“ဣဋ္ဌဆိုသည်နှင့် အနိဋ္ဌဆိုသည်မှာ”အောင်ကောင်းမွန်(လားရှိုး)

တနေ့သ၌ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဆုတောင်ပြည့်ဘုရားအနီး ရွှေလီရတနာရပ် ကျွန်ုပ်၏နေအိမ်သို့ အသက်(၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ်ရောက်ရှိလာလေ၏။ ၄င်း၏အမည်ကား “ဒေါ်အုန်းမြင့်” ဟူ၍ပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ် ကလေးဘ၀နေထိုင်ခဲ့သော ရပ်ကွက်တစ်ခုတွင် အတူတကွ နေထိုင်ခဲ့ဘူးသူ လည်းဖြစ်လေ၏။ ထိုစဉ်အချိန်အခါတွင် ၄င်းဒေါ်အုန်းမြင့်ခေါ်သူ အမျိုးသမီးမှာ လောကဓါဏ်၏ ငြင်းပန်းနှိပ်စက်မှုများ ပြင်းထန် စွာ ခံစားရပြီး မိသားစုဝင်အားလုံးတို့နှင့် သေကွဲ ကွဲခဲ့ရလေ၏။ ထို့အတွက်ကြောင့် ထိုစဉ်ကာလ၌ ၄င်း အမျိုးသမီးကြီးမှာ စိတ်ခံစားမှုလွန်ကဲပြီး အနည်းငယ်စိတ်ဖောက်ပြန်ခဲ့လေ၏။ ယခုအချိန်တွင်တော့ ၄င်းဒေါ်အုန်းမြင့်ဆိုသူမှာ သူ၏ဘ၀အား သူ့ဖာသာသူ အေးချမ်းကောင်းမွန်အောင် ဖန်တီးဆောက်တည်နိုင်သည့်အပြင် ဘာသာရေး၊သာသနာရေး၊လူမှုရေး ကိစ္စရပ် များကိုလည်း ၄င်းအရေးကဲ့သို့ပင်လျှင် အလေးအနက်ထား လုပ်ကိုင်ပေးနေသူတစ်ဦးလည်း ဖြစ်နေ ပြီ်ဖြစ်၏။ အားလျှင် အားသလို ကျွန်ုပ်ထံသို့ အလည်လာတတ်၏။ အလည်လာတိုင်းလည်း အေးဆေးစွာ စကားစမြည်ပြောရင်းပင် နေ့လည်စာ ကျွန်ုပ်ထံတွင် စားပြီးမှသာ ပြန်တတ်လေ၏ . . ။ ထို့ကြောင့် ဒေါ်အုန်းမြင့်မျက်နှာအားမြင်လိုက်သည်နှင့် ကျွန်ုပ်မှာလည်း
ဟင်းချက်စရာများကို စီမံရလေ၏။

ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အား မြင်မြင်ချင်းပင် ၄င်းအိတ်အတွင်း၌ပါလာသော ဂျာနယ်တစ်စောင်အား ထုတ်၍ပေး၏။ “ဘာမှမလုပ်နဲ့ဦး၊ မောင်ဝေလင်းရေ . . . ဟော့ဒါလေးကို အရင်ဖတ်ကြည့်စမ်းပါဦး”ဟုဆိုလေ၏။ “ဘာတွေများသတင်းထူး ပါလာတာလည်း ဒေါ်အုန်းမြင့်”ဟု ကျွန်ုပ်မှမေးရာ ဒေါ်အုန်းမြင့်ဆိုသည်မှာ ဘာမျှပြန်မဖြေသေးခင် ကျွန်ုပ်၏အတူနေ တပည့်လေး အိုက်မွန်းမှ ၄င်းဂျာနယ်အား ယူ၍ကြည့်လေ၏။ ထို့နောက် ဂျာနယ်အတွင်းမှ ရွှေတိဂုံဘုရား လင်းတ(၆)ကောင် နားသည့်သတင်းကို ကျွန်ုပ်အား ဖတ်ပြလေ၏။ ယင်းဖြစ်စဉ်အပေါ်တွင် နိုင်ငံတော်သြ၀ါဒစရိယဆရာတော် ဘဒ္ဒန္တ နန္တောဘာသ၏ ဒါ . . . ကောင်းတဲ့နိမိတ်ဘဲဟု ဟောကြားသွားကြောင်းလည်း ထည့်သွင်းရေးသားထားလေ၏။ သို့သော် လည်း မြန်မာနိုင်ငံ၏ နက္ခတဗေဒပညာရှင်ဆရာကြီးများ ဘုရားဖူးလာကြကုန်သော အတွေ့အကြုံရင့်ကျက်သည့် သက်ကြီး ရွယ်အိုများတို့မှာ ယင်းဖြစ်စဉ်နိမိတ်အပေါ်တွင် အမျိုးမျိုးအဖုံဖုံ နိမိတ်ကောက်ပြောဆိုကြလေကြောင်းမကောင်းသော အတိတ် နိမိတ်ဟု ပြောသောသူများသာ များကြောင်း ဆရာတော် ဘဒ္ဒန္တ နန္တောဘာသကတော့ နန်းမတော်မယ်နု အကြောင်းပြုပြီး ၄င်း ထမိန်ကို လင်းတချီလာသည်ကို ဘုရင်မြင်တွေ့သွားပြီး မိဖုရားတင်မြောက်ကြောင်းကို အကြောင်းပြုပြီး ကောင်းသည့်ဖြစ်စဉ် ဟုပြောကြောင်းလည်းသိရလေ၏။

