . . .”
သစ္စာမောင်စကားကို နားထောင်ရသည်နှင့်ပင် ဘဝတူ သူငယ်ချင်း အပျိုကြီးတစ်ယောက် မည်မျှပင်ခံစားနေရမည် ကို နန်းနီလာအောင်အနေဖြင့် နားလည်ခဲ့ပါသည်။ ထို့အတွက်ကြောင့်ပင် “ဒါဆို အခု သူ့ဖုန်းကို ဆက်ကြည့်သေးလား”ဟု နီလာမှမေးလျှင် “ကိုယ်မဆက်ရဲဘူးနီလာ . . . ဆက်လိုက်လို့ သူနဲ့တွေ့တယ် . . . စကားတွေပြောဖြစ်ကြတယ်ဘဲထား . . . သူ့ရဲ့ အခြေအနေဟာ ကိုယ့်အပေါ်ကို လက်မခံနိုင်တော့တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့မှာဆိုးတယ်”ဟုပင် အားငယ်စွာနှင့် ဆိုလေ၏။
ထို့ကြောင့်ပင် ချစ်သူငယ်ချင်းကောင်း နန်းနီလာအောင်မှ “ဒါဆိုရင် . . . ဒီလိုလုပ်ဟာ . . . လားရှိုးမှာ ကိုယ့်နဲ့ခင်မင် နေတဲ့ သူငယ်ချင်း Internet Blogger တစ်ယောက်ရှိတယ် . . . သူ့ကို ကိုယ့်ဘက်ကနေ အကူအညီတောင်းစုံစမ်းဖို့ ပြော ကြည့်မယ် . . . ကိုယ်ကူညီနိုင်သလောက် ကူညီပေးပါ့မယ် . . . မိသစ္စာမောင်ရယ်”ဟုပင် အားပေးစကားပြောလိုက်လေရာ သစ္စာမောင်မှ “လားရှိုးက ယူ့သူငယ်ချင်း Internet Blogger ဟုတ်လား . . . အဲ့ဒါ အတော်နီးစပ်တဲ့လုပ်ဆောင်မှုဘဲ သူငယ် ချင်း . . . ကိုယ်တကယ်ကျေးဇူးတင်ပါတယ် နီလာရယ်”ဟုပင် ပြောရင်းသစ္စာမောင်ဟူသော ပညာပြည့်ဝနှလုံးလှသည့် ဆရာဝန် မချောလေးမှာတော့ ချစ်ရေးချစ်ရာမှာ အားကိုးရှာနေရပြီ ဖြစ်နေလေ၏။
                - - - - - - - - - - - - - - - - - -  ။ - - - - - - - - - - - - - - - - - -
တစ်ညတာအချိန်ကာလကို မြန်မာ့မြေပေါ်တွင် ဖြတ်သန်းခဲ့ရပြီဖြစ်သော်လည်း ချစ်ရသူ မောင်မောင်လတ်နှင့် အဆက်အသွယ်ရနိုင်ရန် ကြိုးစားနေခြင်းမှ အားရလောက်အောင် အဆင်ပြေသည်က မရှိသေးချေ။
ယခင် သူမ လားရှိုး NGO လုပ်ဖော်ကိုင်ဖက်များအား ဆက်သွယ်စုံစမ်းလျှင်တော့ ဖြစ်နိုင်ချေရှိသော်ငြားလည်း သူမ အနေဖြင့် အထမြောက်သော ချစ်ခြင်း၏ဆုံဆည်းခြင်း တစ်စုံတစ်ရာကို အမှန်တကယ် ရရှိမှသာလျှင် ကျန်လူများသိစေချင် သလို သူမ၏ အမူလွန်ခြင်းကြောင့် ကျန်ရစ်ခဲ့ရလေခြင်း သတင်းမူကား အပိုင်းအစလေးမျှပင် မထွက်စေချင်သောကြောင့် အခက်တွေ့နေရခြင်းပင်ဖြစ်တော့၏။
ထို့ပြင် သူမ US တွင်ရှိစဉ် လားရှိုးမှ ယခင်လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ မိတ်ဆွေတစ်ဦးနှင့် အွန်လိုင်းတွင် အဆက် အသွယ်ရရှိခဲ့စဉ်တုန်းက မောင်မောင်လတ်မှ လားရှိုးဆေးရုံကြီးမှ အမျိုးသမီးတစ်ဦးနှင့် ချစ်နေကြသကဲ့သို့ သတင်းမျိုးလည်း ကြားခဲ့ဖူးသောကြောင့် ထပ်မံစုံစမ်းရန် ကြောင့်ကျစိုးရိမ်မှုတို့ ဖြစ်နေရခြင်းလည်းဖြစ်၏။
ဤသို့ပင် သူမတစ်ဦးတည်းရှိနေသည့် သူမ၏အိမ်ခြံဝင်း ပန်းခြံနံဘေးသို့ မောင်ဖြစ်သူ ကျော်စွာမောင်ရောက်ရှိလာပြီး လျှင် “မမ . . . မောင်မောင် . . . မမကို ပြောစရာရှိတယ် . . . မမရဲ့သူငယ်ချင်း ကိုမောင်မောင်လတ်ဆိုသူ့အကြောင်းပါ. . .” ဟုဆိုလိုက်လျှင် သစ္စာမောင်တစ်ယောက် ရုတ်တရက် မျက်လုံးများပြူးသွားသကဲ့သို့ပင်ဖြစ်၍ သူမ ပါးစပ်မှာ အနည်းငယ်ပင် ပွင့်၍ သွားလေ၏။
ထိုအခါ မောင်ဖြစ်သူမှ “မမ . . . ဘယ်လိုဖြစ်တာလည်း . . . ဘာကို ဒီလောက်လန့်သွားရတာလည်း . . . မမရယ်” ဟုဆိုမှပင် သူမ သတိဝင်လာပြီး . . .
“ဟား . . . မောင်မောင်ကလည်း ရုတ်တရက်အလန့်တကြားပြောလိုက်တော့ ဘာများဖြစ်လည်းလို့ပါ . . . ကဲ ပြော ပြော . . . သူ့အကြောင်းဘာတွေများ သိနေကြားနေလို့လည်း . . . ” ဤသို့ဆိုလျှင် မောင်ဖြစ်သူမှ -
“မမ ထွက်သွားခါစမှာ မောင်မောင်ရှိနေတဲ့အချိန် သူအိမ်ကိုဖုန်းဆက်လာတယ် မမ . . . အဲ့ဒါ မောင်မောင်က . . . မမ မရှိတဲ့အကြောင်း ခရီးထွက်သွားတယ်လို့ပြောတော့ . . . သူက မမမှာ မောင်လေးရှိနေတယ်ဆိုတာ သူသိပြီးဖြစ်မှာ ပေါ့လေ . . . သူက ညီလေး . . . .မမ ဘယ်ဖုန်းယူသွားလည်း . . . 515 လား . . . 730 လားဆိုပြီး မမ လားရှိုးမှာကိုင်တဲ့ ဖုန်းနံပါတ်ရော . . . ရန်ကုန်ပြန်ရောက်တော့ မမပြောင်းကိုင်တဲ့ဖုန်းရော နှစ်လုံးစလုံးကိုမေးတယ် . . . အဲ့ဒါနဲ့ မောင်မောင် လည်း . . . အစ်မက ဖုန်းမယူသွားဘူးလို့ဘဲ ပြောလိုက်တယ်၊ . . .  သူက ပြန်မေးလာတယ် . . . နိုင်ငံခြားထွက်သွားပြီ လားတဲ့ . . . အဲ့ဒါနဲ့မောင်လေးလည်း ဟုတ်တယ်လို့ပြောလိုက်တယ် . . . အဲ့တော့ သူက . . . မမရဲ့ G.mail account က ဘာလည်းတဲ့ . . . မောင်မောင်က မသိဘူးလို့ဘဲပြောလိုက်တယ်။ . . . သူက မလျော့ဘူးဗျာ! . . . မမရဲ့ Sailormon account ကတော့ သူ့ဆီမှာရှိတယ်တဲ့ . . . မမက သူ့ကို G.mail မပေးခဲ့လို့တဲ့ဗျာ! . . . ကြည့်ရတာ မမကို အဲ့ဒီနေ့ သူတော်တော်ရစ်မဲ့သဘောနဲ့ အားယူပြီး ဖုန်းဆက်လာတာနေမှာပေါ့ . . . အစ်မနဲ့ မတွေ့နိုင်တော့ဘဲ မောင်နဲ့တွေ့တော့ မောင်ကိုတွေ့လည်း မောင်လုပ်သူကိုဘဲ ရစ်မယ်ဆိုပြီး ရစ်လားတော့ မသိတော့ပါဘူး . . . ပြီးတော့မှ သူ့နာမည်ကိုပြောသွား တယ်  . . . ” ဤသို့ပင် မောင်ဖြစ်သူမှ ချစ်ရသူ ကိုလတ်နှင့်ပတ်သက်သမျှကို ပြောပြခြင်းအား ကြားလိုက်ရလျှင် သူမ တစ်ယောက် အနည်းငယ်တော့ စိတ်ချမ်းသာခဲ့ရတော့၏။
“မမ . . . မောင်မောင်ပြောပြဦးမယ် နားထောင် . . . ” ဟုဆို၍ပင် ကျော်စွာမောင်မှ ၄င်း၏ ချစ်ရပါသော တစ်ဦးတည်းဖြစ်သည့် အစ်မကြီး နံဘေးတွင် ဝင်ထိုင်၍ ဆက်လက်လို့ပင် သူမ မြန်မာပြည်မှ ထွက်ခွါစဉ် မောင်မောင်လတ် သူမထံ အမျိုးမျိုးအဖုံဖုံဆက်သွယ်၍ သူမ၏ သတင်းအစအန မရမကရယူခဲ့ခြင်းတို့အား ပြန်လည်ပြောပြခဲ့တော့၏။
“တစ်နေ့မှာ . . . မောင်မောင် သူငယ်ချင်းတစ်ယောက် ဖုန်းပျောက်လို့ အထက်မြန်မာပြည်လမ်းညွှန်မှာ ရှာတုန်း သူ့နာမည်နဲ့ ဖုန်းနံပါတ်ကိုတွေ့တယ် သိလား  . . . ” ဟုဆိုသည်နှင့် သစ္စာမောင်သည် လွန်စွာမှပင်ပျော်ရွှင်သွားကာ ထခုန် ပစ်လိုက်ချင်စိတ်ပင် ပေါ်ပေါက်သွားတော့၏။
“ဟင်!  . . . အဲ့ဒီဖုန်းနံပါတ်ပါတဲ့လမ်းညွှန် အခု မောင်မောင်ဆီမှာရှိလား? ” ဟုဆိုရင်း မောင်ဖြစ်သူမှ . . .
“မမ . . . ပြောတာနားထောင်လေ . . . ဘယ်လိုဖြစ်တာလည်း . . . တခါတည်း မောင်မောင့်ရှေ့မှာတော့ အိနြေ္ဒလေး ဆယ်ပါဦးဗျာ! ” ဟု မောင်ဖြစ်သူစကားကြောင့် သူမအနည်းငယ်ရှက်သွေးဖျာရတော့၏။
မောင်ဖြစ်သူမှ ဆက်လက်၍ “အဲ့ဒီ ဖုန်းနံပါတ် မောင်မောင်မှတ်ထားပါတယ် . . . သူငယ်ချင်းတစ်ယောက်ဖုန်းနဲ့ ရှေ့နံပါတ်တွေတူနေတော့ မှတ်မိနေတာပါ . . . 09-5276489 ပါ မမ . . . ” သူမမှ ချက်ခြင်းပင် ၄င်း၏ဖုန်းတွင် Save လိုက် လေ၏။
ထိုအခါ မောင်ဖြစ်သူမှ “ဘာလို့ Save တာလည်းဗျာ! စကားကိုလည်း ဆုံးအောင်နားမထောင်ဘူး . . . မောင်မောင် သူငယ်ချင်းကောင်မလေးတစ်ယောက်ကို အဲ့ဒီဖုန်းနံပါတ်ကို ဆက်ခိုင်းကြည့်ဖူးတယ် . . . အဲ့ဒါ ဟိုဖက်က အဲ့ဒီဖုန်း သူ အရင်ကကိုင်တာမှန်တယ် . . . သူနိုင်ငံခြားကိုခဏသွားသေးတယ်တဲ့…အဲ့ဒီတုန်းကသူသွားတော့ အဲ့ဒ်ီဖုန်းကိုလက်ရှိကိုင်ထားသူကို ရောင်းသွားတယ်လို့ ပြောလာတယ် …”
ဤသို့ကြားလျှင် သူမမှ ထီပေါက်ပြီး ထီလက်မှတ်ရေထဲမျှောသွားသလိုအဖြစ်မျိုး ခံစားခဲ့ရလေတော့၏။ မောင်ဖြစ်သူ မှာ သူ၏အစ်မအတွက် တစ်စုံတစ်ခုတော့ ပြုလုပ်စွမ်းဆောင်ပေးမှဖြစ်တော့မည်ကို ဆုံဖြတ်၍ပင်သက်ပြင်းရှည်တခုချကာထွက်ခွါသွားလေ၏။
သူမအတွေးထဲသို့လည်း ဟိုအရင်တစ်ချိန် မောင်မောင်လတ်ပြောဖူးသော စကားတစ်ခွန်းကို ပြန်လည်အမှတ်ရမိ သွား၏။ “ကျွန်တော် ဘဝအခြေအနေက အခု ဖုန်းတစ်လုံးတောင်မှ မကိုင်နိုင်တော့တဲ့ဘဝပါ ဒေါက်တာ”ဟု ဆိုခဲ့ခြင်းကို ပြန်လည်ကြားယောင်ကာ စိတ်မကောင်းဖြစ်ခဲ့ရပြန်၏။
မှန်ပါသည်။ မောင်မောင်လတ်ဆိုသူနှင့် ပညာပြည့်ဝနှလုံးလှသူ ဆရာဝန်မလေး ဒေါက်တာ သစ္စာမောင်တို့ ဆုံဆည်းစဉ် မောင်မောင်လတ်တစ်ယောက်မှာ ကျန်းမာရေးအခြေအနေဆိုးဝါးမှု ကြုံတွေ့ခံစားရသည့်အပြင် အတော်ကိုပင် စီးပွားရေးလည်း ကျဆင်းနေချိန်ပင်ဖြစ်လေ၏။
ထို့ကြောင့်သည်လည်း မောင်မောင်လတ်မှ အသက်မက နှစ်သက်မြတ်နိုးတန်ဖိုးထားပြီး ချစ်ခဲ့ရပါသော ချစ်သူ သစ္စာမောင်အား face to face ကြိမ်ဖန်များစွာ ဆုံဆည်းခွင့်ရခဲ့ပေမဲ့လို့ ချစ်နေပါသည်ဆိုကြောင်းကိုမူ ဖွင့်ဟမပြောဖြစ်ခဲ့ခြင်း သာဖြစ်ပါသည်။
ဤသည်ကိုလည်း သစ္စာမောင် အနေဖြင့် နားလည်သဘောပေါက်လျှက်ရှိသလို မောင်မောင်လတ် မနှစ်သက်သော လုပ်ရပ်တို့ကိုမူ သူမဆင်ခြင်နေပြခဲ့သည်မှ သက်သေပြလျှက်ရှိပါသည်။
မောင်မောင်လတ်မှာလည်း ဤသို့ပင် သစ္စာမောင့် စတိုင်(လ်)လေးများကို မျက်လုံးထဲမှ မထွက်လောက်အောင်ပင် အစွဲလမ်းကြီး စွဲလမ်းခဲ့ခြင်းပင်ဖြစ်၏။

          - - - - - - - - - - - - - - - - - -  ။ - - - - - - - - - - - - - - - - - -

