“သုံးဘ၀သစ္စာ” အောင်ကောင်းမွန်(လားရှိုး)

                                                      အခန်း(၂)
                                          ကျွန်ုပ်ဟူသောသူ၏ ငယ်ဘဝ

ကျွန်ုပ်သည် ဘ၀ပေးအခြေအနေအရ အသက်(၁၂)နှစ်အရွယ်တွင် ဓါတ်ပုံပညာသင်ပြီး လားရှိုးမြို့၊ နန်းဟေ၀န် ဥယျာဉ်တွင် ဓါတ်ပုံအကွက်စားဖြင့်ရိုက်သည့်ကင်မရာမင်းဘ၀နှင့်ပင် လောကဟူသည့်ပင်လယ်ကြီးအား စတင်၍ လက်ပစ် ကူးခဲ့ရတော့၏။ တက္ကသိုလ်ပညာ၍မကြားဖူး၊ အထက်တန်းပညာရပ်များအား နားမလည်မှုများနှင့်ပင် မိမိဘ၀အတွက် အထူး အားကိုးအားထားခဲ့ရသော ဓါတ်ပုံဆရာကြီး ဦးကျော်ကြီးနှင့် ဦးကျော်သက် (လားရှိုးဘဲရောင်စုံဓါတ်ပုံတိုက်)တွင် ပညာသင် ရင်း ငွေရှာရင်းနှင့်ပင် လူပျိုပေါက် ဝေလင်းဘ၀သို့ ရောက်မှန်းမသိအောင် ရောက်ခဲ့လေတော့၏။
ကျွန်ုပ်၏ပညာသင်ဆရာနှစ်ဦးဖြစ်သူမှာ လွန်စွာမှပင် ကျွန်ုပ်အားချစ်ကြ၏။ သားရင်းတစ်ယောက်ပမာလည်းဘဲ အားထားကြ၏။ ကျွန်ုပ်မှာလည်း ဆရာများချစ်အောင်နေခြင်းကြောင့်ဖြစ်၏။ ဆရာများရှေ့တွင် အမြဲရိုရိုကျိုးကျိုးနေ၏။ ပြောစကားနားထောင်၏။ ခိုင်းသမျှကိုလည်းဘဲ ချက်ချင်းပင်ထ၍ ပေါ့ပါးသွက်လက်စွာ လုပ်ပေးမြဲလုပ်ပေး၏။ ညည်းညူခြင်း ဟူ၍မရှိ။ လွဲချော်သွားသည်ဆိုသည်မှာလည်း လွန်စွာမှပင်ရှားပါးလှ၏။ ဆရာများတို့၏ အောက်ခြေသိမ်းကိစ္စများကအစ မညည်းမညူလုပ်ပေးခဲ့၏။ ညနေဆိုင်သိမ်းလျှင် ဆရာတို့၏အိမ်တွင်ရှိသော အမှိုက်တောင်းမှအမှိုက်များအား အမှိုက်ပုံတွင် သွား၍ပုံ၏။

ထိုစဉ်ကာလမှာ ကျွန်ုပ်၏အဖြစ်က ကျွန်တစ်ဦးနှင့်တူ၏။ သို့သော်လည်း ကျွန်အစစ်တော့မဟုတ်။ ကျွန်အစစ် သည်ကျွန်စရိတ်ရ၏။ ကျွန်ုပ်မှာတော့
ကျွန်စရိတ်မရ။ ဓါတ်ပုံပညာတစ်ခုတည်းကိုသာရ၏။ ဤသို့ပြုလုပ်နေရခြင်းကိုပင် ကျွန်ုပ်မှာ လွန်စွာမှ ၀မ်းမြောက်ဝမ်းသာဖြစ်လို့နေ၏။ တစ်ခါက ကျွန်ုပ်သည် နံနက်(၅း၀၀)နာရီကျော်တွင် ဆရာများနေအိမ် သို့ရောက်လေ၏။ ကျွန်ုပ်ရောက်တိုင်းပင် နေ့စဉ် ဆရာနှစ်ဦး၏ သားကြီးများ၊ သမီးကြီးများမှာ ကိုယ်စီကိုယ်စီ ၄င်းတို့၏ ဖခင် များအား “ပါပါး ဝေလင်းလွိုင်”ဟု တရုတ်ကွမ်းတုံစကားဖြင့် သတင်းပို့တတ်ကြမြဲဖြစ်၏။ ၄င်းကလေးများဟာ ကျွန်ုပ်ထက် သုံးနှစ်လေးနှစ်ခန့် ငယ်သူများဖြစ်၏။ ဤသို့ဖြင့် ထိုနေ့သည် စောစောသွားရခြင်းက တရုတ်ရိုးရာသချိုင်းကတော့ပွဲ ရှိခြင်း ကြောင့်ဖြစ်၏။

