“သုံးဘ၀သစ္စာ” အခန်းဆက်အချစ်ဂမ္ဘီရ၀တ္ထုရှည်ကြီး အောင်ကောင်းမွန်(လားရှိုး)

                                                            အခန်း(၃)
                                             “မမေ့နိုင်သောဘ၀၏မှတ်စု”

လားရှိုးနန်းဟေ၀န်ပန်းခြံထဲက ဓါတ်ပုံဆရာချာတိတ်ဆိုလျှင် မသိသူမရှိအောင်ပင် လူငယ်တို့၏နှုတ်ဖျားတွင် ဖြစ်နေ လေတော့၏။ စီးကရက်သောက်ခြင်း၊ ညနေတွင် ဘီယာသောက်ခြင်းများ ပြုနေသော်လည်း အလုပ်ကိုတော့ အပျက်အစီး လုံးဝမခံပေ။ ဓါတ်ပုံရိုက်နှုန်းသည် တစ်ရက်ထက်တစ်ရက် အရေအတွက်ကျသည်ဟူ၍မရှိ . . . တိုး၍တိုး၍သာနေလေတော့ ၏။ ထို့ကြောင့်ပင် ကျွန်ုပ်၏ဆရာများဖြစ်ကြသူများလည်း ကျွန်ုပ်အပေါ်တွင် စိတ်ချမြဲချနေကြ၏။ နေ့စဉ် ကျွန်ုပ်သည် နံနက် (၅း၃၀)နာရီအချိန်တွင် ဆရာများအိမ်သို့အရောက်သွားပြီးလျှင် လုပ်စရာရှိသည်များလုပ်၍ လားရှိုးဈေးကြီး အတွင်းတွင်ရှိသော ဓါတ်ပုံဆိုင်အားဖွင့်ပေးရ၏။ ဆိုင်ဖွင့်ပြီးလျှင် ယခင်နေ့က ကျွန်ုပ်ရိုက်ခဲ့သောဓါတ်ပုံများကိုစီရ၏။ ဖလင်နှင့်ဓါတ်ပုံတွဲ၍ ပလပ် စတစ်အိတ်အတွင်းသို့ထည့်ရ၏။ ထိုအိတ်၏နောက်ကြောတွင် ဆော့ပင်နှင့် ဘောက်ချာ စာအုပ်တွင်းမှ ဓါတ်ပုံစာရင်းအတိုင်း စရံငွေ၊ ကျန်ငွေများရေးရ၏။


ဤသို့ နေ့စဉ်ပုံများစီပြီးချိန်သည် နံနက် (၇း၃၀)နာရီအချိန်ခန့်ပင်သာဖြစ်၏။ ထိုအချိန်တွင် ခေတ္တမျှနားပြီး ဆရာများထံခွင့်တောင်းကာ နံနက်စာကို ထွက်၍စားတတ် ၏။ ကျွန်ုပ် နံနက်စာစားပြီး ဆိုင်သို့ပြန်ရောက်ချိန်တွင်မှာတော့ ကျွန်ုပ်နှင့်အတူ ပန်းခြံတွင်းတွင် ဓါတ်ပုံရိုက်သူ ကင်မရာမင်း နှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြတတ်မြဲဖြစ်၏။ ၄င်းတို့နှစ်ဦးမှာ ကပျာကယျာနှင့်ပင် ဓါတ်ပုံစီကြ၏။ ဆရာကြီးဖြစ်သူမှာ ၄င်းတို့နှစ်ဦးအား မကြာမကြာပင်
“မင်းတို့နှစ်ယောက် . . . မနက်ခပ်စောစောလေးလည်း လာကြဦးလေ ကွာ . . . အခုဟာက မင်းတို့က . . . တစ်ရက်လည်းမဟုတ် . . . နှစ်ရက်လည်းမဟုတ် . . . နေ့တိုင်း ဒီလိုဘဲ . . . နောက်ကျလာပြီးရင် ပျာပျာ . . ပျာပျာနဲ့လုပ်ကြ . . . မင်းတို့အိမ်မှာ ဘာတွေများလုပ်စရာရှိလို့လဲကွာ . . . မင်းတို့တွေက … မင်းတို့ထက် အသက်အရွယ်အများကြီးငယ်တဲ့သူတွေအလုပ်လုပ်နေကြတာကိုကြည့်ပြီးအားနာကြပါဦး”ဟုပြောကာ ၄င်းတို့နှစ်ဦးအား ကျွန်ုပ်နှင့်ပင် အစဉ်ခိုင်းနှိုင်း၍ပြောလေ၏။


