“HAPPY NEW YEAR”အောင်ကောင်းမွန်(လားရှိုး)

ကျွန်တော်တို့တတွေ ၂၀၁၃ဆိုတဲ့ အချိန်ကာလကြီးကို အတူတကွ ရောက်ရှိလို့ လာခဲ့ကြပါပြီ။ HAPPY NEW YEAR ပါ။ အခုလို မင်္ဂလာရှိသော ၂၀၁၃ နှစ်ဦးအခါသမယမှာ ကျွန်တော်ခင်မင်လေးစားရပါသော မိတ်ဆွေပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

ယနေ့မျက်မှောက်ကာလမှ ကမ္ဘာကြီးတစ်ခုလုံး Information Technology နည်းပညာများဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုထွန်းကား ဆန်းသစ်လာသည်နှင့်အမျှ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအလား ဆက်သွယ်ရေးနည်းပညာတို့မှာ ရင်းနှီးလျှက်သွယ်ချစ်ကြိုးတွေအသွယ်သွယ် ဆက်နေကြပြီဖြစ်သလို ကမ္ဘာ့ဟိုဘက်ခြမ်းနှင့် ကမ္ဘာ့ဒီဘက်ခြမ်း တွေ့ဆုံရာမှ သည် ခင်မင်မှု၊ ခင်မင်မှုမှသည် ရင်းနှီးခြင်း၊ ထိုရင်းနှီးခြင်းမှတဆင့် ကျွမ်းဝင်လာ၊ ထိုကျွမ်းဝင်လာရာမှသည် ချစ်ခြင်းတံခါးဝ ဆီသို့ ရောက်ရှိကြလို့ နှလုံးသားတံခါးတွေကို ယနေ့ခေတ်လူငယ် Single များဟာ လှမ်းလှမ်းပြီးတော့ တဒေါက်ဒေါက် ခေါက် နေကြပါပြီ။ အခေါက်ခံရတဲ့ Online လှပျိုဖြူများဟာလည်း တံခါးလေးစေ့ယုံဘဲလား . . . ရင်ထဲကအသည်းနှလုံးကို . . . ဟန်ဆောင်သော့ခတ်လို့ထားတယ် . . . ဆို
တမျိုးတွေလည်းရှိနေကြသည်ဟုပင် ကျွန်ုပ်လို ခေတ်မမီ အရွယ်ရင့်ပြီဖြစ်တဲ့ အမြင်နဲ့ ထင်မြင်မိပါသည်။

မည်သို့ပင်ဆိုစေ စိတ်ချမ်းသာမိပါသည်။ အလားတူ ကြည်လည်း ကြည်နူးဝမ်းမြောက်မိပါသည်။ ယခုအချိန်တွင်များ ကျွန်ုပ်၏ အသက်အရွယ်အချိန်ကာလအား နှစ်(၂၀)ပြန်လည်ငယ်ရွယ်နုပျိုခြင်းဆီသို့ ခေါ်ဆောင်ပေးစွမ်းနိုင်သော ကာလ ယန္တရားတစ်ခုသာလျှင် ရှိခဲ့မည်ဆိုလျှင် ဆယ်ကျော်သက်အရွယ်ဆီသို့ ပြန်လည်၍ပင် ငယ်ရွယ်ချင်လွန်းလှပါသည်။ အဘယ် ကြောင့်ဆိုသော် ခေတ်ကောင်းရောက်နေပြီ။ စနစ်တွေပြောင်းလို့ အတိတ်၏ လိုအင်တွေဟာ ပြည့်စုံကောင်းမွန်ခဲ့ရပြီ ဖြစ်ပါသည်။

ကမ္ဘာကြီး၏တိုးတက်မှု နည်းပညာများ ဆန်းသစ်နေသကဲ့သို့ ကျွန်ုပ်တို့၏ အမိမြန်ပြည်ကြီးတခွင်လုံးလည်း ကောင်းမွန် သောပြောင်းလဲတိုးတက်မှုများသည် ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့အသိအမှတ်ပြုခံနေရပါပြီ။ နိုင်ငံတကာ လက်ခံနိုင်သော ဒီမိုကရေစီစနစ်ကျင့်သုံးပေါ်လွင်သည့် နိုင်ငံကြီးတစ်ခုပင် ဖြစ်လို့နေပြီဖြစ်ပါသည်။

ထို့ကြောင့်ပင် ယနေ့ခေတ်လူငယ်တို့သည် အထူးကံကောင်းကြပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား ခေတ်လူငယ် များဟာ အမှန်တကယ်ပင် တန်ဖိုးရှိသောအချိန်တို့အား လက်ဝယ်ပိုင်ဆိုင်နေကြပြီဖြစ်ပါသည်။ ပစ္စုပ္ပန်တွင်ပင် ဤမျှထိ ကောင်းမွန်ပြီး တန်ဖိုးရှိနေလျှင် ယနေ့ခေတ်လူငယ်တို့၏ အနာဂါတ်တွင်ပိုင်ဆိုင်ရမည့်အချိန်သည် ပို၍ပင် တန်ဖိုးထိုက် လွန်းတော့မည်မှာ ဧကန်အမှန်ပင်ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

ထို့အတွက်ကြောင့်ပင် ယခု ၂၀၁၃ဟူသည့်အချိန်ကာလကြီးဖြစ်သော အနာဂါတ်ဆီသို့ ကျွန်ုပ်တို့အားလုံး ရှင်သန်ခြင်း၏အဓိပ္ပါယ်ပြည့်ဝစေရန် မိမိကောင်းမြတ်သောအကျိုး၊ မိမိ မိသားစု မိဘညီအစ်ကိုမောင်နှမများအပြင် မိမိ၏ ရေမြေ၊ အမိမြန်ပြည်ကြီး၏ ကောင်းမြတ်ခြင်းတို့၏ အောင်မြင်ခြင်းအနန္တ၊ စည်းလုံးခြင်းတို့၏ အောင်မြင်မှုရသများနှင့်အတူ ကမ္ဘာ့အလည်တွင် မြန်မာဟု လက်မထောင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် အမိမြန်ပြည်ကြီးအတွက် တတ်အားသမျှ အုတ်တချပ် ပင်ဖြစ်စေကာမူ သဲတပွင့်ပင်ဖြစ်စေကာမူ ဖြည့်ဆည်းကောင်းကျိုးပြုရင်း တန်ဖိုးရှိ လေးနက်ကောင်းမွန်အောင်မြင်မည့် ၂၀၁၃ ဟူသည့်အချိန်ကာလတလျှောက်ဆီသို့ အတူတကွ လက်ချင်းရှက်၍ လျှောက်လှမ်းကြရအောင်ဟု ရေးသားရင်းပင် ကောင်းကင်ဘုံ သဘာဝမိခင်ဓါတ်ကြီး၏ အသက်ရှင်ခြင်းကို အတူတကွ ရရှိခံစားနေရသော မြန်မာနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့အား HAPPY NEW YEAR ဟုပင် ထပ်မှန်နှုတ်ဆက်ရင်း ဤဆောင်းပါးစာမူအား ကောင်းမြတ် သော သဘောမနောတို့ဖြင့် ရေးသားလိုက်ရပါတော့သတည်း . . . ။

မေတ္တာအနန္တဖြင့်

အောင်ကောင်းမွန်(လားရှိုး)



Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်