လားရှိုးမြို့၏ မြို့လယ်ခေါင်တွင်ရှိသော လက်ဖက်ရည်ဆိုင်တစ်ခုတွင် အသက်ရွယ်(၃၀)ကို အတော်အသင့်ကျော်ပြီ ဖြစ်သော အမျိုးသားတစ်ဦးသည် လက်ဖက်ရည်သောက်သကဲ့သို့ စီးကရက်တစ်လိပ်အား ရှိုက်ဖွာရင်းပင် ၄င်း၏ဘဝတွင် မည်သည့်မိန်းကလေးမျိုးကိုမှ မချစ်ခဲ့ဖူးသော အချစ်မျိုးနှင့် ချစ်ခဲ့မိသော ချစ်သူမိန်းကလေး၏ ဟန် ၊ ၄င်းမိန်းကလေး၏ အသံ ၊ ၄င်းမိန်းကလေး၏ မာန် နှင့်အတူ အဖိုးတန်လွန်းလှသော အိနြေ္ဒတို့ဖြင့်ပင် နေထိုင်သွားလာ၍ မွန်မြတ်သည့် လူမှု ပရဟိတ ကိစ္စရပ်များကို လုပ်ဆောင်နေခဲ့ပုံများကို ပြန်လည်မြင်ယောင်ရင်းပင် ချစ်ရလွန်းသူနှင့် နောက်ဆုံး ဆုံးဆည်းခဲ့ရခြင်း ကို ပြန်လည်လို့ပင် သတိရလွမ်းဆွတ်မိခဲ့တော့၏။
လက်ဖက်ရည်ဆိုင်တွင်ဖွင့်ထားသော အဝေးရောက်ချစ်သူဆိုသော သီချင်းသည်ကားလည်း ခံစားချက်တို့အား Playback မှသည် tempo တင်ပေးနေ၏။ ထိုနေ့ညနေတွင် မောင်မောင်လတ်သည် သစ္စာမောင်နှင့် တစ်ညနေလုံး စကား လက်ဆုံကျနေလေ၏။ မောင်မောင်လတ်မှ ထိုနေ့မှလွန်မြောက်လျှင် သစ္စာမောင်သည် ၄င်း Project မှ အပြီးထွက်ပြီး ရန်ကုန်သို့ပြန်တော့မည်အား မောင်မောင်လတ်တယောက်လုံးဝကိုပင် မသိရှာခဲ့ပေ။ သစ္စာမောင်မှ တကယ်လို့ အမှန်ကိုသိခွင့်ပေးလျှင် မောင်မောင်လတ် ဆိုသူမှ အတင်းအကြပ် ချစ်ရေးဆိုတော့မည်ဖြစ်သလို သစ္စာမောင့် အနေနှင့်လည်း ပြန်လည်ချစ်တုံ့ပြန်မိမည်ဖြစ်ပြီး ချစ်သူ တွေဖြစ်သွားရန်မှာ သေချာနေကြောင်းကို ကာကွယ်လိုက်ခြင်းသာဖြစ်၏။
အကယ်၍ ချစ်သူတွေဖြစ်သွားခဲ့ရင် သစ္စာမောင် အနေဖြင့် ဘဝ၏ ကြီးမားသောအောင်မြင်မှုများရရှိရန်မှာလည်း လွဲချော်သွားမည်ကို စိုးရိမ်မိနေသလို မောင်မောင်လတ်မှလည်း ၄င်းဘဝအတွက် အကြီးအကျယ်ပင် အားကုန်ဖွင့် ကြိုးစား နေမှုတို့၏ အရှိန်အဟုန် ပျက်ပြယ်သွားဖွယ်ရာအဖြစ်မျိုးတို့ကို မလိုလား၍ပင် ချစ်စိတ်တို့ကို မြိုသိပ်ရင်းနှင့်ပင် အသာအယာ နေခဲ့လိုက်ခြင်းသာ ဖြစ်ပါသည်။
မောင်မောင်လတ်မှာ ဤသို့ပင် ထိုနေ့တွင် ဆိုခဲ့လေ၏။
“ဒေါက်တာ . . . ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အတော်ကို ထိခိုက်နေတယ် . . . သိလား . . . ကျွန်တော် ဘဝအခြေ အနေရဲ့ တစိတ်တဒေသကို အသေအချာ ဒေါက်တာ သိပြီးနေပါပြီ . . . ကျွန်တော်ဘဝကို အကြီးအကျယ်ကို ပြန်ပြီး ကြိုးစား ရမှာပါ . . . စိတ်ဖိစီးမှုတွေသိပ်များလို့ . . . အခုကျွန်တော် ညတွေဆို လုံဝအိပ်လို့မရတော့ဘူးဆိုတာ သေချာတဲ့အသိဝင် လာရင် . . . CBZ 500 မီလီဂရမ် သောက်အိပ်နေရတယ် သိလား . . . ” ဟုပင် ဆိုလေ၏။
ထိုသို့ကြားရလျှင် ဒေါက်တာမလေးမှာ မျက်လုံးများပင်ပြူး၍သွား၏။
“ဘာလို့ . . . အဲ့လိုဆေးတွေလျှောက်သောက်နေရတာလည်း . . . အဲ့ဒါ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ဆေးတွေ . . . စိတ်ဆရာဝန်ကြီးတွေ လိုအပ်လို့သောက်ခိုင်းမှ သောက်ရတာ . . .  ဟု ဆိုလေ၏။
ကိုလတ်မှ မည်သို့မျှပြန်မပြောဘဲ ပြုံး၍သာနေလေ၏။
“ကိုလတ် . . . အဲ့လို CBZ သောက်တော့ ဘယ်လိုနေလည်း” ဟု ပြန်မေးလေ၏။
“ဘယ်လိုနေလည်းဆိုတော့ . . . အိပ်ပျော်သွားတာပေါ့ . . . အိပ်ပြီး မနက်နိုးလာရင် နေလို့ကောင်းတယ် . . . ညက ခံစားရတာတွေ အတော်သက်သာသွာတယ် . . . ဒေါက်တာ့ကို ကျွန်တော် ဥပမာပြောပြမယ်ဗျာ!”
“အကြောင်းအရာတစ်ခုကို တအား ခရေစီ(Crazy)ဖြစ်နေတယ်ဘဲထားပါတော့ . . . အဲ့ဒီစိတ်နဲ့ အိပ်လိုက်တယ် . . . နောက်တနေ့ မနက်နိုးတော့ အဲ့ဒီစိတ်က အဲ့ဒီအတိုင်းဘဲ . . . ကျွန်တော် CBZ သောက်အိပ်လိုက်ရင်တော့ နောက်တနေ့ အဲ့ဒီ ခရေစီ(Crazy)ဟာ အတော်ကိုသက်သာသွားတယ် . . . ” ဟု ဆိုလေ၏။

ဤသို့စကားကြားရလျှင် ဆရာဝန်မလေး ဒေါက်တာ သစ္စာမောင်မှာ လွန်စွာပင် စိတ်မကောင်းဖြစ်ကာ မျက်ရည်များ ပင် ဝဲ၍လာတော့၏။ ထို့နောက်တွင်ကား ဤသို့ပင် ကိုလတ်ဆိုသည့် တိတ်တခိုးလေးချစ်နေရသူအား ပြောလေ၏။
“ကိုလတ် . . . အခုပြောတာကို သေချာနားထောင်နော် . . . ကိုလတ် အခုဖြစ်နေတာ သိပ်ကိုပြင်းထန်တဲ့ စွဲလမ်းစိတ် တစ်ခုကို အကြောင်းပြုပြီး ညတွေမှာ အိပ်မပျော်နိုင်ဖြစ်နေတာ . . . အဲ့လို မအိပ်တဲ့ညတွေများလို့ ဦးနှောက်ပိုင်း ဆိုင်ရာ ဆဲ(လ်)တွေ ထိခိုက်ခံရသလို စွဲလမ်းစိတ်ကြောင့်လည်း စိတ်ဟာ . . . ရုပ်မှာ အနာတရဖြစ်သလို စိတ်မှာ ဖြစ်နေ တာ . . . အဲ့လိုမျိုးကို ဦးနှောက်နဲ့ စိတ်အထူးကု ပါရဂူကြီးတွေနဲ့ပြရတယ်” ဟု ဆိုလေ၏။
ထိုအခါ ကိုလတ်မှ “ဒေါက်တာပြောတာက . . . ကျွန်တော်ရူးနေပြီလို့ပြောတာလားဟင်?” ဟု သနားကမား မေးရှာ လေ၏။
“ရူးမှ စိတ်ရောဂါကုဆရာဝန်တွေကိုပြရတာမဟုတ်ဘူး . . . စိတ်ရောဂါအမျိုးမျိုးရှိတယ် . . . အခု ကိုလတ် ဖြစ်နေတာကလည်း စိတ်ရောဂါတစ်မျိုးဘဲ . . . အခု လားရှိုးမှာ စိတ်ရောဂါကုဆရာဝန်ရှိတယ် . . . မြို့တမြို့မှာ စိတ်ရောဂါကုဆရာဝန်ရှိတယ်ဆိုတာ  . . . အင်မတန်ကံကောင်းတယ်မှတ်နော် . . . မြို့တိုင်းမှာ အဲ့လိုဆရာဝန်တွေ ရှိတာ မဟုတ်ဘူး . . . ”
ကိုလတ်မှာ “ကျွန်တော် တကယ်ရူးနေပြီဖြစ်မှာပေါ့” ဟု ပြော၍ပင် ချစ်ရသူလေး၏မျက်နှာအား ကပ်၍ကြည့်ကာ ပြုံးလိုက်လေ၏။ ဤသို့ပြုမူလိုက်လျှင် . . .
“ရူးနေပြီဆိုရင်တော့ ဝေးဝေးရှောင်ရတော့မှာဘဲ . . . တော်ကြာ သတ်သွားရင် ဘယ်လိုလုပ်မှာလည်း” ဟုဆိုကာ တခစ်ခစ်နှင့် ချစ်ဖွယ်သောဟန်မူတို့ဖြင့်ပင် ရယ်လေသော သစ္စာမောင်အလှသည်ကား မောင်မောင်လတ်ဆိုသူအတွက်တော့ အနှိုင်းမဲ့ ချစ်ပန်းချီတချပ်ပင် ထိုစဉ်အချိန်က ဖြစ်ခဲ့ရလေတော့၏။

­­­xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တနေ့သ၌  မောင်မောင်လတ်ထံသို့ E.mail တစ်စောင်ဝင်လာလေ၏။ ထို mail မှ မောင်မောင်လတ်နှင့် လွန်ခဲ့သော (၁၅)နှစ်ကျော် အချိန်ကာလမှ ခင်မင်ခဲ့ရသော လုပ်ဖော်ကိုင်ဖက်တစ်ဦးထံမှပင်ဖြစ်လေ၏။ ထိုသူနှင့်အတူ ယခင် အစိုးရဌာန တစ်ခုတွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးခြင်းတို့ကိုအကြောင်းပြု၍ပင် ယနေ့ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက် ကောင်းမွန်စွာ ပြောင်းလဲမှုတို့အပေါ်တွင် မူတည်ပြီး မောင်မောင်လတ်အား ယခင် ကျွမ်းကျင်စွာလုပ်ဆောင်ခဲ့ဖူးသော သတင်းထောက်လှမ်း စုံစမ်းရေးသားသော သတင်းမီဒီယာအလုပ်ကို ပြန်လည်လုပ်စေလိုကြောင်းနှင့်အတူ နိုင်ငံတကာ သတင်းဌာနတစ်ခုတွင် အလုပ်ဝင်စေလိုကြောင်းနှင့် ၄င်းကိုယ်တိုင်ပင် ထိုနိုင်ငံတကာ သတင်းမီဒီယာကြီး၏ မြန်မာပင်တိုင် သတင်းထောက်တစ်ဦးဖြစ်လာနိုင်ရန် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းတို့ ရေးသားထားသော mail တစ်စောင်ပင် ဖြစ်လေ၏။
ဤသို့ပင် ယခင်မိတ်ဆွေဟောင်း မိတ်ဆွေကောင်းဖြစ်ခဲ့သူ ဦးမြင့်မောင်ဦးဆိုသူနှင့် အဆက်အသွယ်ရခြင်းနှင့် ယင်း mail ပါ ကိစ္စရပ်များအား အလေးနက်ထား၍ပင် မောင်မောင်လတ်တစ်ယောက် စဉ်းစားမိနေလေ၏။
တစ်ပတ်ခန့် စဉ်းစားပြီးလျှင် လုပ်ဆောင်မည်ဖြစ်ကြောင်းကို ၄င်း၏မိတ်ဆွေ ဦးမြင့်မောင်ဦးထံ အကြောင်းပြန်လိုက် တော့၏။ ထို့နောက်တွင်ကား မောင်မောင်လတ်သည် ၄င်းလုပ်လက်စဖြစ်သော Internet Website များလုပ်ဆောင်လျှက် ရှိသော Royal Thinking Technology Group မှ လုပ်ငန်းများသည်လည်း အတော်ကိုပင် အရှိန်ရလာပြီဖြစ်သောကြောင့် အရည်အချင်းရှိသူ Software Engineer တစ်ဦးအား လက်ထောက်အဖြစ် တာဝန်ပေး၍ ၄င်းအနေဖြင့် သတင်းမီဒီယာကိစ္စ ရပ်များကို စတင်၍ လုပ်ကိုင်လေတော့၏။
ထို့ကြောင့်ပင် မကြာခဏ ခရီးဝေးများကို သွားရလေ၏။ Online မှလည်း မိတ်ဆွေသူငယ်ချင်း အတော်များများနှင့် ပင် Chatting ကို အချိန်ပေးကာ ထိုင်ဖြစ်ခဲ့တော့၏။ ထို Chatting မှပင် နယ်မှ University မှ ကျောင်းသူတစ်ဦးနှင့် ခင်မင်သွားလေ၏။
၎င်းအနေဖြင့် ဤသို့လုပ်ဆောင်ရခြင်းမှာ တဖက်မှ ချစ်ခဲ့ရသူကို မေ့နိုင်ပျောက်နိုင်ချင်စိတ်များလည်း ရှိခဲ့သော ကြောင့် ဖြစ်လေ၏။ မိမိသည် လွန်စွာအစွဲအလမ်းကြီးတတ်သူ တစ်ယောက်ဖြစ်သည့်အားလျော်စွာ မသေချာ မရေရာသော အချစ်ဇာတ်လမ်းလိုအခြေအနေမျိုးဖြစ်နေသောကြောင့်မူ မေ့ပျောက်နိုင်အောင်ကြိုးစားပြီး မေ့ပျောက်ပြစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်လေ၏။ Online တွင်လည်း ခင်မင်နေပြီဖြစ်သော မိတ်ဆွေသူငယ်ချင်းများရရှိလာ သကဲ့သို့ပင် လားရှိုးမြို့တွင်လည်း အမျိုးသမီးတစ်ဦးနှင့် ကြုံဆုံခင်မင်မှုရရှိခဲ့တော့၏။ ၄င်းအမျိုးသမီးသည် သစ္စာမောင်ကဲ့သို့ ပင် ဆရာဝန်မတစ်ဦးဖြစ်သလို မောင်မောင်လတ်ဆိုသည်နှင့်လည်း လိုက်ဖက်သည်ဟုပြောဆိုရှုမြင်လောက်သော အသက် အရွယ်ရုပ်ရည်မျိုးရှိသူပင် ဖြစ်၏။