ထို့ကြောင့် ၄င်းတို့နှစ်ဦးမှာ ကျွန်ုပ်အား လွန်စာမှမုန်းကြ၏။ ကျွန်ုပ်မကောင်းကြောင်းများအား ဟုတ်သည်ဖြစ်စေ . . . မဟုတ်သည်ဖြစ်စေ အစဉ်ပိုပိုသာသာနှင့်ပင် ကျွန်ုပ်မရှိချိန်၌ ဆရာသမားများဖြစ်သူတို့ထံ တိုင်ကြားတတ်ကြလေ၏။ ဤသို့ တိုင်ကြားနေခြင်းကို ကျွန်ုပ်နှင့်ပညာသင်ဘက် စံမောင်ဆိုသူမှ ကျွန်ုပ်အား အစဉ်ပြန်၍ ပြောပြသောကြောင့် ကျွန်ုပ်မှာ ကောင်းစွာသိရလေ၏။ မည်သူက ကျွန်ုပ်၏အကြောင်း မည်သို့ပင်ပြောသည်ဖြစ်စေ ကျွန်ုပ်ဆရာသမားများ မျက်နှာရိပ် မျက်နှာကဲကို အစဉ် ကြည့်ရှု သတိပြုတတ်သူ ကျွန်ုပ်အတွက်တော့ လုပ်စရာရှိသည်များကို မှန်မှန်လုပ်မြဲအတိုင်းသာ လုပ်နေ လေတော့၏။
တစ်နေ့တွင် . . . ကျွန်ုပ်သည် ပန်းခြံသို့ ဓါတ်ပုံရိုက်ရန်သွား၏။ တခါတရံတွင် သုံးဦး အတူသွား၏။ ထိုနေ့သည် တစ်ဦးတည်း သွားသည့်နေ့ဖြစ်၏။ ပန်းခြံကြီးတစ်ခုလုံးသည် လုံခြုံရေးစစ်သားများနှင့် ကာရံထားသည်ကိုတွေ့ရ၏။ ရုတ်တရက်ဆိုသလို ကျွန်ုပ်သည် ဘာဖြစ်လို့ဖြစ်သည်မသိ အံ့အားသင့်၍သွားမိ၏။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်မှာ ကင်မရာ လည်းလွယ်ထားသလို ပန်းခြံအတွင်း တာဝန်ရှိသူဖြစ်၍ အ၀င်ဂိတ်တွင် အကျိုးအကြောင်းပြော၍၀င်မည်ဟုဆုံးဖြတ်ပြီး တစ်ဦးတည်း ဆက်လျှောက်လာခဲ့၏။ ဂိတ်ဝအရောက်တွင် စည်ပင်ဝန်ထမ်းတစ်ဦးနှင့်တွေ့၍ ၄င်းမှာ “ဟာ . . . ချာတိတ် … မင်းတစ်ယောက်တည်းလာတာလား . . . ဒီနေ့”ဟု ပြောဆိုကာ ကျွန်ုပ်အား ဂိတ်ဝမှ အတွင်းသို့ခေါ်ဆောင်သွား၏။


ပန်းခြံတွင်းသို့ရောက်လျှင် ၄င်းစည်ပင်ဝန်ထမ်းဖြစ်သူ ကိုရင်ထွန်းအား ကျွန်ုပ်မှ မည်သို့ဖြစ်တာလည်းဟု မျက်နှာရိပ် မျက်နှာကဲခတ်၍ မေးကြည့်လိုက်၏။ “ချာတိတ်ရာ . . . မင်းမသိဘူးလား . . . ဒီနေ့ ပန်းခြံအောက်က နန်းဟေ၀န် ရေကူးကန်ဖွင့်ပွဲလေကွာ . . . အဲ့ဒါ တိုင်းမှူးလာမယ်လေ . . . ဒီနေ့တော့ မင်းပန်းခြံထဲမှာ . . . တစ်ယောက်တည်း အေးအေးဆေးဆေး လမ်းသာလျှောက်နေတော့ . . . ဓါတ်ပုံလည်း ဘယ်သူမှရိုက်မှာမဟုတ်ဘူး . . . တိုင်းမှူး ရေကူးကန်မှာ ရှိနေသ၍ ဒီပန်းခြံထဲကိုလည်း ဘယ်သူမှလည်း လုံခြုံရေးအရ ၀င်ရမှာမဟုတ်ဘူး”ဟုပင် အားပေးစကားပြော၍ စည်ပင်ရုံး ဘက်သို့ ထွက်သွားလေ၏။ ကျွန်ုပ်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်၍ ကင်မရာလွယ်ရင်းနှင့်ပင် ပန်းခြံတွင်း တစ်ဦးတည်း ခြေဦးတည့်ရာလျှောက်သွားလေ၏။ ပြီးလျှင် ထိုနေ့ဖွင့်ပွဲပြုလုပ်မည့် ရေကူးကန်ရှိရာနှင့်အနီးတွင်ရှိလေသော ရေပန်းအလှကန်နံဘေးတွင် တစ်ဦးတည်းထိုင်ရင်းပင် ဟိုတွေးဒီတွေး တွေးနေမိတော့၏။