ရန်ကုန်တိုင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီးအကဲတစ်ယောက်မှ ယင်းဖြစ်စဉ်သတင်းပြန့်ပွားပြီး အချိန်အနည်းငယ် တွင် ရွှေတိဂုံဘုရား ဂေါပကထံသို့ “လင်းတနားတယ်လို့မပြောနဲ့ . . . ရွှေလင်းတ နားတယ်လို့ပြော” ဟုဆိုပြီး ဂေါပက Black Board ပေါ်တွင် ရေးခိုင်းသွားတယ်ဟု ဆိုကြောင်း သို့သော်လည်း အတင်းအကျပ်တော့ ပြောခိုင်းသည်မဟုတ်ဟုလည်း ၄င်း အချိန်တာဝန်ကျ ဂေါပကများ ပြန်၍ပြောသောစကားများကို ကြားရကြောင်းသတင်းများသာဖြစ်တော့၏။

ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အား အသေအချာကြည့်၍ အဲ့ဒါကိုဘယ်လိုနမိတ်ကောင်ယူဆဆုံးဖြတ်မလဲဟု အဓိပ္ပါယ်ရသော မျက်လုံးအစုံတို့ဖြင့် ပင့်၍မေးလေ၏။ ကျွန်ုပ်အနေနှင့် ဘာမျှပြန်မပြောသေးဘဲ ခေတ္တမျှ ငြိမ်နေမိ၏။

ကျွန်ုပ် ငြိမ်နေရခြင်းမှာ ဣဋ္ဌ၏သဘောနှင့် အနိန္တသဘောအား စဉ်းစားနေခြင်းပင်ဖြစ်၏။ “ဘယ်လိုလဲ မောင်ဝေလင်း၊ ရွှေတိဂုံဘုရား လင်းတနားတဲ့နိမိတ်ကို အဒေါ့်ကို အားမနာတမ်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးစမ်းပါ”ဟု ဆိုလေ၏။ “အဒေါ် ဒေါ်အုန်းမြင့် ကျွန်တော့်ဆရာကို သိပ်ကျပ်မနေနဲ့၊ ကျွန်တော့်ဆရာ နေသိပ်မကောင်းဘူး”ဟု တပည့်ကျော်လေးအိုက်မွန်းမှ စကားခံ ပြုလေ၏။.။ ဒေါ်အုန်းမြင့်ရေ ရွှေတိဂုံဘုရားမှာ လင်းတနားတဲ့ကိစ္စနဲ့ ပတ်သက် လို့ကတော့ ကျွန်တော့်အနေနဲ့ ဘာမှတောင်မှ ထပ်ပြောပြဖို့ လိုမယ်မထင်ပါဘူး . . . ။ ဘာဖြစ်လို့လဲဆိုတော့ ဂျာနယ်တော် တော်များများမှာကော၊ သတင်းစာတွေမှာရော ဒီသတင်းကို ဖော်ပြပြီး ဆရာတော်တွေ၊ နက္ခတဗေဒပညာရှင် ဗေဒင်ဆရာကြီး တွေ နိမိတ်ကောက်ပြောပြီးကြပြီဘဲ . . . ။