ဆရာများ၏ ကလေးများဟာ ကျွန်ုပ်ကိုမြင်လျှင်မြင်ခြင်းဘဲ ၄င်းတို့ဖခင်များထံသို့ ခါတိုင်းနံနက်ခင်းများကဲ့သို့ ကျွန်ုပ်လာပြီဖြစ်ကြောင်း သွားရောက်သတင်းမပို့ဘဲ ၄င်းတို့၏အဖွားထံသို့သာ သွားရောက်ပြောဆိုကြလေ၏။
ကျေးဇူးရှင်ဆရာ(၂)ဦး၏ မိခင်ဖြစ်သူမှာလည်း မြင်လျှင်မြင်ချင်းပင် ပြုံးပြုံး ပြုံးပြုံးနှင့် “ဝေလင်း၊ ဒီအမှိုက်တွေသွားသွန်လိုက်ဦး”ဟုဆိုလေ၏။ “မနေ့ညက ဝေလင်းသွားသွန်တာအဖွားတွေ့တယ်၊ အခုဒါက အသစ်၊ သွားသွန်တော့ ဝေလင်း၊ တော်ကြာကြွက်တွေလာမှာစိုးလို့”ဟု ချိုချိုသာသာနှင့်ပင် အာရုဏ်ဦးအခါသမယမှာပင် ကျွန်ုပ်အား အမှိုက်များသွန်ရန် တာဝန်ပေးလေတော့၏။ ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း “ဟုတ်ကဲ့အဖွား . . . ကျွန်တော်အခုသွားပါမယ်” ဟုဆိုကာ အမှိုက်တောင်းရှိရာ အိမ်နောက်ဖေးသို့ ခပ်သွက်သွက်လျှောက်သွားလိုက်၏။

ထိုအခါ ဆရာဖြစ်သူ ကိုကျော်သက် မှာ “ဝေလင်း . . . အခုအစောကြီး . . . တစ်ယောက်တည်းမသွားနဲ့ . . . ခဏနင် စံမောင်လာမှသွား”ဟု သူ၏မိခင်အား တရုတ်ကွမ်းတုံစကားများဖြင့် မည်သည့်အဓိပ္ပါယ်ဖြစ်သည်ဟု နားမလည်နိုင်သောစကားများကို ဆက်တိုက်ပြောနေကြ၏။ မိခင်ကြီးဖြစ်သူမှာလည်း သူ၏သားဖြစ်သူအား ပြန်၍ပြောပြန်၏။ ထိုသို့သားအမိနှစ်ယောက် နံနက်ခင်းမိုးမလင်းခင်တွင် သူတပြန်ကိုယ်တပြန် ပြောနေသော တရုတ်ကွမ်းတုံစကားများသည် ကျွန်ုပ်လို နားမလည်သူ တိုင်းရင်းသားတစ်ယောက်အဖို့ တော့ စကားများနေ၊ ရန်ဖြစ်နေသည်လိုမျိုး နားထောင်ခံစားနေရသည်မှာမဟုတ်ဘဲ အမေတလှည့် သားတလှည့် တရုတ် တယော လက်စွမ်းပြနေသည်ဟုပင် ခံစားနားထောင်မိတော့၏။ ထို့ကြောင့်ပင် လွန်စွာမှ နားထောင်ကောင်းသလိုဖြစ်နေ၏။ အမှန်မှာတော့ ကျွန်ုပ်အားအကြောင်းပြု၍ စောစောစီးစီး ဆရာသမား သားအမိမှာ စကားများနေကြခြင်းပင်ဖြစ်၏။ သို့သော် လည်း အသက်(၁၂)အရွယ်ကလေးဖြစ်သူကျွန်ုပ်မှာတော့ နားမလည်ခဲ့ခြင်းမှာ ထိုစဉ်အချိန်ကာလကဖြစ်ရပ်တစ်ခုပင် ဖြစ်လေတော့၏။