၎င်းအမျိုးသမီးကိုမြင်လျှင် ရင်တွင်းတွင် ယခင်ကဖြစ်စဉ်သို့ ပြန်လည်ဝင်လာခဲ့သလို ယခင်ကသို့ပင် အထ မမြောက် သည့် ချစ်ခြင်းမျိုး ထပ်မှန်မဖြစ်အောင် ရှောင်နေလိုက်သည်က အကောင်းဆုံးဟုသာ ဆုံးဖြတ်၍ ရှောင်နေလိုက်တော့၏။
ဤသို့ပင် မောင်မောင်လတ်သည် ထပ်မှန်၍ နာကျင်မှုများမဖြစ်လာရန် လိမ္မာပါးနပ်စွာ နေခဲ့နိုင်သော်လည်း သတိမူ အချိန်တို့၏ အမှတ်တမဲ့မှာဘဲ တစ်စုံတစ်ဦးသော မိန်းကလေးသည်တော့ မောင်မောင်လတ်၏နှလုံးသားအား မလွတ်တန်း ဖမ်းကိုင်လိုက်ခြင်းခံရသကဲ့သို့ ဖြစ်ခဲ့လေတော့၏။
ဖြစ်စဉ်မှာ ဤသို့ပါပင်တည်း။ Online Chatting တွင် University မှ ကျောင်းသူလေးတစ်ဦးသည် နယ်မြို့တစ်ခု၏ မောင်မောင်လတ် Chatting တွင် ရှိသည့်အချိန်တိုင်း အတင်းကပ်၍ ကျူတူတူ ချွဲသဲသဲပြုလုပ်သလို Phone နံပါတ်ပါတောင်း ၍ တစ်ရက်လျှင် ဆယ်ကြိမ်ထက်မနည်း ဖုန်းဆက်တော့၏။ အစပိုင်းတွင် ထိုမိန်းကလေးသည် ၄င်း၏အဆောင်တွင် တစ်ခန်း တည်းအတူနေသူ University မှ ဆရာမတစ်ဦး၏ ဖုန်းနှင့်ဆက်လေ၏။ နောက်ပိုင်းတွင်တော့ ၄င်း၏ဖုန်းနှင့်သာ ဆက်တိုက် ဆက်သွယ်ခဲ့ခြင်းဖြစ်၏။
ထို့အတွက်ကြောင့် မောင်မောင်လတ်မှာ ထိုအသက်အရွယ်အားဖြင့် အလွန်ပင်ကွာခြားလှသော မိန်းကလေး ဖြစ်သလို ကျောင်းသူကလေးမျှသာရှိသည့် ကလေးမအား တစ်စုံတစ်ဦးအား အကူအညီတောင်း၍ ပါးနပ်စွာ အဆက်အသွယ် ဖြတ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်ခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် ၄င်းမိန်းကလေးမှာ ကျောင်းသူ၊ အသက်(၁၈)နှစ်ပင် မပြည့်သည့် ကလေးတစ်ယောက်ဖြစ်ပြီး အပျိုဖော်ဝင် စိတ်ကစားချိန်တွင် ယခုလို Online Chatting မှ ရင်းနှီးကျွမ်းဝင်မှုများ ကြောင့် တခဏမျှ စိတ်ကစားနေခြင်းကိုမူ မိမိအနေနှင့် နားလည်ထားခြင်းကြောင့်ဖြစ်၏။ ကလေးလုပ်လို့ လူကြီးအရူးဖြစ် သွားရင်လည်း မကောင်းဘူး၊လူကြီးလုပ်လို့ကလေးအ၇ူးဖြစ်သွားရင်လဲမကောင်းဟုဆို၍၄င်းကလေးမနှင့် တစ်ခန်းတည်းနေသူ ဆရာမဖုန်းသို့ဆက်၍ မိတ်ဆက်စကားပြောရင်း ပင် ထိုကလေးမနှင့် ပတ်သက်၍ ၄င်းအနေနှင့် မည်သို့မျှ စိတ်ထဲတွင်မထားကြောင်း၊ ယခုလို အတူနေသူ ဆရာမတစ်ဦး အနေဖြင့် ကလေးကို တဖြေးဖြေး ပြန်လည်တည်ငြိမ်မှုရရှိအောင် Control လုပ်ပေးစေလိုကြောင်း ပြောလိုက်လေတော့၏။
ထို့နောက်တွင်ကား ထိုမိန်းကလေးမှာ ငြိမ်၍ပင်သွားကြောင်း တွေ့ရလေတော့၏။ သို့သော်လည်း ထိုအချိန်မှစ၍ ၄င်းဆရာမလေးနှင့်ပင် မောင်မောင်လတ်ဆိုသူနှင့် ရင်းနှီးသွားကြပြီး ညတိုင်းလိုလိုပင် ဖုန်းပြောဖြစ်ကြတော့၏။
ထိုဆရာမလေး၏အမည်ကား မေရီ ဟူ၍ပင်ဖြစ်၏။ ၄င်းသည် ချင်းတိုင်းရင်းသူလေးဖြစ်သလို ခရစ်ယာန်ဘာသာဝင် တစ်ဦးလည်းဖြစ်လေ၏။ မောင်မောင်လတ်ဆိုသူ၏ ဖခင်ဘက်မှ အဘိုးဖြစ်သူမှာလည်း ချင်းစစ်စစ်တစ်ဦးဖြစ်သလို မောင်မောင်လတ်မှာလည်း generation တစ်ဦးဖြစ်သည့်အားလျော်စွာ ဆရာမလေး မေရီအား လွန်စွာပင် ခင်မင်မိသွားလေ ၏။  ၄င်းတို့နှစ်ဦးသည် ညတိုင်းပင် ရင်းနှီးပွင့်လင်းစွာ ဖုန်းပြောဖြစ်ကြတော့၏။ မောင်မောင်လတ်၏ facebook နှင့် ဖူးစာရှင် လေး website page မှ  ရေးသားထားသော post များကို ၄င်းဆရာမလေး မေရီသည် လွန်စွာမှသဘောကျသည်ဟုဆို၏။ ထို့ကြောင့်ပင် new post တင်တိုင်း ဦးစွာ comet ပေးလေ၏။
ဤသို့နှင့်ပင် တိုတောင်းသောကာလတစ်ခုအား ဖြတ်ကျော်ရင်းပင် လားရှိုးသား လူပျိုကြီး ဦးမောင်မောင်လတ်နှင့် တက္ကသိုလ်ဆရာမ ချင်းတိုင်းရင်းသူလေး မေရီတို့မှာ တစ်စုံတစ်ရာအတွင်းသို့ပင် လက်ချင်းရှက်၍ ရောက်သွားသည့်အလား  ဖြစ်ခဲ့လေတော့၏။ ထို တစ်စုံတစ်ရာသည်ကား “အချစ်”ဟု အထူးဖော်ပြရန်မှာ လိုမည်မဟုတ်သော်လည်း အချစ်ဟူသော တစ်စုံတစ်ရာအတွင်းသို့မောင်မောင်လတ်နှင့်မေရီတို့ရောက်ရှိသွားကြပုံကို တော့ရေးသားမှသာသဘာဝကျမည်ဖြစ်သောကြောင့်ရေးသားဖော်ပြလိုက်ရပါတော့သည်။
          - - - - - - - - - - - - - - - - - -  ။ - - - - - - - - - - - - - - - - - -

တစ်နေ့သော ညနေခင်းတွင် မောင်မောင်လတ်ဆိုသူသည် တစ်ဦးထဲပင် လေးနက်သော အကြောင်းအရာတို့အပေါ် တွင် အခြေခံ၍ ဖြစ်ပေါ်လာသော အတွေးစတို့အား အဖြေရှာနေမိ၏။ သူ၏ဘဝတွင် သိပ်သိပ်ကို ချစ်ခဲ့ဘူးသော ချစ်ရသူ တစ်ယောက် ရှိခဲ့ဖူးပါသည်။ ဤကမ္ဘာတွင် နယူတန် နိယာမအား ကမ္ဘာပညာရှိတို့မှာ လွန်စွာယုံကြည်လက်ခံထားသကဲ့သို့ ကမ္ဘာသူ ကမ္ဘာသား ပညာတတ်မှန်သမျှတို့သည်လည်း နားလည်ထားကြပြီးသည်ချည်းသာ ဖြစ်လေ၏။
သို့သော်လည်း မောင်မောင်လတ်ဆိုသူ၏ ဘဝအတွက်တော့ နယူတန်နိယာမနှင့် ဆန့်ကျင်ခဲ့သော အခြေအနေမျိုး သာ ၄င်းဘဝ ချစ်ခြင်းတွင် ဖြစ်နေခဲ့သည်ဟု ယူဆမိ၏။ ရေခြား မြေခြားတို့ရောက်ရှိသွားပြီး အချိန်ကာလတွေ အတော်ပင် ကြာညောင်းခဲ့သော်ငြားလည်း ၄င်း၏ အချစ်စစ်တို့၏ ခိုင်မြဲနေရခြင်းကို ကြိမ်ဖန်များစွာဆက်သွယ်ပြီး မသိသိအောင်ပင် ဆက်သွယ်ပြောကြားခဲ့သော်လည်း သစ္စာမောင်တစ်ယောက်မှာ မည်သို့မျှတုံ့ပြန်မှုကိုမူ ပြန်လည်ရရှိခြင်းငှာ မရှိခဲ့သည်ကို အကြောင်းပြု၍ စိတ်ပင်ဆိုးလာသလို တစ်စုံတစ်ရာအား အပြီးအပိုင်ပင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချမည်ဟုပင် အတည်ပြုခဲ့ မိတော့၏။
ထို့ကြောင့်ပင် ထိုနေ့ညတွင် ၄င်းနှင့်အတူတကွ နားလည်မှုရရှိပြီးသူဖြစ်သော မေရီအား အရေးကြီးလေးနက်သော စကားတို့ပြောရန် ဖုန်းခေါ်လေတော့၏။ ခါတိုင်းဆိုလျှင် ၄င်းတို့နှစ်ဦးသည် ည(၁၁း၀၀)နာရီမှသာ နှစ်ဦးသား လဲလျောင်း အနားယူရင်း ရိုးသားပွင့်လင်းစွာ ဖုန်းပြောနေကြဖြစ်သလို ထိုနေ့မှာ (၈း၃၀)နာရီခွဲခန့်မှာပင် ဖုန်းလာသံကြားရ၍ မေရီဖြစ်သူ မှာ အနည်းငယ် အံ့သြသွားလေ၏။
“Hello! အစ်ကို . . . ဘာဖြစ်တာလည်းဟင် . . . ညီမတောင်မှ အခုမှ Guide သင်ပြီး အဆောင်ပြန်ရောက်တာ . အစ်ကိုဖုန်းလာတော့ လန့်သွားတာဘဲ အစ်ကို ” ဆိုနေခြင်းမှာပင် မောင်မောင်လတ်မှ -ညီမလေး . . . အိုကိုနဲ့ညီမလေး ရင်းနှီးခဲ့တာ အချိန်ကာလဘယ်လောက်မှ မရှိသေးဘူး ဆိုပေမဲ့ . . .
အကို့သဘောထားမှန်သမျှကို ညီမလေး မေရီ အတော်နားလည်သဘောပေါက်ထားပြီလို့ အစ်ကို ယူဆထားတယ် ညီမလေး” ဟု ဆိုလိုက်လျှင် မေရီမှ -
“အစ်ကို . . . ဒီနေ့ဘယ်လိုဖြစ်နေတာလည်း? အစ်ကိုဘာပြောချင်လို့လည်း? ပြောပါအစ်ကိုရယ် ” ဟု ရိုးသားချစ် ဖွယ်စွာ မေရီမှ ဆိုလေတော့၏။
“ညီမလေး . . . အိုကို့ကို လက်ထပ်နိုင်မလား” ဟု တုန်းတိတိပင် မေးလိုက်တော့၏။
“Sorry! ပါ ညီမလေး ကိုကို ဆန္ဒတွေ သိပ်စောသွားလို့ပါ” ဤသို့ပြောလျှင် မေရီမှ -
“အစ်ကို . . . ညီမအကြောင်းတွေ နည်းနည်းပြောမယ် . . . ညီမတို့က သိပ်ကိုဆင်းရဲတယ် အစ်ကိုရယ် . . . ” ဟု ဆိုရင်း မောင်မောင်လတ်မှ -
“အဲ့ဒါတွေ ပြောမနေနဲ့ကွာ. . . ” ဟု ဆိုပြန်၏။
“အစ်ကို နားထောင်ပါဦး . . . ညီမကို အိမ်ကမိဘတွေက သဘောတူထားတဲ့ ချင်းအစ်ကိုကြီးတစ်ယောက်ရှိတယ် ဆိုတာ အစ်ကိုသိထားပြီးသားနော် . . . ညီမ ပြောပြဖူးတယ် . . . ” ဟု ဆိုရင်း မောင်မောင်လတ်မှ -
“ မင်း . . . သူ့ကိုကြိုက်လား  . . . သူ့ကိုယူဖို့ ဆုံးဖြတ်ပြီးပြီလား. . . ” ဟု အသံမာမာဖြင့် မေးလိုက်၏။
“မဟုတ်ပါဘူး အစ်ကိုရယ် . . . နားထောင်ပါဦး . . . ”
“တော်ပြီကွာ . . . ဘာမှထပ်မပြောနဲ့တော့ . . . ငါတို့နှစ်ယောက်ရဲ့သံယောဇဉ်ကို ငါတို့နှစ်ယောက်ဘဲသိတယ် . . . အဲ့ဒီတော့ ညီမလေး . . . ကိုကို ညီမလေးကို လက်ထပ်မယ်နော် . . . ” ဟု ဆိုလိုက်လေတော့၏။
မေရီသည် မမျှော်လင့်ဘဲ ဤသို့စကားမျိုးကြားရသလို ၄င်းစကားအဓိပ္ပါယ်မှာလည်း ပြောခြင်းမဟုတ် မေးခြင်းဖြစ်နေ ၍ပင် -
“အစ်ကို . . . ညီမပြောစရာတွေရှိသေးတယ် . . . ညီမက. . . ” ဟု ဆိုလျှင် မောင်မောင်လတ်မှ -
“ညီမလေး . . . ကိုကိုနဲ့ ညီမလေး လက်ထပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေက (၅၀)ရာခိုင်နှုန်းကျော်တယ်ဆိုရင် ကိုကို့ကို ဘာမှထပ်ပြီး ဖြေရှင်းမနေပါနဲ့တော့ ညီမလေး . . . ကိုကိုလည်း ဘာမှထပ်မပြောတော့ဘူး ” ဤသို့ကြားရလျှင် မေရီမှ -
“မဟုတ်ပါဘူး အစ်ကိုရယ် . . . ခဏလေးအချိန်ယူပြီး အခု စကားတွေကို ပြောရအောင်ပါ အစ်ကို . . . ဖုန်းဘီလ် ကုန်မှာဆိုရင်လည်း ညီမလေးပြန်ခေါ်ပေးပါ့မယ် . . . ” ဟုပင် ဆိုလိုက်လေ၏။
မောင်မောင်လတ်မှာ ဤသို့ မေရီ၏ ချစ်ဖွယ်သောရင်းနှီးမှုစကားသံအား ကြားရလျှင် ဟက်ဟက်ပက်ပက်ပင် ရယ်လိုက်လေ၏။
မေရီမှ “အစ်ကို ရယ် . . . ညီမလေးကို ရင်ခုန်အောင် ရည်းစားစကားတောင်မှ မပြောတော့ဘူးလားဟင်. . . ” ဟု အသံဖျော့ဖျော့လေးဖြင့် မေးရှာလေ၏။