အဲ့ဒါကြောင့်မို့လဲ ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တောင်မှ ဘာမှ မရေးဘဲ နေခဲ့တာ .. .။ အခုခင်ဗျားမေးလာတော့ ကျွန်တော်ဖြေရမှာပေါ့ . . .။ ဆန်းပညာနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အဘ ဒေါက်တာ မင်းသိင်္ခ နားလည်လွယ်တဲ့နည်းနဲ့ ပြောပြခဲ့ဘူးတာရှိတယ်။ သိပ်ကိုရိုးစင်းတယ်။ မှတ်ရတာလည်းလွယ် တယ်။ ပြီးတော့ မှန်လည်းမှန်၊ ထိလည်းထိရောက်တဲ့ ဂမ္ဘီရ ဆုံးဖြတ်ချက်ဘဲ။ အဲ့ဒါဟာ ဘာလည်းဆိုတော့ ဣဋ္ဌဆိုတဲ့ ကောင်းခြင်းရဲ့သဘောနဲ့ အနိန္တဆိုတဲ့ မကောင်းတဲ့သဘော (၂)ခုကို နံပါတ်(၁)အနေနဲ့ အရင်ခွဲခွဲခြားခြားနားလည်ထားရမယ်။ ကောင်းတဲ့နေရာဌာနမှာ ကောင်းတဲ့အရာတွေလာရင် ကောင်းတဲ့အရာတွေဖြစ်ပေါ်ရင် ကောင်းတယ်။ (ဣဋ္ဌ+ ဣဋ္ဌ= ဣဋ္ဌ) မကောင်းတဲ့နေရာမှာ မကောင်းတဲ့အရာတွေဖြစ်တယ် …..မကောင်းတဲ့အရာတွေပေါ်တယ်…..မကောင်းတဲ့နိမိတ်တွေ ဖြစ်တယ… အခုလို မကောင်းတဲ့ အနိန္တသတ္တ၀ါလို့ဆိုရမယ် . . . လင်းတ လိုမျိုးပေါ့ သချိုင်းကုန်းမှာရှိတယ် . . . လာတယ် . . . နားတယ် ဆိုခဲ့ရင် ကောင်းတဲ့နိမိတ်လို့ဆိုရမယ် . . .တိုက်ပွဲအကြီးအကျယ်ဖြစ်နေတဲ့နေရာမျိုးမှာ လင်းတတွေ အုပ်စုလိုက် ပျံသန်းလာလတဲ့နိမိတ်မျိုး၊ တိုက်ပွဲတည်နေရာမှာ လာနားတဲ့နိမိတ်မျိုးကြုံရင် စစ်ပွဲကြီး မကြာခင်ပြီးသွားမယ် … ကောင်းတဲ့ နိမိတ်လို့ယူဆရမယ် . . . ကောင်းကျိုးဖြစ်တည်မှုရမယ် . . . (အနိန္တ+အနိန္တ= ဣဋ္ဌ) ဒီတော့ကာ … ကောင်းတဲ့ မင်္ဂလာရှိတဲ့နေရာမျိုးမှာ မကောင်းတဲ့နိမိတ်တွေပေါ်တယ် . . . မင်္ဂလာမရှိတဲ့ကိစ္စမျိုးတွေဖြစ်တယ် . . . အခုလို မင်္ဂလာမရှိတဲ့ မကောင်းသော ကျေးငှက် . . . လင်းတ နားတယ်ဆိုတာကတော့ မကောင်းတဲ့နိမိတ်ပါဘဲ . . . ။ အဲ့ဒီလိုပါဘဲ မကောင်းတဲ့ နေရာဌာနကို . . . ဥပမာ-သချိုင်းကုန်းလိုနေရာမျိုးပေါ့ . . . ကောင်းတဲ့ကျေးငှက်ဖြစ်တဲ့ ရွှေဟင်္သာလိုမျိုး သွားနားတယ်ဘဲ ထားလိုက်ပါတော့ . . . ဒါလည်း မကောင်းတဲ့နိမိတ်လို့ဘဲ ယူဆရပါမယ် . . . (ဣဋ္ဌ+အနိန္တ=အနိန္တ) (အနိန္တ+ ဣဋ္ဌ=အနိန္တ)

ဒီတော့ကာ . . . ရွှေတိဂုံဘုရားဆိုတာက မြန်မာနိုင်ငံကြီးမှာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားအားလုံးရဲ့ အမြင့်ဆုံး အမြတ်ဆုံး စေတီတော်ကြီးတစ်ဆူဖြစ်တယ် . . သိပ်ကိုမြင့်မြတ်တဲ့ ဣဋ္ဌ နေရာကြီးတခုဖြစ်တယ်… .အဲ့တာကြောင်းမလို့ဆန်းပျက်တယ်...မကောင်းသောနမိတ်ပါ…နိုင်ငံအုပ်ချုပ်သူတွေအတွက်တင်မဟုတ်ဘူး…..မြန်မာနိုင်ငံသားအားလုံးအတွက်သက်ဆိုင်တဲ့နမိတ်ပါ…. ။ လင်းတအရေအတွက်ဟာ (၆)ကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သောကြာဂြိုလ်နဲ့ ပတ်သက်ပြီး စဉ်းစားရမယ်။