ကျွန်ုပ်မှာလည်း တရုတ်တယောသံနှင့်တူသော နံနက်ခင်း စကားများရန်ဖြစ်သည့်အသံများ နားထောင်၍၀သလိုဖြစ်သွားချိန် မှာပင် စံမောင်ဆိုသူ ပညာသင်ဘက်တစ်ဦးမှာ ရောက်ရှိလို့လာလေ၏။
ထို့ကြောင့် ကျွန်ုပ်မှ ၄င်းအား “ဟေ့ . . . စံမောင် ၊ ဒီမှာအဖွားက . . . ဒီအမှိုက်အိတ်တွေ သွားသွန်ဖို့ပြောထားတယ် ငါတစ်ယောက်တည်းသွားဖို့ . . . ဆရာကျော်သက်က မင်းလာမှ မင်းနဲ့အတူသွားဆိုလို့စောင့်နေတာ . . . ကဲ ဒီအိတ်တွေမ” ဟု ပြောရင်းပင် နံနက်ခင်း အာရုဏ်ဦးအလှအပကိုခံစားရင်း အမှိုက်အိတ်များထမ်းကာ အမှိုက်ပုံရှိရာဆီသို့ ပညာသင်ဖော် သင်ဖက် ခင်မင်ခဲ့ရသော စံမောင်ဆိုသူနှင့်အတူ အမှိုက်များသွန်ခဲ့ရပုံကို ထိုစဉ်အချိန်ကာလတွင် လွန်စွာမှ သွက်လက်ပေါ့ပါး နေခဲ့လေတော့၏ . . .။

ဤသို့နှင့် အိမ်သို့ပြန်ရောက်လျှင် အဖွားဖြစ်သူ ဆရာသမားတို့၏မိခင်ကြီးမှာ ကျွန်ုပ်နှင့်စံမောင်အား ခုနှစ်လွှာပေါက်စီနှင့်အတူ ၄င်းကိုယ်တိုင်ပြုလုပ်ထားသော ငရုတ်ဆီနှင့်ကျွေးလေ၏။ ကျွန်ုပ်တို့နှစ်ဦးမှာလည်း ထိုနေ့နံနက်စာ အဖြစ် ၄င်းခုနှစ်လွှာပေါက်စီတစ်လုံးစီကို နှစ်ဦးသား မြိန်ရှက်စွာစားသောက်ကြလေ၏။ စားသောက်အပြီးတွင် ရေအေး တစ်ယောက်တစ်ခွက်စီသောက်၏။ ကျွန်ုပ်တို့နှစ်ဦး ရေသောက်နေစဉ်မှာပင် အဖွားဖြစ်သူမှာ ဤသို့ပင် ဗမာစကားမပီတပီ ဖြင့်ပြောလေ၏။ “ဝေလင်းနှင့်စံမောင်တော်တယ် . . . တကယ်ကိုတော်တယ် . . . မီးဖိုဆောင်တစ်ခုလုံးသန့်ရှင်းသွားတာဘဲ” ဤသို့ပြောရင်းပင် ကျွန်ုပ်၏မျက်နှာအား အသေအချာစေ့စေ့ကြည့်၍ တစ်ချက်မျှပြုံးလေ၏။ “အဖွားပြောမယ်ဝေလင်း . . . မှတ်ထားနော် . . . အဖွားတို့ကွမ်းတုံစကားပုံရှိတယ် . . . ရှေးပညာရှိတို့ရဲ့စကားက ဒီလိုကွဲ့ . . . လောကကြီးမှာ သခင်ဖြစ် ချင်တဲ့သူတွေဟာ . . . ကျွန်ခံဖူးပြီလားဟု . . . ပြန်မေးရတယ် . . . ဆရာဖြစ်ချင်တဲ့လူလည်း . . . အဲ့ဒီလိုဘဲ တပည့်ခံဖူး ခဲ့လား . . . ကိုယ့်မှာဆရာရှိလားလို့ . . ပြန်မေးရတယ်တဲ့”ဟုပင် တရုတ်ပညာရှိတို့၏ စကားပုံအား သက်ကြီးစကားသက်ငယ် ကြားဟူသကဲ့သို့ပင် ပြောပြလေ၏။ ထိုစကားကြားရခြင်းပင် ကျွန်ုပ်သည် လွန်စွာမှပင် မှတ်သားစရာပါလားဟု သတိပြု မိသည်။ ငါ့ဘ၀တစ်သက်လုံး ဘယ်တော့မှ အဖွားရဲ့စကားကို မမေ့စတမ်း မှတ်ထားမယ်ဟု ဆုံးဖြတ်လိုက်၏။ ထိုစကားလုံး တို့သည် အဖွား၏နှုတ်မှပင် ကျွန်ုပ်၏နား၊ ထိုမှတဆင့် ကျွန်ုပ်၏နှလုံးအိမ်အတွင်းသို့ နစ်၍နစ်၍ပင် ၀င်ရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။