များမကြာမီမှာပင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီးသည် နန်းဟေ၀န်ဥယျာဉ် ရေကူးကန်ဖွင့်ပွဲအခမ်း အနားသို့ ရောက်ရှိလို့လာလေ၏။ ရောက်ရောက်ချင်းမှာပင် နန်းဟေ၀န်ဥယျာဉ် ရေကူးကန်အဖွင့်ဆိုင်းဘုတ်ရှေ့တွင် မိုးပျံ ဗူဖောင်းများဖြင့် ဖဲကြိုးကိုဖြတ်၍ ဖွင့်လှစ်ပေးပြီး ရေကူးကန်အတွင်း ဟိုဟိုဒီဒီလမ်းလျှောက်၍ကြည့်လေ၏။ ကျွန်ုပ်မှာလည်း ပန်းခြံတွင်းရှိ ရေပန်းတည်ရှိရာနှင့်ဆိုလျှင် ခြံစည်းရိုးသာခြားထားသည်ဖြစ်သောကြောင့် အခမ်းအနားဖွင့်လှစ်မှုများကို အသေးစိတ်တွေ့ရှိနေရ၏။ ၄င်းရေကူးကန်အား ကန်ထရိုက်ယူ၍ ဆောက်လုပ်သူလည်းဖြစ်၊ ထိုအချိန်ကာလတွင် ၄င်းရေကူး ကန်ကိုဘဲ တစ်နှစ်ကန်ထရိုက်ယူသူလည်းဖြစ်သူ လားရှိုးမြို့၏ မြို့မျက်နှာဖုံး ဦးဝင်းဟောင်ဆိုသူမှာ ၄င်းရေကူးကန် ခြံစည်းရိုးနားသို့လာ၍ ကျွန်ုပ်ဘက်သို့လှည့်ကာ လက်ယက်ခေါ်လေ၏။ ကျွန်ုပ်အနေနှင့်လည်း မည်သူ့ကိုခေါ်နေတာလည်း မည်သူမှမရှိသောကြောင့် ကျွန်ုပ်ကိုသာခေါ်နေကြောင်းကိုမူ သတိထားမိတော့၏။ ထို့ကြောင့် ကျွန်ုပ်မှ လက်ဟန်ခြေဟန်နှင့် ကျွန်ုပ်ကိုခေါ်တာလားဟုမေးရာတွင် ၄င်းကန်ထရိုက်ကြီးမှ ခေါင်းညိတ်ပြပြီး အမြန်လာဆိုသကဲ့သို့သော အမူအရာနှင့် ထပ်မှန်လက်ယက်ခေါ်နေပြန်၏။ ထို့ကြောင့် ကျွန်ုပ်လည်း ခပ်သွက်သွက်လျှောက်၍ ပန်းခြံမှထွက်ပြီး၊ တဖက် ရေကူးကန် ဖက်တံခါးမှဝင်မည်အပြုတွင် ၄င်းကန်ထရိုက်ကြီးမှာ စိတ်မရှည်သောအမူအရာဖြင့်ပင်အော်၍ပြောလေတော့၏။ “ဟာ . . . ကောင်လေး . . . ဒီခြံစည်းရိုးနှစ်ခုကြားက မင်းရအောင်ဝင်လာခဲ့ . . . အချိန်မရှိဘူး”ဟုဆို၏။ ထို့ကြောင့် ကျွန်ုပ်လည်း ခြံစည်းရိုးခွေးတိုးပေါက်မှပင် အပြေးဝင်သွားရတော့၏။