သောကြာဂြိုလ်ရဲ့ပရိယာယ်ဟာ စကား . . . ခရီး . . . လှုပ်ရှားမှု . . . မယား . . . သုတ်သွေး . . . ဆိုပြီးတော့ မြန်မာ့ရိုးရာ လာဘ်ဆန်းဗေဒင်ကျမ်းတွေမှာဖော်ပြထားတယ် . . .။ အဲ့ဒီတော့ကာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအားလုံး ခရီးသွားလာကိစ္စတွေနဲ့ပတ်သက်ပြီး သတိထားရမယ်။ အနန္တော အနန္တငါးပါးကို ဦးခိုက်ပြီး သွားလာသင့်တယ် . . . ။ ခရီးသွားလုပ်ငန်းလုပ်သူတွေ ယခင်ထက်ပိုပြီး လုပ်ငန်းအပေါ်မှာ ဂရုစိုက်ရမယ် . . . ။ နောက်တစ်ချက်က အခုသာသနာဟာ ဂေါတမမြတ်စွာဘုရားရှင်ကြီးရဲ့ သာသနာကာလဖြစ်နေတယ် . . .။ ဂေါတမဘုရားရှင်ရဲ့ ဓမ္မအနှစ်ချုပ်ဟာ သစ္စာဖြစ်တယ် . . . ။ ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုတရားကိုဟောသလဲလို့မေးလာရင် သစ္စာတရားကိုဟောတယ်လို့ဘဲဖြေရမှာ . . . လင်းတဆိုတဲ့ ငှက်သတ္တ၀ါကို တချို့သောလူတွေက ချီးမွမ်းကြတာမျိုးတွေ ကျွန်တော်ငယ်ငယ်က ကြားခဲ့ဘူးတယ်။ လင်းတကို လူတွေက ဘယ်လောက် ဘဲမကောင်းပြောပြော မကောင်းတဲ့နေရာမှာ ဘယ်လိုဘဲခိုင်းနှိုင်းခိုင်းနှိုင်း သူက အသေကောင်ကိုသာစားတာ . . . သေရင် တောင် ပုတ်မှစားတာ . . . သတ္တ၀ါအရှင်တွေကို သတ်ဖြတ်မစားဘူး . . . ပုတ်မှစားတယ်ဆိုတာကလည်း အသေကောင်ဖြစ် တာ သေချာအောင်စောင့်တဲ့သဘောပေါ့ . . . သေတာ သေချာမှ စားမယ်ဆိုတဲ့သဘောကိုပြတယ် . . . အင်မတန်ကို သစ္စာ ရှိတယ်တဲ့ . . . ဒါကတော့ အကောင်းမြင်ဝါဒ ကျင့်သုံးတဲ့ လူတစ်ယောက် လင်းတကိုချီးကျူးလိုက်တဲ့ အချက်ပါ . . . ဒီအချက်ကိုစဉ်းစားလိုက်တော့လည်း . . . သစ္စာနဲ့ ပတ်သက်ပြန်လာတာကိုတွေ့ရတယ် . . . ။