ဤသို့ကြားရလျှင် “Sorry!ပါ . . . ကိုကိုသိပ်ချစ်ရတဲ့ ညီမလေးရယ် . . . ညီမလေး မေရီကို ကိုကိုချစ်တယ် . . . ညီမလေးကို ကိုကိုသိပ်ချစ်တယ် . . . ကိုကိုရန်ကုန်ကိုလာခဲ့မယ် . . . ညီမလေးလည်း ခဏခွင့်တင်ပြီး လာခဲ့ပါနော် . . . အရင်တစ်ခေါက် ကိုကိုတို့ အပြင်မှာတွေ့ခဲ့တုန်းက မိတ်ဆွေတွေအနေနဲ့ တွေ့ခဲ့တာလေ . . . အခု ချစ်သူဘဝရောက်သွားပြီ ဆိုတော့ ချစ်သူတွေလို တွေ့ချင်တယ် . . . ညီမလေးရယ် . . . ” ဟုပင် လွန်စွာမှ တည်ငြိမ်အေးချမ်းသကဲ့သို့ပင် လွန်စွာမှ လည်း ယောက်ျားပီသလှသော အသံတို့ဖြင့်ပင် ပြောလိုက်လေသော ချစ်စကားများအား ကြားလိုက်ရသည့် ချင်းတိုင်းရင်းသူ လေး မေရီအတွက်တော့ လောကကြီးတစ်ခုလုံးအား အကျေနပ်ကြီး ကျေနပ်သွားခဲ့လေတော့၏။ အဘယ်ကြောင့်ဆိုသော် စတင်ခင်မင်ချိန်မှစ၍လည်း မေရီမှာ ဦးမောင်မောင်လတ်ကို  တဖက်သတ်စွဲလမ်းခဲ့ပြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
ထို့ကြောင့်ပင် အစဉ်သဖြင့် အသက်အရွယ်အားဖြင့် (၁၀)နှစ်ပင်ကြီးနေသော အစ်ကိုကြီးတစ်ဦးအရွယ်မျှပင် ရှိနေသော်လည်း ၄င်းဘက်မှပင် အရာရာလိုက်လျော နားလည်ပေးခဲ့သည်ချည်းသာဖြစ်၏။
အစ်ကိုကြီးဖြစ်သူဘက်မှလည်း ၄င်းထက် အသက်(၁၂)နှစ်ခန့် ငယ်ခဲ့သည့် ညီမလေးအရွယ်ရှိသူ ၄င်းကို မည်မျှ သံယောဇဉ်တွယ်နေသည်ကို သိချင်၍ အမျိုးမျိုးစမ်းသပ်နေခြင်းသာ ဖြစ်လေ၏။ မည်သို့ပင်ဆိုစေ လက်ရှိကာလတွင်တော့ ပွင့်လင်းရိုးသားလှသည့် ချစ်ခြင်း၏တစ်စုံတစ်ရာထဲသို့ပင် ချစ်သူနှစ်ဦးသည် ကြည်နူးမှုရသတို့နှင့်အတူ ရောက်ရှိလို့ သွားကြ လေတော့၏။
          - - - - - - - - - - - - - - - - - -  ။ - - - - - - - - - - - - - - - - - -

“အစ်ကိုကြီး  . . . ညီမလေး အစ်ကိုကြီးကို ပြောစရာတစ်ခုရှိတယ် သိလား. . . ” ဤသို့ မေရီမှဆိုလိုက်လျှင်-
“ဘာတွေချန်ထားတာလည်း . . . အခုတော့ မျက်နှာချင်းဆိုင်တွေ့နေကြပြီဘဲ . . . အစ်ကိုကြီးကို လိမ်လို့ကတော့ လုံးဝရမယ်လို့ မထင်နဲ့နော် . . . ကဲပြော . . . ညီမလေးရဲ့မျက်လုံးကို အစ်ကိုကြီးက သေချာကြည့်ထားမှာနော်. . . ”
“သြော် . . . အစ်ကိုကြီးလို့ခေါ်လိုက်မိတာ မှားပါတယ်. . . ”
“ဘာတွေမှားတာလဲ. . . ”
“ညီမလေး သတိထားကြည့်နေတာကြာပြီ . . . အစ်ကိုကြီးလို့ခေါ်ရင် ကိုကိုက ဆရာကြီးသိပ်လုပ်တယ်. . . ”
“ဟုတ်တယ်လေ . . . အစ်ကိုကြီးလို့ခေါ်လိုက်တိုင်း ညီမလေးတစ်ခုခုတောင်းဆိုမယ် . . .  တစ်ခုခုကို စကား လှအောင်ပြောမယ် . . . ကိုကိုမကြိုက်တဲ့ . . . ကိုကို စိတ်မချတတ်မှန်းသိရဲ့နဲ့ . . . ကိုကို စိတ်မချဖြစ်တတ်သော သဘောတွေရှိတဲ့ ကိစ္စတွေလုပ်မယ် . . . လာပြောမယ် . . . အဲ့လိုစကားတွေပြောတော့မယ်ဆိုရင် အစ်ကိုကြီးလို့ခေါ်တာ  ညီမလေးအကျင့်. . . ” ဟုပင် မေရီနှင့် ချစ်သူဘဝသို့ရောက်ရှိသွားပြီဖြစ်သော မောင်မောင်လတ်မှပင် ဆိုလေ၏။
“မဟုတ်ပါဘူး ကိုကို . . . ညီမလေးလေ ကိုကို ကို သိပ်ချစ်တယ် သိလား . . . ဒါပေမဲ့လို့ ကိုကိုရယ် ညီမလေး ရင်ထဲမှာ . . . အဲ့လို ကိုကို့ ကို သိပ်ချစ်တယ်လို့ပြောဖို့ အတွေးစတွေ သတိရလေတိုင်း ရင်ထဲမှာ ကိုကိုနဲ့ ခွဲသွားရမှာ သိပ်ကို စိုးရိမ်နေမိတယ် ကိုကိုရယ် . . . အဲ့ဒါကြောင့်မလို့ ညီမလေး . . . ကိုကို့ကို သိပ်ချစ်တယ်ဆိုတဲ့စကား သိပ်ပြီးပြောမထွက် ခဲ့တာ သိလား. . . ” ဟုပင် ချစ်ရသူ ချစ်သူ့ရင်ခွင်ဝယ် လှဲလျောင်းမီတွယ်၍ပင် ရင်တွင်းဝယ် အစွဲလမ်းကြီးစွဲလမ်းခဲ့ရပါသော အမှန်ကိုပင်လည်း လေးစားအားကိုး တန်ဖိုးထားခဲ့ရပါသော ချစ်သူအစ်ကိုကြီး မောင်မောင်လတ်အား မေရီတစ်ယောက်၏ ပန်းနုရောင်နှုတ်ခမ်းတို့မှ ဆိုလေတော့၏။
မြကျွန်းသာဥယျာဉ်ဆီသို့ပင် ဦးတည်ရိုက်ခတ်လာသော နွေဦးလေတို့၏ ရိုက်ခတ်မှုတို့ကြောင့်ပင် မေရီ၏ လှပသွယ် ဆင်းလျှက်ရှိသော ဆံပင်များတို့သည်လည်း နွေဦးလေပြေတိုက်ခတ်မှုတို့ကြောင့်ပင် ချစ်သူ မောင်မောင်လတ်ရင်ခွင်သို့ တဖျတ်ဖျတ်လွင့်ပျံ့ကာပင် ရှိနေပါသောကြောင့် မောင်မောင်လတ်တစ်ယောက်မှ ချစ်ရသူလည်း ဖြစ်ခဲ့ရသလို ညီမလေး အရွယ်ပင် အသက်အရွယ်ရှိသည့် မေရီဆံပင်များကို လက်ဖြင့် အသာအယာပွတ်၍ ဆင်းဆွဲကာ နမ်းရှိုက်၍ပင် ဤသို့ ချစ်စကားများ ဆိုလေတော့၏။
“ကိုကိုသိပ်ချစ်ရတဲ့ညီမလေး . . . ပြောပါ . . . ညီမလေးဖြစ်ချင်တာတွေကိုပြောပါ ညီမလေးရယ် . . . ညီမလေးကို သိပ်ကိုချစ်ရပါပြီဆိုတဲ့ကိုကို လိုက်လျောပါ့မယ် . . . အလိုလိုက်ပါ့မယ် ညီမလေးရယ် . . . ” ဟုသာ ချစ်တဲ့သူအတွက် အရာရာ ပေးဆပ်ပါမယ်၊ လိုက်လျောပါမယ် ဆိုသကဲ့သို့ပင် မောင်မောင်လတ်မှ ပြတ်သားစွာဆုံးဖြတ်ချက်ချပြီးသော လေသံ တို့ဖြင့် ပြောလိုက်လေတော့၏။
“ညီမလေးပြောမဲ့စကားတွေကို ကိုကိုနားလည်ပေးမှာပါ . . . ဒီလိုပါကိုကိုရယ် . . . အခု ညီမလေး PhD ကို ဂျပန်မှာ သွားယူချင်တယ်ကိုကို . . . အရင် ကိုကိုနဲ့ ချစ်သူမဖြစ်ခင်တုန်းက ညီမလေးပြောခဲ့သလို ကိုကို စိတ်စွဲနေမှာ ဆိုးလို့ပါ . . . အစကတော့ တကယ်ပါ၊ မြန်မာပြည်မှာဘဲတက်မယ်လို့ စဉ်းစားထားခဲ့တာပါ . . . ” ဤသို့ပင် ကြားလိုက်သကဲ့သို့ မောင်မောင်လတ်မှာ လက်ထပ်ဖို့ဆိုတာကတော့ လတ်တလောအနေနဲ့ ဘယ်လိုမှမဖြစ်နိုင်သေးပါဘူးဆိုတဲ့စကားတွေ နောက်မှထွက်လာတော့မည်ကိုလည်း ကောင်းစွာပင် သဘောပေါက်နားလည်သွားတော့၏။
“နောက်ပြီးတော့ ကိုကို. . . ” ဟုဆို၍ပင် မေရီမှ စကားဖြတ်လိုက်လေ၏။
“ပြောပါ မေရီရယ် . . . လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်းသာပြောပါ . . . အခုလို ဆုံတုန်း ပြောစရာတွေအကုန် လုံးပြောပါ . . . ကိုကိုတို့နှစ်ယောက်က မိုင်ပေါင်းများစွာဝေးကွာပြီးနေရတာ . . . အသံလေးတွေနဲ့ဘဲ ဆက်သွယ်ကျေနပ်ခဲ့ ကြရသူတွေမလား. . . ” ဟုဆိုလျှင် -
“ဒီလိုပါကိုကို . . . အခု ညီမလေးက Neuclear Chemistry နဲ့ PhD ယူဖို့ လုပ်နေတာပါ . . . ဒီလောက်ပြောရင် ကိုကိုနားလည်မယ်ထင်တယ်. . . ” ဟုဆိုလေ၏။
မောင်မောင်လတ်သည် ရုတ်တရက်ဆိုသလိုပင် ၄င်း Neuclear ၏တုံ့ပြန်မှု Side effect များကို အသေအချာ ဖတ်မှတ်လေ့လာဘူးခဲ့သမျှကို ပြန်လည်သတိဝင်၍ပင် ဤသို့ပြောလေ၏။
“ဟား . . . ညီမလေးဟာက သိပ်ကို အန္တရာယ်များတဲ့ကိစ္စဘဲ . . . ဘာဖြစ်လို့ ဒီကိစ္စကိုမှ ရွေးရတာလည်း ညီမလေးရယ် . . . ကိုကိုချစ်တဲ့ညီမလေး . . . တခြားရွေးစရာ မရှိတော့ဘူးလားကွာ . . . ဒီကိစ္စကို ကိုကို စိတ်မချဘူး. . . ” ဟု တားချင်သကဲ့သို့သော လေသံဖြင့် ရင်ခွင်ထဲတွင် လှဲလျောင်းလျှက်ရှိသော မေရီ၏ ညာလက်ဖဝါးလေးကို ဆုပ်ကိုင်၍ ဆိုလိုက်၏။
ထိုအခါ မေရီမှ ရှည်လျားသော သက်ပြင်းရှည်အား ချမိလိုလေ၏။ “ကိုကို . . . ညီမလေး အမြဲသတိရှိနေပါတယ်. . . ကျေးဇူးပြုပြီး ညီမလေးကို စိတ်ချပေးပါနော် . . . နားလည်ပေးပါနော် . . . ဒီလိုအလုပ်တွေ လုပ်နေချိန်မှာလည်း အမျိုးသား တွေနဲ့လည်း အတူလုပ်ရတာတွေ ရှိသင့်တဲ့အခါတွေလည်း ရှိနေတာပေါ့ . . . ညီမလေး ကိုကို့ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူးလို့ ကတိပေးပါတယ် ကိုကို. . . ” ဟုပင် ချစ်ရသူတစ်ယောက် ယုံကြည်စိတ်ချပေးနိုင်လောက်အောင် တတ်အား သမျှပင် မေရီမှ စကားလုံးတို့ကို ကြိုးစား၍ ပြောနေလေ၏။
“မေရီ . . . ကိုကို ငယ်ငယ်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကြားဖူးခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ် တစ်ခုရှိတယ် . . . ကိုကိုတို့ ရှမ်းပြည်မှာဘဲ . . . ဒါပေမဲ့လို့ ကိုကိုတို့ဘက်မှာ မဟုတ်ဘူး . . . မိုးကုတ်ဘက်မှာ ရွာတစ်ရွာရှိတယ် . . . အဲ့ဒီရွာရဲ့ မြေကြောအောက်မှာ Neuclear ကြော ဖြတ်သွားတယ်လို့ ဘူမိဗေဒပညာရှင်တွေက ဆိုကြတယ် . . . အဲ့ဒီရွာမှာရှိတဲ့ အမျိုးသမီးတွေအားလုံး သားမြုံကုန်ကြတယ် . . . ဘယ်မိန်းကလေးဘဲဖြစ်ဖြစ် အဲ့ဒီရွာမှာနေပြီး အိမ်ထောင်ပြုရင် ကလေးလုံးဝကို မရကြတော့ဘူး . . . နောက် အဲ့ဒီက ပြောင်းပြီး တခြားဒေသမှာ (၅)နှစ်ကျော်ကျော် သွားနေတဲ့ မိန်းကလေး အိမ်ထောင်သည်တချို့သာ ကိုယ်ဝန်ပြန်ရတယ် . . . တချို့ အိမ်ထောင်သည်တွေလည်း လုံးဝကို ကိုယ်ဝန်မကပ်တော့ဘဲ တသက်လုံး သားမြုံတုန်းရောဂါ ဖြစ်သွားကြတယ် . . . နောက်ဆုံးတော့ . . . အဲ့ဒီရွာပျက်သွားတယ် ညီမလေးရေ . . . အခု ညီမလေးကို ကိုကို ကြောက်အောင်ပြောနေတာလည်း မဟုတ်ဘူး . . . ညီမလေးဘဝ တိုးတက်မှုကို တားဆီးနေတာလည်း မဟုတ်ဘူး . . . သို့ပေမဲ့လို့ စဉ်းစားပါဦးလား ညီမလေးရယ် . . . ကိုကို့ကို ချစ်တယ်ဆိုရင် ကိုကို့စကားကို နားထောင်ပါလား နော် . . .”