ဆရာသမားဖြစ်သူတို့၏ မိခင်ကြီးဖြစ်သူ တရုတ်ကွမ်းတုံအဖွားကြီးမှာ ကျွန်ုပ်၏မျက်နှာအား သေချာစွာစေ့စေ့ကြည့်၍ နေ၏။ သူကျေနပ်အောင်ကြည့်နေသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထို့နောက် ဤသို့ပြန်လည်ပြောလေ၏။ “ဝေလင်းက. . . အခု တပည့်လည်းခံဖူးပြီ . . . ဆရာရှိနေသည် . . . ကျွန်လည်းခံနေပြီ . . . အဲ့ဒီတော့ . . . မောင်ဝေလင်းကြီးလာရင် . . . ဆရာဖြစ်မှာ . . . သူတပါးရဲ့အရှင်သခင်ဖြစ်လာဖို့ရာက သေချာနေပြီ . . . ပိုက်ဆံကိုအမြဲချွေချွေတာတာသုံး . . . အကျီ အကောင်းမရှိရင်လည်း ဘာမှမဖြစ်ဘူး . . . သန့်ရှင်းရင်ရပြီ . . . ပိုက်ဆံကိုဘဲစု . . . အစားကောင်းမစားရလည်း ဘာမှ မဖြစ်ဘူး . . . ရောဂါမဖြစ်နိုင်လောက်တဲ့ အာဟာရပြည့်ဝရင်ပြီးတာဘဲ . . . ပိုက်ဆံကိုကောင်းကောင်းဆုတော့နော် . . . ဝေလင်းကို . . . ဒီနေ့ကစပြီး . . . ဓါတ်ပုံတစ်ပုံရိုက်တိုင်းရိုက်တိုင်း ရိုက်ခအကွက်စား ငါးမူးပေးဖို့ အဖွား မင်းတို့ဆရာကို …. ပြောလိုက်မယ်”ဟုဆိုလေ၏။ ဤသို့သောစကားကိုကြားရလျှင် ရုတ်တရက်တော့ စိတ်နှလုံးမှာ မည်သို့မျှ ထူးခြားစွာ ပြောင်းလဲမှုမရှိသော်လည်း ငါ ဒီနေ့ကစပြီး အကွက်စား ငါးမူးရပြီဟူသည့်အတွေးသည် ကျွန်ုပ်၏အသိစိတ်အာရုံတွင် ဖြေးဖြေးခြင်းနှင့် သိသိသာသာကြီးကိုပင် ဖုံးလွှမ်းသွားလေတော့၏။ ကျွန်ုပ်သည် ပျော်လာသလိုခံစားရ၏။ ကိုယ့်ကိုယ်ကို လည်း အခကြေးငွေကို ငါ့ပညာနဲ့ရင်းပင် ရှာနိုင်တဲ့လူတစ်ယောက်ဖြစ်ပြီဟူသည် စိတ်ကြီးမှာလည်း တပြိုင်တည်းဆိုသလိုပင် ၀င်လာလေတော့၏။