အဲ့ဒီတော့က သစ္စာတရားတွေ ပျက်ပြားတတ်တယ် . . . သစ္စာခံတပည့်တွေ သစ္စာဖောက်တတ်တယ် . . . မယားဆိုတဲ့အရာကိုလည်း သောကြာဂြိုလ်ပရိယာယ်အရ ပြန်လည်ထည့်သွင်းစဉ်းစားမယ်ဆိုရင် အတူတကွ နှစ်ဦးနှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ ပျက်ပြယ်တတ်သောသဘော အာနိသင်ရှိနိုင်တော့တဲ့သဘောတွေလည်း . . . ပါနေတာကိုတွေ့ ရတယ်။နောက်တခုကသဘာဝအန္တရယ်တွေဖြစ်တတ်တဲ့သဘောတွေလဲပါနေတာကိုဒီနမိတ်ကဖော်ပြနေပါတယ်။ ဒီတော့ကာ ကျွန်တော့အနေနဲ့ ပြောချင်တာတစ်ခုပါဘဲ . . . လောကီအနေနဲ့ပြောရရင်တော့ ယတြာပေါ့ . . .။ ယခု အချိန်ဟာ မြတ်ဗုဒ္ဓသာသနာတော်ကြီး တည်ရှိနေသေးတယ် . . . .။ ပရိတ်ဆိုတာ အရံအတားဘဲ . . . မြန်မာတစ်နိုင်ငံလုံး ရွှေတိဂုံဘုရားကစပြီး မြန်မာတစ်နိုင်ငံလုံး ပရိတ်ရွတ်ပွဲတွေပြုလုပ် သင့်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်။. . . အဲ့ဒီမှာ ပရိတ်ရေတွေထား အဲ့ဒီပရိတ်ရေတွေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ဝင်း၊ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်းတွေကိုပက်ဖျန်း . . . ကိုယ်သောက်တဲ့ သောက်ရေအိုးတွေထဲ့မှာထည့် … ဗုဒ္ဓဘာသာအိမ်တွေတိုင်းဆိုလည်း မနက်မနက်တွေမှာ တရားခွေတွေဖွင့်တဲ့ အလေ့အထတွေရှိကြတာဘဲ . . . အမှန် တကယ်ကျင့်ကြံအားထုတ်ထားတဲ့ ထေကြီးဝါကြီးဆရာတော်ကြီးတွေရဲ့ ပရိတ်တရားခွေကို နေ့စဉ်ဆက်တိုက်ဖွင့် နာကြား ရင်ကောင်းတယ် . . .

အဲ့ဒီလိုမျိုး ကိုယ်စီကိုယ်စီကောင်းမြတ်တဲ့ သဘောမနောနဲ့ ကိုယ့်ပြည်၊ ကိုယ့်မြေ၊ ကိုယ့်အမိနိုင်ငံကြီး ကောင်းစားပါစေတော့ . . . ကမ္ဘာ့အလယ်မှာ ထင်ပေါ်အောင်မြင်တိုးတက်ပါစေတော့ဆိုတဲ့ စိတ်အာရုံကလေးတွေကို နှလုံးသွင်းပြီး ကုသိုလ်တရားတွေ ပွားများကြစေချင်တယ် . . . ဒါဆိုရင် တတိုင်းပြည်လုံး မကောင်းတဲ့ အနိန္တ ပါပါ့ဓါတ်တွေ လွှင့်ပျောက်ပြီး ဣဋ္ဌ ကောင်းမြတ်တဲ့ သောမဓါတ်တွေ ဖြစ်ပေါ်လာလိမ့်မယ် . . . စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရလိမ့်မယ်။ ကောင်းမြတ်တဲ့ ဆန္ဒဓါတ်တွေ ပြည့်ဝကြလိမ့်မယ် . . . အဲ့ဒီတော့ ဒေါ်အုန်းမြင့်ရေ . . . အများသူငါထက် ခင်ဗျားအရင် စလုပ်လိုက်တော့။” ကျွန်ုပ်စကားအား နားထောင်ရင်းပင်လျှင် ဒေါ်အုန်းမြင့်သည် ခေါင်းတညိမ့်ညိမ့်ဖြင့် အသေအချာ မှတ်သားနေဟန်ရှိလေ၏။ အလားတူစွာပါဘဲ တပည့်ကျော်လေး အိုက်မွန်းမှာလည်း စာအုပ်နှင့်ဘောပင်ကိုင်၍ပင်လျှင် ကျွန်ုပ်ပြောသမျှအချက်အလက်တွေအား ရေးမှတ်၍ နေလေ၏။ ထို့နောက်တွင်ကား ၄င်းရေးမှတ်သော မှတ်စုခေါင်းစဉ်အဖြစ်

“ဣဋ္ဌဆိုသည် နှင့် အနိန္တဆိုသည်မှာ” ဟု

ပြတ်ပြတ်သားသား အမည်ပေး ရေးချလိုက်လေတော့၏ . . . ။

ဒေါ်အုန်းမြင့်သည်လည်း ထိုနေ့ နေ့လည်စာကို ကျွန်ုပ်ထံတွင်မစားတော့ဘဲ ဘုန်းကြီးပင့်ဆွမ်းကပ် ပရိတ်တရားနာဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တော့မယ်ဟုဆိုပြီးလျှင် ကျွန်ုပ်၏နေအိမ် ခြံဝင်းအတွင်းမှ အေးချမ်းကောင်းမွန်သွက်လက် လှသော ခြေလှမ်းများဖြင့်ပင် ထွက်ခွာသွားလေတော့သတည်း . . .။

မေတ္တာအနန္တဖြင့်
အဘ ဒေါက်တာ မင်းသိင်္ခ ၏ တပည့်ရင်း
ဆရာအောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်