မောင်မောင်လတ်ဆိုသူမှာ ပြောသာပြောနေပါသည်။ ပြော၍ရမည်မှာတော့ မဖြစ်နိုင်မှန်းသိပြီးနှင့်သလိုပင် ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ချစ်သူ ချင်းမလေး မေရီ၏ တဇွတ်ထိုးဆန်မှုတွေ ထက်ထက်မြက်မြက်ဖြင့် ကြိုးစားလိုမှုတွေ၊ စွန့်စားခြင်းတို့အား ဝါသနာကြီးမှုတို့အား မြင်ခဲ့ကြ၊ တွေ့ခဲ့ကြသည်မှ နှစ်အချိန်ကာလတို့ ကြာညောင်းလှ သည်မှာ မရှိသော်ငြားလည်း ညစဉ်နှင့်အမျှ ဖုန်းပြောနေကြဖြစ်သည့်အားလျော်စွာ သိရှိနားလည်သဘောပေါက်နေပြီ ဖြစ်ပါ သောကြောင့်ပင်ဖြစ်၏။
မေရီမှ ချစ်သူ မောင်မောင်လတ်အား နောက်ဆုံးကျည်ဟု ဆိုရလောက်အောင် ပြင်းထန်သောစကားတစ်ခွန်းအား ဤသို့ဆိုတော့၏။
“ကိုကို . . . ကိုကိုနဲ့ ညီမလေး ဆုံဆည်းခင်မင်ကြရတဲ့အချိန်တွေမှ ကိုကို ပြောခဲ့သမျှစကားတွေကို ညီမလေး အမြဲ မှတ်ထားခဲ့တယ် သိလား . . .  ကိုကိုဟာ ဘဝအတွေ့အကြုံရင့်ကြတ်တဲ့ယောက်ျားကောင်းတစ်ယောက်ပီပီ သိပ်ကို တန်ဖိုးရှိတဲ့စကားတွေကို ညီမလေး ဘဝအတွက် ပြောပေးခဲ့တာတွေထဲက ညီမလေး တစ်ခွန်းပြန်ပြောပြမယ်နော် . . .” အဟမ်း . . . အဟမ်းဟုပင် နောက်တောက်တောက်ဖြင့် ချောင်းဟန်ပြရင်းပင် သွားများပေါ်အောင်ပင် ပြုံးပြလေသော မေရီ၏ အလှသည်ကား မြကျွန်းသာနေဝင်ဆည်းဆာအလှနှင့်ပင် အပြိုင်ယှဉ်နေလေတော့၏။
“ကိုကိုပြောခဲ့တဲ့စကားနော် . . . လောကကြီးမှာ လူဆိုတာ ကိုယ့်ရဲ့ အမျိုးဘာသာ သာသနာ လူတန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြတ်နိုးရမယ် . . . တန်ဖိုးထားရမယ် . . . ကိုယ်ကိုအကြောင်းပြုပြီး   ပိုပြီး တန်ဖိုးတက်သည်ထက် တက်အောင် လုပ်ရမယ် . . . ဘယ်တော့မှ ကိုယ့်အတွက်ကြောင့်ကိုယ့်အမျိုးဂုဏ်တန်ဖိုးကျအောင် မလုပ်ရဘူး . . . အဲ့ဒီလိုမျိုး ခံယူကျင့်ကြံ လုပ်ကိုင်နေထိုင်မှသာလျှင် လူဆန်မယ် . . . လူပီသမယ် . . . အဲ့ဒါ ညီမလေးကို ကိုကိုစတွေ့ခါစ ညတစ်ညမှာ ဖုန်းပြောရင်း ပြောခဲ့တဲ့ စကားပါဘဲ . . . ညီမလေး နှလုံးသားထဲမှာ အမြဲမှတ်ထားပါတယ် . . . အဲ့ဒီလိုဘဲ ကျင့်နေပါတယ် . . . အခုလည်း ကိုကို . . .  ညီမလေးတို့ ချင်းတိုင်းရင်းသူ တိုင်းရင်းသား အားလုံးအတွက် ဂုဏ်ယူနိုင်လောက်တဲ့ ပညာတတ်ကြီး တစ်ယောက် ညီမလေးဖြစ်ချင်တယ် . . . ဖြစ်အောင်လည်း အခုလုပ်သင့်သလောက် လုပ်နေပါပြီ . . . ကိုကိုလည်း ချင်းတစ်ယောက်ဘဲမဟုတ်လား ကိုကို . . . ညီမလေးကို ခွင့်ပြုနားလည်ပေးပါနော်” ဟုပင် ချစ်ရသူတစ်ယောက်အား မငြင်း မဆန်နိုင်လောက်သော စကားတို့အား မေရီဟူသော ချင်းတိုင်းရင်းသူလေးမှ ချင်းသံ ဝဲဝဲကလေးဖြင့်ပင် သွက်လက်ပေါ့ပါး မြန်ဆန်လှစွာ လေယူလေသိမ်းတို့ဖြင့်ပင် ပြောလိုက်လေတော့၏။
ထိုစကားအားကြားရလျှင် ကိုကိုဆိုသူ မောင်မောင်လတ်မှာ- “လုပ်ပါတော့ . . . ညီမလေးရယ် . . . စိတ်တိုင်းကျ. . . အောင်မြင်အောင်သာ လုပ်ပါတော့နော် . .  အစဉ်သတိရှိပြီးလုပ်ပါတော့ . . . ညီမလေးရေ . . . အောင်မြင်ပါစေနော်. . . ကိုကိုချစ်တဲ့ ညီမလေးအတွက် အမြဲဆုတောင်းပေးနေပါမယ် . . . အဝေးကနေအမြဲ ဆုတောင်းပေးပါမယ်နော် . . . ” ဟုပင် မောင်မောင်လတ်တစ်ယောက်မှ ပြောခွင့်ရသလိုပင်ဖြစ်နေပြီ ဖြစ်သောကြောင့် ထိုကဲ့သို့ပင်သာ ပြောလိုက်လေတော့၏။
ထို့နောက်တွင်ကား ၄င်းတို့ချစ်သူနှစ်ဦးသည် ရန်ကုန်မြို့၏ ညရှုခင်းအလှအား ကောင်းစွာမြင်တွေ့ခံစားနိုင်သော စားတော်ဆက်ကြီးတစ်ခုတွင် အတူတကွ ညစားစားကြလေ၏။ ပြီးလျှင် ရန်ကုန်မြို့ထဲသို့ နှစ်ဦးသားလက်တွဲ၍ လမ်းလျှောက်ကြလေ၏။
မောင်မောင်လတ်မှ ရန်ကုန်(၃၅)လမ်း၊ ဘားလမ်း၊ ပန်းဆိုးတန်းလမ်းတဝိုက်တွင် ယခင် သူ၏ဘဝ မြင့်မားတိုးတက် အောင် ကြိုးစားနေထိုင်ခဲ့ရပုံများကိုလည်း ပြန်ပြောင်း၍ မေရီအားပြောပြရင်း သူနေထိုင်ခဲ့ဘူးသောတိုက်ခန်းများကို လိုက်၍ ပြခဲ့၏။ ထိုစဉ်အချိန်တွင် နေ့လည်စာတနပ်သာ အသားငါးနှင့်ကောင်းစွာစားပြီး ညစာ၊ နံနက်စာများ ဖြစ်သလိုစား၍ အသက်မွေး အလုပ်လုပ်ခဲ့ပုံများကို ရန်ကုန်မြို့၏ ညလေညင်းခံ၍ပြောပြလျှင် နားထောင်ရသူ မေရီတစ်ယောက်မှာ မျက်ရည်များပင်လည်၍လာအောင် စိတ်မကောင်းဖြစ်နေလေ၏။
ထိုသို့နှင့်ပင် ည(၁၀း၃၀)နာရီအချိန်တွင် ၄င်းတို့ ခေတ္တတည်းခိုရန် ရန်ကုန်မြို့လယ်ခေါင်ရှိ လွန်စွာ ခန့်ညားလှသော Hotel သို့ရောက်ရှိကာ နှစ်ဦးသား Hotel အိပ်ခန်းတွင်းတွင် US မှ လက်မထပ်သေးမီ ချစ်သူစုံတွဲများကြည့်ရှုသည့် ရုပ်သံလိုင်းတစ်ခုအား ဖမ်း၍ ကြည့်ရှုကြလေ၏။ တခဏမျှ ကြည့်ရှုပြီးသည်နှင့်ပင် မေရီမှာ အိပ်ချင်ပြီဟုဆို၍ သန်းပြ လေ၏။
အမှန်ပင် ရိုးသားချစ်မြတ်နိုးဖွယ်ကောင်းလှသူလေး မေရီမှာ စကားသွက်သလောက် အသားညက်စွာဖြင့်ပင် ၄င်း၏ အချစ်အား ချစ်ရသူအစ်ကိုကြီး မောင်မောင်လတ် ယုံကြည်နိုင်လောက်အောင် ဖွင့်ဟပြမည်ဟုပင် သက္ကရပုံဟန်တို့ ပြသခဲ့ သော်ငြားလည်း ယောက်ျားကောင်းတို့၏ သီလတို့ ခိုင်မြဲနေပြီဖြစ်သော မောင်မောင်လတ်မှာ “ ယုံပါတယ် အချစ်ရယ် . . .  ကိုကို အပေါ်ကို ချစ်တဲ့အချစ်တွေကို ကိုကို အမှန်တကယ် ယုံပါတယ်နော် . . . မနေ့ကဆိုတဲ့အရာကလည်း ပြီးခဲ့ပါပြီ . . .  မနက်ဖြန်ဆိုတာလည်း မရောက်သေးဘူး ညီမလေး . . . အခုလက်ရှိ အခြေအနေကတော့ ကိုကိုတို့ရဲ့ လက်ထဲမှာပေါ့ . . . ကိုကို သိပ်ချစ်ရတဲ့ညီမလေး မေရီ မနက်ဖြန်ပေါင်းများစွာမှာလည်း တန်ဖိုးရှိလွန်းလှတဲ့ အပျိုစင်ပန်းကလေး အမြဲ မယိုင်း မယိုင်ဘဲ ချစ်ရသူနဲ့လက်ထပ်တဲ့ မင်္ဂလာဦးညထိတိုင် အဖိုးထိုက်တန်လှစွာ တန်ဖိုးရှိလန်းဆန်းနိုင်ဖို့အတွက် ကိုကို့ ဘယ်ဘက်လက်မောင်းပေါ်မှာဘဲ ဒီအတိုင်းအိပ်နိုင်အောင် ကြိုးစားပြီး အိပ်လိုက်ပါတော့နော်”ဟုပင်ဆို၍ ချစ်ရသူအား ကလေးချော့တေးဆို၍ပင် ထိုညတာခရီးရှည်အား သန့်ရှင်းစွာဖြတ်သန်းခဲ့လေတော့၏။
ထိုနေ့ညလွန်မြောက်၍ နံနက်မိုးသောက်လျှင် နှစ်ဦးသားသည် ရန်ကုန်တွင် လုပ်စရာရှိသည်များ ပြုလုပ်ကြလေ၏။ မောင်မောင်လတသည် ၄င်း၏ E.mail facebook များကို ၄င်းလုပ်ကိုင်သော လုပ်ငန်းများအား အနီးကပ် တပည့်ရင်းတစ်ဦး ဖြစ်သူ Software Engineer တစ်ဦးအား တာဝန်ပေးလုပ်ကိုင်စေပြီးလျှင် G.mail account အသစ်နှင့် facebook အသစ် ပြုလုပ်၍  သတင်းမီဒီယာ အလုပ်တစ်ခုတည်းသာ အာရုံတွင်ထည့်၍ လုပ်ကိုင်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ယခင်မိတ်ဆွေ တချို့တို့နှင့် တွေ့လိုလျှင် ၄င်းလက်ရှိ အသုံးပြုနေသော WCDMA ဖုန်းဖြင့်သာ ဆက်သွယ်စကားပြောဖြစ်တော့၏။
အမှန်ကိုဆိုလျှင် ၄င်း၏လက်ရှိ မီဒီယာလုပ်ငန်းများကိုလည်း နောက်တိုးလုပ်ငန်းဖြစ်သလို မှန်မှန်ကန်ကန်ရပ်တည် လုပ်ကိုင်နေခြင်းသာ ဖြစ်သောကြောင့် ယခင် G.mail account နှင့် ယခင် facebook တို့ဖြင့် ပြုလုပ်မယ်ဆိုရင်လည်း ပြုလုပ် နိုင်ပါသည်။ သို့သော်လည်း ဤသို့ ယခင် mail များ သုံးနေသရွေ့ ၄င်းစိတ်တွင်းဝယ် ယခင် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရသူ ဒေါက်တာ သစ္စာမောင်အား ပြန်လည်သတိရစိတ်များဝင်၍ အချိန်အတော်များများသည် ဝေဒနာတို့သည်သာ ရရှိခံစားခဲ့ရ သောကြောင့် ၄င်းအနေနှင့် ပြတ်ပြတ်သားသားအဖြစ် ၄င်းဘက်မှာ စတင်ဖြတ်တောက်လိုက်သကဲ့သို့ပင် စိတ် အပြောင်း အလဲဖြစ်ကာ စိတ်သက်သာရာ ရပါစေကြောင်း  ပြုလုပ်ခဲ့ခြင်းသာဖြစ်၏။ ဤသို့ပြုလုပ်ခြင်းအား ၄င်း၏ ငယ်သူငယ်ချင်း တစ်ဦးသည် သိလေ၏။ ထို့ကြောင့် ထိုသူငယ်ချင်းမှ “မင်းလုပ်ရပ်က မင်းအတွက်တော့ ဘယ်လိုဖြစ်တယ်မသိဘူး . . . ငါ့ အမြင် ပြောရရင်တော့ မင်းဂေါက်နေတဲ့လုပ်ရပ်ကို လုပ်သလိုဘဲ”ဟုပင် အားမနားတမ်း ဝေဖန်လေ၏။
မည်သို့ပင်ဆိုစေ လက်ရှိ အခြေအနေမှာတော့ မောင်မောင်လတ်အနေဖြင့် အတော်ကိုပင် နေသာထိုင်သာရှိသွား ပြီဖြစ်သလို မေရီအပေါ်တွင်လည်း အမှန်ပင် ချစ်နေရပြီဖြစ်၏။ သို့သော်လည်း မေရီနှင့် လက်ထပ်မည် ဆိုသည်မှာတော့ ရေရာလှသော အခြေအနေမှာ သိပ်မရှိလှကြောင်းကိုတော့ ၄င်းတစ်ဦးတည်းသာ သဘောပေါက်နေလေ၏။ ဒီအတွက်ကြောင့် လည်း ၄င်းမှ မေရီ နှင့် ပတ်သက်ပြီး ခံနိုင်ရည်ရှိရန် ကြိုးစားပြင်ဆင်ထားရန်လိုသည်ကိုလည်း နားလည်ထားပြီးဖြစ်၏။ ထို့ကြောင့်ပင် တူနှစ်ကိုယ် အေးချမ်းလွတ်လပ်စွာ အိပ်စက်ခြင်းအခွင်းရေးရခဲ့သော အချိန်ကာလတို့ကိုလည်း ယောက်ျားကောင်းတစ်ဦး  ပီသစွာဖြင့် သန့်ရှင်းစွာဖြတ်သန်းခဲ့ခြင်းသာ ဖြစ်၏။ ဤသို့ကြောင့်ပင်လျှင် အလုပ်ကိုသာ ဖိလုပ်မယ်ဟုဆုံးဖြတ်၍ ၄င်းမီဒီယာ ကိစ္စများနှင့်သာ ဘဝကိုနစ်ထားရန် ဆုံးဖြတ်၍ အလုပ်များကိုသာ လုပ်ကိုင်ခဲ့တော့၏။
ထိုနေ့တစ်နေ့လုံး လဲမေရီ ရန်ကုန်တွင်သွားလိုသောနေရာများသို့ မောင်မောင်လတ်တစ်ယောက် လိုက်၍ပို့လေ၏။ ညနေပိုင်းသို့ရောက်လျှင် မေရီမှာ “ပြည်”သို့ ပြန်ရတော့မည်ဖြစ်သလို မောင်မောင်လတ်မှလည်း “လားရှိုး”သို့ပြန်ရတော့မည် ဖြစ်သောကြောင့် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်မှပင် လမ်းခွဲနှုတ်ဆက်ခါ ပြန်ခဲ့ကြတော့၏။ ကားပေါ်မှ မေရီသည် ဖုန်းလိုင်းမိတိုင်း ချစ်ရသူ ကိုကိုထံ ဖုန်းဆက်လေ၏။  တိုက်ဆိုင်စွာပင် ညလယ်စာစားချိန်တွင် နှစ်ဦးသားကားရပ်သည်မှာ အချိန်ကိုက်ထားသလိုပင် ထပ်တူဖြစ်နေလေ၏။
နံနက်မိုးလင်းခါနီးတွင် မေရီမှာ “ပြည်”၄င်းနေထိုင်ရာ အိမ်ဆီသို့ ရောက်သွားလေ၏။ မောင်မောင်လတ်မှာတော့ နံနက်(၉း၀၀)နာရီမှပင် “လားရှိုး”သို့ ရောက်လေ၏။
မောင်မောင်လတ်တစ်ယောက်သည် တစ်ဦးတည်းပင် ၄င်းနေအိမ်ခြံဝင်းတွင် စီးကရက်များ တစ်လိပ်ပြီးတစ်လိပ် ရှိုက်ဖွာ၍ပင် ၄င်း၏ ဘဝကံတရားတို့အား တွေးတောစဉ်းစားနေမည်တော့၏။ ၄င်း၏ဘဝသည် အများတကာကဲ့သို့ပင် အချစ်ရေး ကံမကောင်းသူတစ်ယောက်များဖြစ်နေလားဟုလည်း တွေးမိနေလေ၏။ မေရီအား ချစ်ရေးဆိုပြီးနောက် နှစ်ဦးသား ချစ်သူဖြစ်ပြီးလျှင်  လက်ထပ်မည်ဟု ၄င်းအနေဖြင့် ဆုံးဖြတ်ထားခဲ့ပြီဖြစ်၏။ မေရီ PhD ဆက်တက်ရင်လည်း လက်ထပ်ပြီးမှ ဆက်တက်စေရန် တစ်ဦးတည်းစဉ်းစားထားခဲ့ခြင်းဖြစ်ပြီး ယခုပြန်ရောက်ခဲ့သော ရန်ကုန် နှစ်ဦးသားတွေ့ဆုံခဲ့ရသည့်ခရီးစဉ်တွင် ချစ်ရသူမေရီအား ပြောစရာရှိသည်များပြော၍ စီစဉ်စရာရှိသည်များကို စီစဉ်မည်ဟုပင် တွေးထားခဲ့သော်လည်း ယခုအခါတွင် မူ ၄င်းအစီအစဉ်များသာ ပျက်ပြယ်သွားခဲ့ရလေပြီဖြစ်၏။ ထို့ကြောင့်ပင် ယခင် ၄င်းအနေနှင့် အဘ ချင်းမျိုးနွယ်မှ ဆင်းသက် ခဲ့ရသူတစ်ယောက်အနေဖြင့် ယခု ချင်းမလေးဖြစ်နေသူ မေရီနှင့် ဆုံဆည်းချစ်ခွင့်ရခြင်းကို အလွန်ကျေနပ်နေမိပြီး လက်ထပ်  ဖြစ်အောင် လက်ထပ်ပြီး မျိုးနွယ်ကို ပြန်လည်ထိန်းသိမ်းသွားမည်ဟု အားခဲခဲ့ခြင်းသည်ကား ယခုအခါတွင် ဆားမပါသော ဟင်းအား စားရသကဲ့သို့ ၄င်း၏ တန်ဖိုးရှိလှသော အတွေးစတို့သည်ကား မသေချာတော့ပြီဖြစ်ကြောင်း ၄င်းအနေနှင့်ခံယူထားပြစ် လိုက်ပြီဖြစ်၏။ ထို့အတွက်ကြောင့်ပင် မောင်မောင်လတ်သည် တစ်ဦးတည်း ဝမ်းနည်းနေလေ၏။
မေရီသည် အလုပ်တွေ တအားများနေသည်ဟု အကြောင်းပြ၍ပင် မောင်မောင်လတ်အား ဖုန်းဆက်ကျဲလာတော့၏။  တခါတရံတွင် နေ့ခင်းဖြစ်စေ၊ ညပင်ဖြစ်စေ မောင်မောင်လတ်ဖုန်းဆက်လျှင် စက်ပိတ်ထားတတ်သလို black list ပင် လုပ်ထားတတ်သေး၏။ မောင်မောင်လတ်မှာတော့ ဘာမျှပြန်၍မပြောတော့ဘဲ အေးချမ်းစွာနှင့်သာ ၄င်းအလုပ်များ ကောင်းမွန်မှန်ကန်စွာ အောင်မြင်နိုင်ဖို့ စိတ်နှစ် ကြိုးစားခဲ့တော့၏။
တစ်နေ့၌ . . . မေရီဖုန်းသည် နေ့ခင်းပိုင်းမှာ ဝင်လာတော့၏။ မောင်မောင်လတ်မှ လက်ခံလိုက်လျှင် . . .