တစ်ရက်လျှင် ဖလင်တစ်လိပ်စာ ဓါတ်ပုံ ပုံ(၄၀)ရိုက်လျှင် ငွေ(၂၀)ရပြီ။ ဒါဆို ပုံ(၈၀)ရိုက်လျှင် ငွေ(၄၀)ရပြီဟူသော သင်္ချာဉာဏ်များလည်း ထွက်လာလေတော့၏။ ပုံ(၁၀၀)တစ်နေ့ မရရအောင်ရိုက်မယ်ကွာဟုဆိုသည့်စိတ်ဓါတ်မှာလည်း တပြိုင်တည်းဆိုသမှာလည်း ကျွန်ုပ်၏စိတ်အာရုံတွင် ရောက်ရှိလာတော့၏။ ထို့ကြောင့် ထိုနေ့မှစ၍ လားရှိုးမြို့ နန်းဟေ၀န် ဥယျာဉ်တွင် တစ်နေ့လုံး ဥယျာဉ်ကြီးတစ်ခုလုံး အထက်နှင့်အောက် ပြေးရင်းလွှားရင်းနှင့်ပင် တစ်နေ့ပုံ(၁၀၀)မရရအောင် ကြိုးစား၍ ရိုက်လေတော့၏။ ထို့ကြောင့်ပင် တစ်နေ့လျှင် ငွေကျပ်(၅၀)ရ၏။ ထိုစဉ်ကာလတွင် မြန်မာနိုင်ငံကြီးသည် တစ်နေ့ ထက်တစ်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ တည်ဆောက်ပြုပြင်မှုများကို နိုင်ငံနှင့်အ၀န်းကိုပင် ကြီးကျယ်စွာပြုလုပ်လျှက်ရှိနေသော အချိန်ကာလတစ်ခုပင်ဖြစ်နေပြီဖြစ်၏။ နိုင်ငံသားများလည်း ယခင် ဆိုရှယ်လစ်ခေတ်နှင့် ယှဉ်လျှင် တဆတဆခေတ်မှီ၍လာတော့၏။ မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲပေါ်တွင် နိုင်ငံသားများ၏ စိတ်ဝင်စား မှုကြောင့် နိုင်ငံခြားသတင်းများကို တရုတ်ရေဒီယိုများကိုင်ဆောင်၍ အမျိုးသားအများစုတို့သည် နားထောင်ကြလေ၏။ ထို့ကြောင့် နိုင်ငံတကာ ဗဟုသုတများလည်း ဖြည်းဖြည်းခြင်းနှင့်ပင် တိုးတက်လာကြလေတော့၏။
အမျိုးသမီးများ . . . အထူးအားဖြင့် . . . မိန်းမပျိုများလည်း သိသိသာသာပင် ခေတ်ဆန်လာကြလေတော့၏။ မြန်မာပြည်၏ မြို့ကြီးများတွင်လည်း စင်တင်တေးဂီတများ၊ ကာရာအိုအေဆိုင်များ၊ စားတော်ဆက်ကြီးများလည်း အပြိုင်အဆိုင်ပင် ပေါ်ထွက်၍လာနေပြီဖြစ်၏။ မြန်မာပြည်ကြီးသည် ဈေးကွက်စီးပွားရေးစီမံကိန်းဟုအမည်တပ်၍ စီးပွားရေး တံခါးဖွင့်ပြီး နိုင်ငံတကာနှင့်ဆက်ဆံပြီး နိုင်ငံတော်စီးပွားရေးရော၊ ပုဂ္ဂလိကစီးပွားရေးများပါ ပြုလုပ်နေကြပြီဖြစ်၏။ ထို့ကြောင့် ပင်နေ့စဉ်နှင့်အမျှ ကျွန်ုပ်ထံတွင် လွန်စွာမှ ခေတ်မီသယောင်ဆောင်နေကြသော မိန်းမပျိုအများအပြားမှာ ဟိုအ၀တ်အစားနှင့် တမျိုး ဒီအ၀တ်အစားနှင့်တဖုံ ဆိုသလိုပင် ထပ်ကာထပ်ကာလာ၍ အလှဓါတ်ပုံများ ရိုက်ကူးကြလေ၏။