“အစ်ကိုကြီး . . . မေရီဆီ ဖုန်းသိပ်မဆက်တော့နဲ့နော် . . . အခုတလော ကျောင်းမှာ အလုပ်တွေလည်းများနေ သလို . . . ပါမောက္ခကြီးကလည်း ကျောင်းချိန်မှာ ဖုန်းမဆက်ဖို့ အမိန့်ထုတ်ထားတယ်. . . ” ဟုဆိုလေ၏။
မောင်မောင်လတ်မှာ မည်သို့မျှပင် စောဒကမတက်တော့ဘဲ . . .
“ဟုတ်ပါပြီ . . . ကိုယ်သဘောပေါက်ပါတယ်. . . ” ဟုပင် ပြန်လည်ပြောကြားလိုက်တော့၏။
ထိုအခါ မေရီမှ “အစ်ကိုကြီးကိုကြည့်ရတာ ညီမလေးကို အရင်တုန်းကလို မချစ်တော့သလိုဘဲနော်. . . ” ဟု ပြောလေ၏။
မောင်မောင်လတ်မှာတော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ . . .
“ကိုယ်မချစ်တော့ရင်လည်း . . . မေရီ လွမ်းစရာရှိမှာမှ မဟုတ်တာ . . . မေရီ ကိုယ့်အပေါ်ကို အရင်က အမှန် တကယ် ချစ်ခဲ့တယ်ဆိုတာ ကိုယ်ယုံပါတယ် . . . ဒါပေမဲ့လို့ ဂျပန်သွားပြီး ကျောင်းတက်မယ်လို့ ကြားလိုက်ထဲက . . .
ကိုယ်တို့နှစ်ယောက်ဟာ မဖြစ်နိုင်ချေများသွားပြီဆိုတာကို သဘောပေါက်ထားခဲ့တာပါ . . . အဲ့ဒါကြောင့်မလို့လည်း ဘဲ . . . မေရီအပေါ်မှာ ကိုယ့်အနေနဲ့ နစ်နာစေနိုင်သော အကြောင်းအရာတွေအားလုံးကို စောင့်ထိန်းခဲ့တာပါ . . . မေရီရဲ့ဂျပန်မှာကျောင်းပြီးမဲ့အချိန်နဲ့ မေရီ မိဘတွေ သဘောတူထားတဲ့သူ နိုင်ငံခြားကပြန်လာမဲ့အချိန်နဲ့က ကွတ်တိဖြစ်နေပြီလေ . . . အဲ့ဒီလို ကွက်တိဖြစ်ဖို့ ချိန်ပြီး အရင်မြန်မာပြည်မှာတက်မဲ့ အစီအစဉ်ကို ဖျက်ပြီး ဂျပန်ကိုပြောင်းလိုက်တယ်လို့ ကိုယ်ကနားလည်လိုက်ပါပြီ” ဟုဆိုလျှင် …
မေရီမှ “အစ်ကိုကြီး . . . အဲ့လို တဇွတ်ထိုးတော့ ကိုယ်မှန်တယ် . . . ကိုယ်ဟုတ်တယ် . . . ကိုယ်တွေးတာက အမှန် ဆိုပြီး အတ္တကြီးပြီးမပြောပါနဲ့ . . . ညီမလေး အစ်ကိုကြီးကို မချစ်ခဲ့ရင် အစ်ကိုကြီးနဲ့ ရန်ကုန်မှာတွေ့ဖို့ကိစ္စ လက်ခံခဲ့မလား ” ဟုဆိုရင် . . .
မောင်မောင်လတ်မှာ “ကဲပါ ညီမလေး . . . ဘာမှပြောမနေပါနဲ့တော့ . . . ညီမလေး အဆင်ပြေအောင်သာနေပါ. . . အစ်ကိုကြီး နားလည်ပေးနေပါမယ် . . . ကိုယ်တို့နှစ်ယောက်နဲ့ပတ်သက်လို့ ကိုယ်ဘက်ကတော့ ညီမလေး သဘောထား ကိုသာ လက်ခံနေပါမယ်” ဟုဆိုလိုက်လျှင် မေရီမှ  . . .
“ဟုတ်ပါပြီ အစ်ကိုကြီးရယ် . . . ညီမလေး မကြာမကြာတော့ ဖုန်းဆက်ပါမယ် . . . ” ဟုဆို၍ပင် ဖုန်းချသွား တော့၏။
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး (၃)လခန့်အကြာတွင် မေရီဆိုသူသည် မောင်မောင်လတ်ရှိရာ “လားရှိုး”သို့ ရောက်ရှိလာလေ၏။ ထို့နောက်တွင် မောင်မောင်လတ်နှင့်တွေ့ရန် ချိန်းဆိုလေ၏။ စိတ်ငြိမ်ရပ်ကွက်တစ်ခုမှ စားသောက်ဆိုင် တစ်ခုတွင် ၄င်းတို့နှစ်ဦးဆုံဆည်းကာ စကားပြောဖြစ်ကြလေတော့၏။
မေရီမှ “အစ်ကိုကြီး . . . စကားနည်းတယ်လို့ပြောရမှာလား . . . ဒါမှမဟုတ် စကားမပြောချင်တော့တာလား?” ဟု ဆိုလေ၏။
“အစ်ကိုကြီး . . . ဒီနေရာကိုလာတာပြောဖို့ထက် နားထောင်ပေးဖို့ပါ ညီမလေး . . . ညီမလေးပြောချင်တဲ့ စကားတွေ ကိုသာ ပေါ့ပေါ့ပါးပါးပြောပါ . . . အားနာစရာလည်းမလိုဘူး . . . ပြောသာပြောပါ ” ဟုပင် ဆိုလိုက်တော့၏။
ထိုအခါ မေရီမှ “ဒါဆိုလည်း ပြောပါ့မယ် အစ်ကို . . . ညီမလေးရဲ့ဘဝကို ညီမလေးရဲ့မိဘတွေ အများကြီးကြိုးစား အနစ်နာခံပြီး အခုလို ပညာတွေတတ်အောင် ထောက်ပံ့ပေးခဲ့တာပါအစ်ကို . . . ညီမလေးတို့က သိပ်ကိုဆင်းရဲခဲ့တာပါ . . . ဟိုးအရင်တုန်းက အစ်ကိုကို့ ပြောပြဖူးခဲ့တဲ့ ညီမလေးမိဘတွေ သဘောတူထားတဲ့သူ မိသားစုတွေကိုလည်း ဆွေမျိုးရင်းချာ လို ကျေးဇူးတွေပြုခဲ့ကြတာပါ . . . အခုအချိန်မှာ ညီမလေး သူ့ကို မယူဘဲ ငြင်းလိုက်မယ်ဆိုရင် . . . ညီမလေးမိဘတွေ အကြီးအကျယ်ကို မျက်နှာပျက်ရမှာပါ . . . ညီမလေး အဖေနဲ့အမေ ကို သိပ်သနားတယ် အစ်ကို . . . ” ဟုပင် ငိုသံ လေးဖြင့် ပြောလေ၏။
 “ညီမလေး အခု ဂျပန်သွားတော့မလို့ပါ . . . အစ်ကို့ကိုတွေ့ချင်လို့ အခု အစ်ကို့ဆီ အရောက်လာခဲ့တာပါ . . . ဒီလို ဂျပန်သွားနိုင်ဖို့လည်း သူစီစဉ်ပေးခဲ့တာပါ အစ်ကို . . . ညီမအနေနဲ့ မငြင်းနိုင်လို့ လက်ခံမိတာပါ . . . ညီမ လူမျိုးတွေ အတွက်လည်း ညီမ တာဝန်ကျေချင်လို့လည်းပါတယ် အစ်ကို . . . ” ဤမျှလောက်ထိပင်ပြော၍ မေရီမှ ငြိမ်၍သွားကာ ခေါင်းငုံ့လို့သာ နေလေတော့၏။
“ကောင်းပါတယ် ညီမလေး . . . ကောင်းပါတယ် . . . တယ်လီဖုန်းတွေပိတ်ထားတာတွေ ဖြည်းဖြည်းခြင်း အဆက်အသွယ်ဖြတ်သွားပြီဆိုကတည်းက ကိုကို ကောင်းကောင်းနားလည်နေပါပြီ . . . ဒီလိုဘဲဖြစ်ရတော့မှာပေါ့ . . . ညီမလေး ……..တစ်ခါတုန်းက ကမ္ဘာကျော် ကဗျာဆရာကြီးတစ်ဦးက ပြောဖူးတယ် . . . ”
“ချိန်းဆိုထားတဲ့အချိန်ထက် အမြဲလိုနောက်ကျမှ ရောက်လာတတ်တဲ့ သူရဲကောင်းဟာ အမှန်တရားပါဘဲတဲ့’’ . . . အမှန်တရားဟာ နောက်ကျမှဘဲ အမြဲရောက်လာတတ်တာကြီးပါဘဲ . . . ညီမလေးကို အစ်ကိုကြီးနားလည်လိုက်ပါပြီ . . . ခွင့်လည်းလွတ်တယ် . . . ညီမလေး မိဘတွေ စိတ်တိုင်းကျသာလက်ခံပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်လိုက်ပါတော့. . .  ညီမလေး လူကိုဘဲ လက်ခံလက်ထပ်လိုက်ပါတော့နော် . . . ” ဟုဆို၍ပင် ထပ်မှန် စကားရှည်ရှည်ဝေးဝေးမဆိုတော့ဘဲ ထိုနေရာမှပင် မောင်မောင်လတ်တစ်ယောက် ထွက်လာခဲ့လိုက်တော့၏။
ထိုအချိန်မှစ၍ပင် မောင်မောင်လတ်သည် မေရီဆိုသူနှင့် အပြီး အဆက်အသွယ်ဖြတ်လိုက်တော့၏။
ဘဝတွင်အမှန်တကယ် အသည်းနစ်စွာချစ်ခဲ့ရသူတစ်ဦးနှင့်လည်း လွဲခဲ့ပြီးပြီဖြစ်သလို ယခု သင့်သည်ဟုယူဆ၍ပင် စဉ်းစားချစ်ကြိုက်ခဲ့သူနှင့်လည်း ထပ်မှန်လွဲခဲ့ပြန်ပြီဖြစ်လေ၏။ ထို့ကြောင့်ပင် အချစ်ဟူသောအရာကြီးအား ၄င်းအနေနှင့် လွန်စွာမှပင် ရွံရှာသွားတော့၏။ အလားတူစွာပင် မိန်းမတို့ကိုလည်း စိတ်နာ၍သွားသလိုပင် ဖြစ်ခဲ့လေတော့၏။ ထို့ကြောင့်ပင် ၄င်းဘဝအား တသက်တာလုံး တစ်ဦးတည်းပင် နေထိုင်သွားတော့မည်ဟုပင် ဆုံးဖြတ်ချက်ချခဲ့လေတော့၏။ ချစ်ခြင်းဟူသော အရာသည်ကား မောင်မောင်လတ်ဟူသော သူတစ်ယောက်အတွက်တော့ လွန်စွာမှပင် ရွံရှာမုန်းတီးဖွယ်၊ စိတ်နာဖွယ်အရာ တစ်ခုသာ ဖြစ်ခဲ့လေတော့၏။
          - - - - - - - - - - - - - - - - - -  ။ - - - - - - - - - - - - - - - - - -

လောကသည် လွန်စွာမှ ဆန်းကြယ်ပါ၏။ တခါတရံတွင် အကြင်နာဟူသောအရာသည်ကို ဝေဒနာမျက်နှာဖုံးစွပ်၍ လည်းကောင်း၊ ဝေဒနာဟူသောအရာသည်လည်း အကြင်နာမျက်နှာဖုံးစွပ်၍လည်းကောင်း ရောက်ရှိလာတတ်လေ၏။ အချစ်အား လွန်စွာမှ နာကျည်းရွံ့ရှာမုန်းတီးစိတ်နာသွားပြီဟူသော မောင်မောင်လတ်တစ်ယောက်သည် ဤကမ္ဘာတွင်ရှိနေ သကဲ့သို့ ချစ်လျှက်နှင့် ဘဝရည်ရွယ်ချက်တွေအောင်မြင်ဖို့ အလေးထား ဦးစားပေးမိခဲ့လို့ ချစ်ခြင်းမှာ အစားမထိုးနိုင်လောက် အောင် ချစ်ခဲ့ရပါသောသူနှင့် လုံးဝကို အဆက်အသွယ်ပြတ်သွားပြီး ရှင်သန်ခြင်းမှန်သမျှအချိန်တို့သည်ကား အဓိပ္ပါယ်မဲ့သွား ခဲ့ပါပြီဆိုသော သစ္စာမောင်သည်လည်း အထင်အရှားရှိနေကြောင်းကိုမူ နှစ်ဦးသားမှာ လုံးဝကိုမသိခဲ့ကြသေးပါ။
သို့ပါသော်လည်း သစ္စာမောင်တစ်ယောက်မှာတော့ သူမ၏ ချစ်ရသူတစ်ယောက်ကို သတင်းအစအနကိုတော့ မရရ အောင် ရှာဖွေချင်စိတ်များမှာ နေ့စဉ်နှင့်အမျှ ဖြစ်ခဲ့ရသည်မှာ မြန်မာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ခြေချခဲ့စဉ်အချိန်မှ သာ ဖြစ်တော့၏။ ထို့ကြောင့်ပင် သူမ၏အခက်အခဲကို အတွင်းကျကျသိနေသူ သူငယ်ချင်း နန်းနီလာအောင်ထံသို့ မကြာခဏ ဖုန်းဆက် ရင်ဖွင့်ဖြစ်နေလေ၏။
နန်းနီလာအောင်ဆိုသူမှာလည်း လားရှိုးတွင်ရှိသော သူငယ်ချင်း ဆရာဝန်မလေးတစ်ဦးနှင့်ပတ်သက်၍ ခင်မင်နေသူ Internet Blogger တစ်ယောက်ကို အကူအညီတောင်း၍ မောင်မောင်လတ်သတင်းအား စုံစမ်းပေးခဲ့ပါသေး၏။ သို့သော် လည်း သတင်းအစအနမျှပင် မရသည့်အဆုံး လက်လျော့လိုက်ရသလိုပင် အခြေအနေမှာ ဖြစ်ခဲ့ရတော့၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာပြည်၏ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ကျော် မှာ စင်ကာပူရှိ ၄င်းကုမ္ပဏီလုပ်ငန်း တာဝန်များပြီးစီး၍ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာလေတော့၏။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သမီးကြီး ဖြစ်သူ ဒေါက်တာ သစ္စာမောင်နှင့် သားဖြစ်သူ GTC final တက်နေသော ကျော်စွာမောင်တို့သည် ဖခင်ဖြစ်သူအား ပြည်ပ ဧည့်ကြိုမှစောင့်၍ ဖခင်ဖြစ်သူအား ကြိုဆိုနေကြလေ၏။
သစ္စာမောင်တစ်ယောက်မှာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ၍ မိခင်နှင့်အတူ မောင်ဖြစ်သူနှင့်သာ ပြန်လည်ဆုံဆည်းခဲ့ရပါသော်လည်း ဖခင်ကြီးနှင့်တော့ ယခုမှသာ ပြန်လည်ဆုံတွေ့ရသည်ဖြစ်သောကြောင့်ပင် သားအဖ နှစ်ယောက် ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေကြလေ၏။ ဖခင်ကြီးဖြစ်သူမှာ လွန်စွာမှ လူကြီးလူကောင်းဆန်သကဲ့သို လွန်စွာမှ လည်း သဘောမနောဖြူစင်သူ တစ်ဦးပင်ဖြစ်လေ၏။ တစ်ဦးတည်းသော သမီးလေး သစ္စာမောင်အားလည်း လွန်စွာမှပင် ချစ်လေ၏။
ငယ်စဉ်ကတည်းကပင် သမီးလေးအား အလိုလိုက်ခဲ့သည့် ဖခင်ပင်ဖြစ်သလို သမီးလေး ရွှေဆိုရွှေ၊ ငွေဆိုငွေ လိုလေးသေးမရှိအောင် ထားခဲ့လေ၏။ သမီးဖြစ်သူမှာလည်း လွန်စွာလိမ္မာရေးခြားရှိသလို စာပညာတွင်လည်း တူမတူအောင် ထူးချွန်ပြီး (၁၀)တန်းကို (၆)ဘာသာဂုဏ်ထူးနှင့်ပင် အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ခွင့် ရခဲ့ခြင်းပင်ဖြစ်လေ၏။
ယခု မြန်မာပြည်သို့ US မှ ထပ်ဆင့်ဆေးပညာများသင်ကြားပြီး ပြန်လည်ရောက်လာခဲ့ပြီဖြစ်သော သမီးလေးအား သူမှရည်ရွယ်သူနှင့်ပင်မိဘတို့၏ဝတ္တရားနှင့်အညီ ကြီးကျယ်စွာ အိမ်ထောင်ရက်သားချပေးရန်မှာလည်း မိခင်ဖြစ်သူနှင့် တိုင်ပင်ထားပြီးဖြစ်လေ၏။ သို့သော်လည်း ယခုအချိန်မှ သမီးလေးဖြစ်သူ၏ ခံစားနေရသော ချစ်ဝေဒနာတို့ကိုကား ဖခင်ဖြစ်သူတစ်ယောက် မသိနိုင် သလို မည်သို့မျှလည်း ယခင် သမီးကိုလိုအပ်ချက်များ ဖြည့်ဆည်းအလိုလိုက်ခဲ့သလို ပြုမူနိုင်ခဲ့မည်မှာတော့ ဖြစ်နိုင်မည် မဟုတ်ပါလော . . . ။
သို့သော်ငြားလည်း ဖခင်ကြီးမှ ၄င်းသမီးဖြစ်သူအား မြန်မာပြည်ရောက်ပြီး (၂)ရက်ခန့်တွင်တော့ ဤသို့ဆိုလေ တော့၏။
နံနက်ခင်းတစ်ခုမှပင်ဖြစ်လေ၏။ ဦးအောင်ကျော်သည် မြန်မာပြည်သို့ ရောက်ရှိသည်မှာလည်း (၂)ရက်ခန့်ပင်ရှိသော နေ့၏ နံနက်ခင်းလည်း ဖြစ်လေ၏။ ဦးအောင်ကျော် ဖြစ်သူသည် သူ၏ချစ်လှစွာသော သမီးဖြစ်သူအားခေါ်၍ ဤသို့ပင် ဆိုလေ၏။
“သမီးရေ . . . သမီး မြန်မာပြည်ကထွက်သွားပြီးနောက် သမီးဖုန်းကို ဖေဖေကိုင်ထားတော့ သမီးသူငယ်ချင်း တစ်ယောက်ဆိုပြီး ဖုန်းဝင်လာတာရှိတယ် သမီးရေ . . . သမီးကိုင်ခဲ့တဲ့ ဖုန်းနှစ်လုံးစလုံးကို miss call ဝင်နေတာတွေ့လို့ ဖေဖေလည်း ပြန်ခေါ်ကြည့်လိုက်တော့ သူ့က by name နဲ့ ထူးလာပါတယ် . . . ကောင်လေးကြည့်ရတာ standard ရှိမဲ့ ပုံလေးပါ . . . ဖေဖေကတော့ ဘယ်သူဘယ်ဝါဆိုတာ သိချင်လို့ပါ . . . ဖေဖေ့မိတ်ဆွေတွေလည်း အခုတော်တော်များများ က WCDMA ဖုန်းတွေ ပြောင်းသုံးနေကြတော့ ကိုယ့်မိတ်ဆွေတွေထဲကလားလို့လည်း အသေအချာသိချင်လို့ ပြန်ဆက်လိုက် တာပါ . . . အဲ့ဒီမှာ သူက . . . ကျွန်တော်ဆက်မိတာလားတောင် ကျွန်တော် မမှတ်မိတော့ဘူး ဆိုပြီး . . . သူ့ဖုန်း List ကို ပြန်ကြည့်ပေးပါမယ်ပြောပြီး ဖုန်းချသွားတယ် . . . ပြီးမှ ပြန်ခေါ်လာတယ် . . . သူက လားရှိုးက မောင်မောင်လတ်ဆိုသူ ဖြစ်ပြီး . . . သမီးမိတ်ဆွေတစ်ဦးပါတဲ့ . . . သမီးဖုန်းထင်လို့ ဆက်လိုက်တာပါဆိုပြီး တောင်းပန်သွားတယ် . . . ဖေဖေ ကလည်း . . . သမီးသူငယ်ချင်းဆိုတော့ သမီးအကြောင်းပြောပြလိုက်ပါတယ် . . . သမီး US ထွက်သွားတာ တစ်နှစ်ကျော် ပါပြီလို့  . . . အခု အန်ကယ်က ဒေါက်တာ သစ္စာမောင် အဖေပါလို့ပြောတော့ . . . သူလည်း ကောင်းမွန်စွာဘဲ မိတ်ဆက်ပြီး ဖုန်းချသွားတယ် သမီးရေ  . . . အဲ့ဒီ ဖုန်းနံပါတ်ကလေးတော့ ဖေဖေ့ဖုန်းထဲ့မှာ Save ထားတယ် . . . သမီးလိုရင် အဲ့ဒီဖုန်း ပြန်ယူထားလိုက်ပေါ့” ဟုဆို၍ပင် ယခင် သစ္စာမောင်ကိုင်ခဲ့သော 09-515 ×××××× အား ဖခင်ဖြစ်သူမှ ပြန်လည်ပေးသလို ချစ်ရသူ မောင်မောင်လတ်နှင့် ယခုလို လုံးဝကိုမထင်မှတ်လေဘဲ ပြန်လည်ကာ အဆက်အသွယ်ရရာရကြောင်း နည်းလမ်းကို ယခုလို ဖခင်ဖြစ်သူထံမှရရှိလိုက်လျှင် ထီပေါက်သကဲ့သို့ပင် သစ္စာမောင်တစ်ယောက် ဝမ်းမြောက်ဝမ်းသာပင် ဖြစ်ရလေ တော့၏။ ထို့ကြောင့်ပင် . . .
“ဖေဖေ Save ထားလို့ တော်သေးတာပေါ့ . . . သမီး အခုအဲ့ဒီသူငယ်ချင်းနဲ့ Contect လုပ်ဖို့ အခက်အခဲဖြစ်နေလို့ စိတ်ညစ်နေရတာ. . . ” ဟုဆို၍ပင် ၄င်း 09-515 ×××××× ဖုန်းဖြင့်ပင် အသင့် Phone list တွင် မောင်မောင်လတ်အား ရှာဖွေ၍ ဆက်လိုက်မိလေတော့၏။
ချက်ခြင်းဆိုသလိုပါဘဲ မောင်မောင်လတ် ပြောင်းလဲကိုင်ဆောင်နေသော WCDMA ဖုန်းဖြစ်သော 09-44510×××× ဖုန်းမှာ ယခင် မောင်မောင်လတ် ထည့်ထားခဲ့သော သစ္စာမောင်၏ သီးသန့် Ringtone သံ ကြားလိုက်ရတော့၏။ ဤသို့ ကြားရလျှင် အမှတ်တမဲ့တော့ ကိုလတ်တစ်ယောက် အနည်းငယ်ကြောင်သွားသော်လည်း ထိုဖုန်းသည် သစ္စာမောင်ဖုန်း ဆိုတာ သိလိုက်သောအခါတွင် လွန်စွာမှတုန်လှုပ်အံ့သြသွားလေ၏။ သို့သော်လည်း ယခင်ကဲ့သို့ပင် သစ္စာမောင်၏ ဖခင်ဖြစ်သူဆက်တာလည်း ဖြစ်နိုင်ချေရှိသောကြောင့်ပင် အသေအချာဖုန်းကိုင်ရင်တော့ သိမှာပါဘဲဟုဆုံးဖြတ်၍ပင် ၄င်းဖုန်း အား လက်ခံလိုက်လေတော့၏။
ထိုအခါတွင် မောင်မောင်လတ်ဆိုသူ လားရှိုးသားလေးတစ်ယောက်ထံသို့ ဖုန်းဆက်သူမှာ လွန်စွာမှ သုတိသြောဘာ မင်္ဂလာနှင့်ပြည့်စုံသည့်အသံပိုင်ရှင်လေးဖြစ်သော ယခင်ကာလများမှ သိပ်ချစ်ခဲ့ရသူဖြစ်သော သစ္စာမောင်ပင်ဖြစ်ကြောင်းကို ကောင်းစွာပင် သိလိုက်ရလေတော့၏။ ထို့ကြောင့်ပင် . . .
“မသစ္စာမောင် . . . ဟုတ်ပါတယ်နော် . . . အခုဆက်နေတာ မသစ္စာမောင် . . .” ဟုပင် အသံတို့သည် တုန်ရီစွာ ဖြင့်ပင် မြန်မြန်ထက်ထက်ပြန်၍မေးမိလေ၏။
“ဟုတ်ပါတယ် အစ်ကို ကိုလတ် . . . ကိုလတ်ကို တွေ့ချင်မြင်ချင်လို့ သစ္စာ မြန်မာပြည်ရောက်ကတည်းက ကိုလတ် ကို စုံစမ်းခဲ့တာပါ . . . ကိုလတ်ရဲ့အရင်သုံးတဲ့ mail တွေထဲကိုလည်း သစ္စာပို့ထားပါတယ် . . . ”
သစ္စာမောင်မှာ ယခုကဲ့သို့ သူမ သိပ်ကိုတွေ့ချင်လှပါတယ်၊ မြင်ချင်လှပါတယ် ဟူသော ကိုမောင်မောင်လတ်ဆိုသူ နှင့် မမျှော်လင့်ဘဲ ပြန်လည်ကာ အဆက်အသွယ်ရနေပြီဆိုသော်လည်း သူမစိတ်တွင်းဝယ် ကိုလတ်ဟာ လက်ရှိအချိန် ကာလမှာ သူမအား လက်ခံနိုင်သော ဘဝအခြေအနေမျိုးရောရှိသေးရဲ့လား . . . တခြားသော မိန်းကလေးတစ်ဦးဦးနှင့် ချစ်သူဖြစ်နေပြီလား(သို့မဟုတ်)လက်ထပ်လိုက်ပြီလားဆိုသည်တို့ကို သိလိုစိတ်တို့သည်ကား တဖွားဖွားပေါ်၍ပင် လာတော့ ၏။ သို့သော်လည်း ထိုအဖြေကို ချက်ခြင်းရရှိရန် မည်သို့စကားလှအောင်မေးရမည်နည်းအား မစဉ်းစားတတ်အောင်ပင် ဖြစ်လို့နေလေရှာလေ၏။
ထိုအချိန်မှာပင် တဘက်မှ ကိုလတ်တစ်ယောက်သည်လည်း ဤသို့ပင် ပြိုင်တူအတွေးဝင်လျှက် ရှိနေ၏။ ဤသို့နှင့် ကိုလတ်ဘက်မှလည်း . . . ဘာပဲဖြစ်ဖြစ်ကွာ ပြတ်ပြတ်သားသားမေးမယ်ဟု ဆုံးဖြတ်၍ပင် . . .
“မသစ္စာမောင် . . . အခုတစ်ယောက်တည်းဘဲလား? ချစ်သူရှိနေပြီလား? ဒါမှမဟုတ် အိမ်ထောင်ကျနေပြီလား?. . .” ဟုပင် တုန်းတိတိမေးချလိုက်တော့၏။ ဤသို့ကြားရလျှင် သစ္စာမှလည်း  . . .
“ကိုလတ်ကရော . . . အခု” ဟုဆို၍ စကားစ ရပ်သွားပြန်၏။
“ကိုယ့်မှာ ချစ်သူ၊ ရည်းစား၊ အဲလေ . . . ချစ်ရတဲ့သူဟာ ဘဝမှာ တစ်ယောက်တည်းပါ . . . အခုအချိန်ထိ ဘယ်မိန်းကလေးနဲ့မှလည်း အိမ်ထောင်မပြုရသေးပါဘူး . . . ” ဟုပင် ပြန်၍ပြောချလိုက်လေတော့၏။
ကိုလတ်၏စကားသည်ကား ပညာပြည့်ဝနှလုံးလှသူ ဆရာဝန်မချောလေး ဒေါက်တာ သစ္စာမောင် တစ်ယောက် အကြားချင်ဆုံး စကားအဖြေသာလျှင် ဖြစ်လေသောကြောင့် လွန်စွာမှပင် ကြည်နူးဝမ်းမြောက်မဆုံးပင် ဖြစ်ရလေတော့၏။ ဆက်လက်၍ပင် ကိုလတ်မှ . . .
“ကိုယ် သစ္စာကိုတွေ့ချင်တယ် . . . ကိုယ် သိပ်ကို တွေ့ချင်မြင်ချင်တယ် သစ္စာရယ် . . . ကိုယ်ဘယ်လိုလုပ်ရ မလည်း သစ္စာ . . .” ဟုဆိုလျှင် . . .
“ဘယ်လိုလုပ်ရမလည်း ဟုတ်လား . . . သစ္စာက ကိုလတ် ဆီလာပေးရမှာလား . . . မိန်းကလေးက လာရမှာလား. . .” ဟုပင် အနည်းငယ်စိတ်ကောက်သောဟန်ဖြင့်ပင် ဆိုလေတော့၏။
“မဟုတ်ပါဘူး သစ္စာရယ် . . . ကိုယ်က သစ္စာရဲ့သဘောကို နာခံတဲ့သဘောနဲ့ မေးတာပါ အချစ်ရယ် . . .” ဟုပြော၍ ပင် ချော့ချင်ယောင်ဆောင်လိုက်သည်နှင့်အမျှ သစ္စာမှလည်း . . .
“ကိုလတ်ကို စနေတာပါ . . . သစ္စာ လားရှိုးကို လာချင်နေတာ မြန်မာပြည်ရောက်ကတည်းကပါ အစ်ကို . . . ကိုလတ်ကို မတွေ့ရတော့ဘဲ . . . မမြင်ရတော့ဘဲ တစ်ယောက်တည်း လွမ်းနေ ဆွေးနေရမှာ ကြောက်နေလို့ပါ . . .” ဤသို့ ဆိုလျှင် ကိုလတ်မှ . . .