ကျွန်ုပ်၏ဆရာဖြစ်သူ ကိုကျော်သက်မှာ ကျွန်ုပ်အား ဓါတ်ပုံပညာနှင့်ပတ်သက်၍ မှတ်သားဖွယ်ရာစကားတစ်ခွန်းကို ဤသို့ဆိုလေ၏။ “ဝေလင်း … မင်းဓါတ်ပုံကင်မရာမင်းလောကမှာ နာမည်ကြီးတဲ့ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ချင်ရင် ဘယ်တော့မှနေပြောင်းပြန်မရိုက်နဲ့”ဟု ဓါတ်ပုံဆရာတိုင်းအတွက် အဖိုးမဖြတ်နိုင်သောစကားအား ဆိုလေ၏။ ကျွန်ုပ်သည် ထိုစကား အမြဲမှတ်ထား၏။ အကယ်၍များ ဓါတ်ပုံအရိုက်ခံမည့်သူက နေပြောင်းပြန်တွင်ရှိသော ရှုခင်းတစ်ခုကို နောက်ခံထားပြီးရိုက်ချင်တယ်၊ ရိုက်ပေးပါ ဟုပြောလျှင် ကျွန်ုပ်အနေနှင့် ဘယ်တော့မျှမရိုက်ပေး . . . သို့သော်လည်း စကားကိုနားထောင်ကောင်းအောင် ပြေလည်ရာ ပြေလည်ကြောင်းပြောလေ၏။ ဒီအချိန်မှာ နေကပြောင်းပြန်ကြီးဖြစ်နေတော့ ဒီရှုခင်းကို နောက်ခံထားပြီး ရိုက်လိုက်လျှင် ပုံထွက်ကောင်းမှာမဟုတ်ဘူး . . . လက်ရှိအချိန် Lighting နှင့် လိုက်လျှောညီထွေမှုရှိသော ရှုခင်းနှင့်ရိုက်ထားသောပုံများကို ထုတ်ပြပြီးလျှင် နေနှင့်ဆန့်ကျင်ဘက် ရှုခင်းများကိုရှောင်၍ပင် အမြဲပင်ရိုက်ကူးခဲ့၏။ ထို့ကြောင့် ကျွန်ုပ်ရိုက်ခဲ့သောပုံမှန်သမျှ မကောင်းဟူ၍ ဘယ်တော့မျှမရှိ . . .။ ပန်းခြံထဲက ချာတိတ်ကလေး ဓါတ်ပုံရိုက်တာ တကယ်ကောင်းတယ် . . . ဟူသည့် သတင်းမှာလည်း မတော်ပင်ပျံ့နှံ့သွားပြီဖြစ်၏။