“အခုရော ဘယ်လိုလည်း လာရဲပြီလား . . .” ဟုပင် နောက်တောက်တောက်ဆိုလေ၏။
“သစ္စာ . . . လာမယ်ဆိုရင်လည်း ရန်ကုန်မှာ သစ္စာ အဖေနဲ့အမေကို တခါတည်း ပြောစရာရှိတာတွေ ပြောခဲ့တော့နော် . . . ” ဟုဆိုလေ၏။ သစ္စာမောင်သည် ရုတ်တရက် နားမရှင်းဖြစ်သွားကာ . . .
“ဘာကို ပြောခဲ့ရမှာလည်း ကိုလတ်ရဲ့” ဟုမေးလေ၏။
“သမီး ဒီတစ်ခေါက် လားရှိုးသွားတာက ဧည့်သည်အဖြစ်နဲ့သွားတာ မဟုတ်တော့ဘူး . . . လားရှိုးသူအဖြစ် ခံယူဖို့ အတွက် . . . လားရှိုးသားဆီကို အပြီးသွားမှာပါလို့ ပြောခဲ့ဖို့ပါ သစ္စာ . . . ” ဟု ရယ်သံနှင့်ပင်ဆိုလေ၏။
“အဲ့လိုမျိုးရမှာလား? ဒီကလည်း ဒေါက်တာ သစ္စာမောင်ဘဲ . . . မိဘဆုံရာနှင့်လာပြီး မိသားဖသားပီပီ လာရောက် တောင်းရမ်းပါတယ်ခင်ဗျာဆိုမှသာ . . .” ဟု သစ္စာမောင်ဆိုလိုက်လျှင် . . .
“အော် . . . အဲ့လိုတောင်းရမ်းတာနဲ့ ဟုတ်ပါပြီရှင်ဆိုပြီး တစ်ခါတည်းလိုက်မှာလား? ”
“အိုး ဘယ်လိုက်ပါ့မလည်း အချိန်ယူပြီး စဉ်းစားခွင့်ပေးပါဦးဆိုပြီး အချိန်ဆွဲဦးမှာပေါ့ . . . ကိုယ်ကမိန်းကလေးလေ . . . လူကိုအကဲခတ်ရဦးမှာပေါ့ . . . ဟုတ်တယ်မလား . . . ” ဟုပင် သူနိုင်ကိုယ်နိုင်ပြောရင်း တယ်လီဖုန်းမှ အသံလေးကြားရ ရုံနှင့်ပင် ကြည်နူးမဆုံးနိုင်အောင် ဖြစ်၍နေလေတော့၏။
မိမိသည် နုနယ်အားနွဲ့သော မိန်းမသားတစ်ဦးပင် ဖြစ်သော်ငြားလည်း ဘဝမြင့်မားအောင်မြင်စေနိုင်သည့် သူမ၏ ခံယူချက်တို့ အကောင်အထည်ဖော်လာနိုင်စေရန်အတွက် ချစ်ရသူအား ချစ်လျှက်နှင့်ပင် ကျောခိုင်းထွက်ခွာသွားခဲ့သော် လည်း  ပညာပြည့်ဝ၍ ဘဝရည်မှန်းချက်များ အထမြောက်ချိန်တွင် ပြန်လည်၍ လွမ်းဆွတ်တမ်းတ မေ့၍မရနိုင်အောင်ပင် ဖြစ်ခဲ့ရလေသော ကြေကွဲဆို့နစ်မှုတို့သည် ယခုအခါတွင်မူ ကြည်နူးဝမ်းမြောက်ခြင်းတို့ဖြစ်စေခဲ့ပြီ ဖြစ်၏။ ဤကမ္ဘာလောက တွင်ကား ဒုက္ခဟူသောအရာကြီးသည်လည်းကောင်း၊ သုခဟူသောအရာသည်လည်းကောင်း၊ သီးသန့်ရှိကြပြီး ၄င်းသုခနှင့် ဒုက္ခတို့သည် ဆန့်ကျင်စွာ ကွာခြားနေကြသည်ဟု လူတို့သည် ထင်မြင်သုံးသပ်ထားကြလေ၏။ အမှန်စစ်စစ်တွင် ဒုက္ခနှင့်သုခ တို့သည် စာရွက်တစ်ရွက်တည်းသာဖြစ်ပြီး စာမျက်နှာသာလျှင် ဒီဘက်သုခစာမျက်နှာနှင့် ဟိုဘက်ဒုက္ခစာမျက်နှာသာ ကွဲပြား နေခြင်းသာဖြစ်၏။ ထို့ကြောင့် ဒုက္ခဟူသောအရာ ရောက်လာလျှင်လည်း သုခဟူသည် လိုက်ပါလာမြဲဖြစ်သလို သုခဟူသော အရာလာခဲ့လျှင်လည်းဒုက္ခဟူသည် လိုက်ပါလာမြဲသာဖြစ်တော့၏။ဤသည်ကားသဘာဝပင်ဖြစ်သလိုဓမ္မပင်သာလည်းဖြစ်၏။ ထို့ကြောင့်ပင်လျှင် ယခု အချစ်ရေးတွင် လွန်စွာမှ ကံဆိုး လှပါသည်ဟူသော မောင်မောင်လတ်သည်ကား လွန်စွာမှ ချောမောလှပလွန်းသည့်အပြင်အများတကာအားထားရိုသေမှုကို ပင် ခံယူထိုက်သူ ဆရာဝန်မလေး ဒေါက်တာသစ္စာမောင်နှင့် ကြည်နူးဝမ်းမြောက်ဖွယ်ချစ်ခြင်းအား ရရှိခဲခြင်းပင်ဖြစ်သလို . . .
ဘဝတွင် ချစ်ရလွန်းသူနှင့် သေချာပေါက်လွဲပါပြီ၊ ဘယ်လိုမှကို ပြန်လည်ဆုံဆည်းနိုင်ဖို့ မမျှော်လင့်ရဲတော့မည့်အဖြစ်မျိုးကို ကြုံတွေ့ခံစားနေရသူလေး သစ္စာမောင်မှာလည်း ယခုအခါတွင် ပျောက်သောသူရှာရင်တွေ့ဟူသော စကားနှင့်အညီ အသည်းနစ်အောင် ချစ်ရပါသည်ဟူသော ချစ်သူကိုလတ်နှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြလေပြီ ဖြစ်ပါတော့၏။
          ကမ္ဘောဇဌာနေ ရှမ်းနယ်မြေသို့ပင် သစ္စာမောင်တစ်ယောက် ပြန်လည်၍ ရောက်ရှိခဲ့ပြီမို့ ချစ်ရသူမောင်မောင်လတ်မှာ အဝေးပြေးကားကွင်းသို့ သွားရောက်ကြိုလေတော့၏။ နှစ်ဦးသားပင် ကြည်နူးမဆုံးနိုင်အောင် အလွမ်းတည်နိုင်ခဲ့ကြသလို ဤကဲ့သို့ ပြန်လည်ဆုံဆည်းခွင့်ပေးသော ကံကြမ္မာကိုလည်း နှစ်ဦးသား ထပ်တူညီမျှပင် ကျေးဇူးတင်ဝမ်းမြောက်မိလေ တော့၏။
          ယခင် ၄င်းတို့နှစ်ဦး ဆုံဆည်းခဲ့ကြရသော နေရာဟောင်းများသို့လည်း ပြန်လည်သွားရောက်ဖြစ်သလို ထိုစဉ်မှ အဖြစ်ဟောင်းတို့ကိုလည်း ပြန်လည်ပြောဆိုရင်းပင် ယခုလို ပြန်လည်ဆုံဆည်းရခြင်းအား “တော်သေးတာပေါ့နော်”ဟုလည်း နှစ်ဦးလုံးသည် ထပ်ခါတလဲလဲ ပြောဖြစ်သေးတော့၏။ ဤသို့ပြောဖြစ်ခြင်းတို့ကို အကြောင်းပြု၍ပင် သစ္စာမောင်တစ်ယောက် ၏ ချစ်ရပါသော ကိုလတ်ဆိုသူမှာ ရှေးဟောင်းအချစ်ပုံပြင်လေးတစ်ပုဒ်အား ဤသို့ပင် ပြန်လည်ပြောပြလေတော့၏။
“သစ္စာ . . . ကိုလတ် ရှေးဟောင်းအီဂျစ် အချစ်ပုံပြင်လေးတစ်ခု ပြောပြမယ်နော် . . . နားထောင်” ဟု ဆို၍ပင် ဇာတ်လမ်းစတော့၏။
“ဟိုးရှေးရှေးတုန်းက လူတွေဟာ အခုလို ယောက်ျားနဲ့မိန်းမ ကွဲမနေကြဘူးတဲ့ . . . လူတစ်ယောက်မှာ ခေါင်းနှစ်လုံး၊ လက်လေးချောင်း၊ ခြေလေးချောင်း၊ ခန္ဓာကိုယ်နှစ်ခုလည်း မျက်နှာချင်းဆိုင် ပူးကပ်နေကြတယ်တဲ့ . . . အဲ့ဒီမှာ အဲ့ဒီလူတွေ အပူဇော်ခံနေရတဲ့ နတ်ဘုရားတွေလည်း လူတွေရဲ့ အထက်ကောင်းကင်ဘုံကြီးမှာ ရှိကြသတဲ့ . . .  တစ်နေ့မှာ . . . နတ်ဘုရားတွေဟာ ကောင်းကင်ဘုံမှာစုပြီး နတ်သဘင်အစည်းအဝေး လုပ်ကြလေတယ်လို့ဆိုတယ် . . .  အဲ့ဒီမှာ လူတွေရဲ့ အကြောင်းကို ညှိနှိုင်းပြောဆိုကြတာပေါ့ . . . လူတွေက အရင်လိုမဟုတ်တော့ဘူး . . . သိပ်ကိုဉာဏ်များလာကြပြီ . . . ဒီလို သာဆက်ထားရင် ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ နတ်ဘုရားဘုံကိုပါ နောက်ဆို ဒီလူတွေ ဉာဏ်နီဉာဏ်နက်နဲ့ တက်ပြီးသိမ်းသွား နိုင်တယ်ဆိုပြီး . . .  နတ်ဘုရားတွေ စိုးရိမ်ကြောင့်ကျမှုတွေ ဖြစ်လာကြတယ်ဆိုဘဲ . . . အဲ့ဒီမှာ နတ်ဘုရားအကြီးအကဲ လုပ်သူက . . .  ဒါဆိုရင်တော့ လူတွေကို ဒီလိုထားလို့မရတော့ဘူး . . . တစ်ခုခုလုပ်မှဖြစ်မယ် . . . အဲ့ဒါ အကြံပေးကြဆိုပြီး နတ်ဘုရားဂိုဏ်းချုပ်ကြီးက ဆိုလေသတဲ့ . . . အဲဒီတော့ နတ်ဘုရားလေးတစ်ပါးက ဒီလောက် ဉာဏ်နီ ဉာဏ်နက်များတဲ့ လူတွေကို ထားမနေနဲ့တော့ . . . ကိုယ့်အတွက် အန္တရာယ်ဖြစ်လာနိုင်ရင် အားလုံးကိုသတ်ပစ်လိုက်တော့လို့ ပြောသတဲ့ . . . အဲ့ဒီလိုစကားကြားရင် နတ်ဘုရားကြီးက တအားကိုစိတ်ဆိုးသွားပြီးတော့ အဲ့ဒီလို အကြံပေးတဲ့နတ်ဘုရားကို ဆူပူကြိမ်းမောင်းတော့တာဘဲတဲ့ . . . ဒီလူတွေရှိလို့ ငါတို့နတ်ဘုရားတွေက အပူဇော်ခံတွေဖြစ်နေတာ . . . ဒီလူတွေအားလုံး သတ်ပစ်လိုက်ရင် ငါတို့နတ်ဘုရားတွေကို ဘယ်သူတွေကလာပြီး ပူဇော်ကြမလဲလို့ဆိုပြီး . . . နောက်နောင် ဒီလိုအချိုးမကျ တဲ့အကြံဉာဏ်မျိုး ဘယ်တော့မှမပေးနဲ့ဟုပင် ကြိမ်းမောင်းပြီး . . . အဲ့လိုပြောတဲ့ နတ်ဘုရားကို အပစ်ပေးလိုက်လေသတဲ့ … အဲ့ဒါနဲ့ နောက်ထပ်နတ်ဘုရားတစ်ပါးက အကြံပေးပြန်တယ် . . . ဒါဆို ဒီလိုလုပ်မှဖြစ်မယ် နတ်ဘုရားဂိုဏ်းချုပ်ကြီး . . . လူတွေကို အင်အားလျော့သွားအောင် နှစ်ခြမ်းခွဲပစ်လိုက်ရင်ကောင်းမယ် . . . အဲ့ဒါဆိုရင် လူတွေမှာ အင်အားတဝက်ဘဲ ကျန်တော့ . . . နတ်ဘုရားတိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်လာဖို့ ပူစရာမလိုတော့သလို နတ်ဘုရားတွေကို ပူဇော်ဖို့လည်း လူတွေဟာ .  .  . အမြဲတည်ရှိနေကြဖြစ်သွားရောလို့ အကြံပေးတယ်တဲ့ . . . သဘောကတော့ ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာဆိုတဲ့သဘော အကြံပြုတာပေါ့လေ . . . အဲ့ဒီမှာဘဲ နတ်ဘုရားကြီးက သဘောကျပြီး အဲ့ဒီအကြံကို လက်ခံ လိုက်တယ်တဲ့ . . . အဲ့ဒါနဲ့ လူတွေကို နတ်ဘုရားတွေတန်ခိုးနဲ့ နှစ်ခြမ်းခွဲလိုက်တာ ယောက်ျားတစ်ခြမ်း မိန်းမတစ်ခြမ်း အဲ့ဒီ အချိန်ကစပြီး ဖြစ်သွားတော့တာဘဲတဲ့ . . . အဲ့ဒါကြောင့်မလို့ လူတွေဟာ တတ်သိနားလည်လို့ အရွယ်ရောက်ရင် ကိုယ့်ရဲ့ အခြမ်းလေးကို ကိုယ်စီကိုယ်စီ ရှာကြတော့တာဘဲ . . . ယောက်ျားလုပ်တဲ့သူကလည်းရှာသလို မိန်းကလေးလုပ်တဲ့သူတွေ လည်း ရှာကြတော့တာပေါ့ . . . တချို့ကြတော့လည်း ကိုယ့်အခြမ်းလေးထင်ပြီး ဟုတ်ပြီဆို ပျော်ပြီး လက်ထပ်လိုက်ကြတာ… နောက်တော့မှ မဟုတ်မှန်းသိနေရော . . . မှားသွားမှန်းသိတော့ ပြန်ကွဲကြတော့တာပေါ့ . . တချို့ကြတော့လဲသေတဲ့အထိကိုရှာလို့မတွေ့ကြသူတွေရှိနေကြသလို…. တချို့ကြတော့ သူတို့အခြမ်း လေးတွေမှန်နေတော့ သက်ဆုံးတိုင် အတူနေသွားကြတယ်တဲ့ . . .”
“အခု . . . ကိုလတ်နဲ့သစ္စာတို့လည်း အဲ့လိုဘဲဖြစ်ကြမှာပေါ့နော် . . . သစ္စာရဲ့အခြမ်းလေးကလည်း ကိုလတ် ဖြစ်သလို . . . ကိုလတ်အခြမ်းလေးကလည်း သစ္စာဖြစ်နေလို့ အခုအချိန်ထိ အပြန်အလှန်ရှာလိုက်ကြတာ . . . အခု အသေ အချာ ပြန်တွေ့ကြတာပေါ့နော် . . . အဲ့ဒီတော့ . . . ကိုလတ်သိပ်ချစ်ရတဲ့သစ္စာရယ် . . . ကိုယ်တို့အခြမ်း ကိုယ်တို့ ပြန်တွေ့ ပြီဘဲ . . . အမြန်ဆုံးလက်ထပ်ရအောင်နော် ” ဟုပင်ဆို၍ ချစ်ရသူ သစ္စာမောင်အား အားရပါးရပင် ရင်ခွင်တွင်းသို့ စွဲသွင်းကာ နမ်းရှိုက်လိုက်လေတော့သတည်း . . . .။

မေတ္တာအနန္တဖြင့်
       အောင်ကောင်းမွန်(လားရှိုး)
 အစဉ်ဆက်လက်ကျိုးစားနေပါ့မည်။                                          



အောင်ကောင်းမွန်(လားရှိုး) 

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်