ထို့ကြောင့် အကွက်စားရပြီး တစ်လခန့်အကြာမှာပင် ကျွန်ုပ်သည် တစ်နေ့ ဖလင်သုံးလိပ် ပုံ(၁၂၀)အနည်းဆုံးထား၍ပင် ရိုက်ခဲ့ရလေတော့၏။ ပွဲတော်ရက်များ၊ ရုံးပိတ်ရက်များဆို ဖလင်(၅)လိပ်မှ(၆) လိပ်အထိ ရိုက်ရလေတော့၏။ ထိုအချိန်မှာဘဲ ကျွန်ုပ်၏ဘ၀ပညာ ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပညာ ဆရာသခင်များဖြစ်သည့် ဦးကျော်ကြီးနှင့် ဦးကျော်သက်တို့မှ ကျွန်ုပ်အား အကွက်စား ငါးမူးမှ (၁)ကျပ်တို့ တိုး၍ပေးလိုက် လေတော့၏။ ထို့ကြောင့်ပင် ထိုစဉ်ကာလမှာ ကျွန်ုပ်၏တစ်နေ့ဝင်ငွေလျှင် ပျှမ်းမျှ(၂၀၀ိ/)ရပြီး တစ်လလျှင် (၆၀၀၀ိ/)၀င်ငွေရှိသူ တစ်ဦး၊ တစ်နှစ်လျှင် ၀င်ငွေ(၇၂၀၀၀ိ/)ရှာနိုင်သူတစ်ဦး ဖြစ်သွားလေတော့၏။
ထိုစဉ်ကာလမှ အစိုးရဌာနမှ အရာရှိကြီးတစ်ဦး၏ လစာမှာပင် တစ်လလျှင် (၇၀၀ိ/)မျှသာ ရ၏။ တစ်နှစ်လျှင် အရာရှိ တစ်ဦးဝင်ငွေမှာ (၁၄၀၀၀ိ/)ပင်ရှိ၏။ ထိုအတွက်ကြောင့် ထိုစဉ်အချိန်တွင် ကျွန်ုပ်ဝင်ငွေအားပြောပြလျှင် မည်သူမျှမယုံနိုင် လောက်အောင် ဖြစ်ကြလေတော့၏။ အသက်အရွယ်သည် အလွန်အမင်း ငယ်ရွယ်လွန်းလှသောကြောင့်လည်းကောင်း၊ ဘ၀ အတွေ့အကြုံရင့်ကျက်မှုမရှိခြင်းကြောင့်လည်းကောင်း၊ မိဘများ၏ မျက်ကွယ်တွင် နေထိုင်လုပ်ကိုင်နေရသောအချိန်သည် များပြားလွန်းလှသောကြောင့်လည်းကောင်း၊ ကျွန်ုပ်၏ ဘ၀သည် မသိမသာနှင့်ပင် တဆတဆ ပျက်စီးစပြု၍လာတော့၏။

ညနေနေ၀င်ချိန်သို့ရောက်လျှင် ဗူးဘီယာ(၁)ဗူးခန့် သောက်တတ်လာ၏။ စီးကရက်ကိုလည်း ထိုစဉ်ကာလက အကောင်းဆုံ၊ ဈေးအကြီးဆုံးဖြစ်သည့် International 555 ကို ဗူးလိုက်ဝယ်၍သောက်လေတော့၏။ အပေါင်းအသင်းမှာ လည်း လွန်စွာမှ များပြားလာနေပြီဖြစ်၏။ ထိုအပေါင်းအသင်းများမှာလည်း ကျွန်ုပ်ထက် အသက်အရွယ်ကြီးရင့်သူများသာ ဖြစ်ကြလေတော့၏။ ၄င်းတို့အားလုံးသည် ကျွန်ုပ်ကိုခေါ်လျှင် ချာတိတ်ဟုပင် ကင်ပွန်းတပ်ခေါ်ဝေါ်ကြလေ၏။ ဤသို့ပင် ခေါ်ဝေါ်သူများပြားလာသောကြောင့် ကျွန်ုပ်၏အမည်ရင်းမှာ ကျွန်ုပ်ဆရာများနှင့်မိဘများသာ ခေါ်ဖို့အတွက်ပင် မှည့်တွင်ထားသလိုသာ ဖြစ်ခဲ့လေတော့သတည်း။

ဆက်လက်ဖော်ပြပါဦးမည် . . . ။


မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်