ကျွန်ုပ်အား ဓါတ်ပုံမှတ်တမ်းရိုက်ခိုင်းတော့မည်ဆိုသည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီဖြစ်၏။ သို့သော်လည်း တိုင်းမှူးအား ရိုက်ခိုင်းမည်ဟုတော့မထင်မိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏အသက်အရွယ်မှာ ထိုစဉ်က (၁၂)နှစ်ကျော်မျှသာရှိသာ ကလေးတစ်ယောက်ဖြစ်နေခြင်းကြောင့်ဖြစ်၏။ ကျွန်ုပ်က တိုင်းမှူးအား ဓါတ်ပုံရိုက်ပေးရဲလို့ ရိုက်ပေးသည်ဘဲထားဦး၊ တိုင်းမှူးကြီးနှင့်အတူပါဝင်နေသောလူကြီးများမှာ မည်သည့်နည်း နှင့်မျှလက်ခံမည်မဟုတ်ဟု ကျွန်ုပ်ထင်မှတ်ထား၏။ သို့သော်လည်း ကျွန်ုပ်အထင်မှာ ထိုစဉ်က အလွဲကြီးလွဲသွားတော့၏။ ကန်ထရိုက်ကြီး ဦးဝင်းဟောင်မှာ ကျွန်ုပ်အား “တိုင်းမှူးကို မင်းရိုက်ပေးရဲလား . . . ဓါတ်ပုံပြောတာ”ဟု ရှုတုတု နောက် တောက်တောက်မေး၏။ ကျွန်ုပ်မှ “ဦးလေးကလည်း . . . မနောက်ပါနဲ့ . . . တိုင်းမှူးကလက်ခံမယ်ဆို ကျွန်တော်ရိုက်မယ်” ဟုပင်ပြောလိုက်၏။ ထိုအခါ ကန်ထရိုက်ကြီးဦးဝင်းဟောင်မှာ မည်သည့်စကားမှမပြောတော့ဘဲ ကျွန်ုပ်လက်ကိုဆွဲသွားပြီး ရေကူးကန်နံဘေးရှိ တိုင်းမှူးကြီးနှင့် အထူးဧည့်သည်များရှိရာသို့ခေါ်သွားတော့၏။ ကျွန်ုပ်မှာ ဆရာသမားများ၏ ဆုံးမစကား ကို သတိထား၍ ဂရုပြုတော့၏။ နေပြောင်းပြန်မရိုက်ရ၊ ရိုက်ခါနီးတွင် အာပါချာနှင့် စပစ်(Speed)ကို စစ်ရမယ်။ တစ်ပုံရိုက်ပြီးလို့ မောင်းတင်တိုင်း ဖလင်တက်မတက်စစ်ရမယ်။ ဖိုးကတ်(Focus)ကို အေးဆေးစွာနှင့်ပြတ်သားအောင်ချိန်၊ ဟူသည့် အချက်အား ဆင်ခြင်၍ ရိုက်ရန်ပြင်တော့၏။


ထိုအချိန် Lighting နေ အခြေအနေကိုကြည့်ရ၏။ နေရာရွေးရပြန်၏။ ထိုအချိန်မှာဘဲ ဦးဝင်းဟောင်မှာ တိုင်းမှူးကြီးအား အမှတ်တရဓါတ်ပုံ ရိုက်ရန်သွား၍ခေါ်လေ၏။ တိုင်းမှူးမှာ ကျွန်ုပ်အား မြင်လျှင် “ဦးဝင်းဟောင် . . . ခင်ဗျားဓါတ်ပုံဆရာက ကြီးလှချေလား”ဟုပြော၏။ ထိုစကားကြားကြရသူအပေါင်းမှာ ၀ါးကနဲပင် ပြိုင်တူရယ်မောကြလေ၏။ ကျွန်ုပ်မှာတော့ အနည်းငယ် ရှက်သွားမိ၏။ ဦးဝင်းဟောင်မှာ ကျွန်ုပ်ဘက်မှ ရပ်တည်၍ ထောက်ခံ စကားပြောလေ၏။ “ဒီကောင်လေး ဓါတ်ပုံရိုက်တာ သိပ်တော်တယ် . . . ကျွန်တော့အိမ်မှာ ဘာလုပ်လုပ် သူ့ကိုဘဲရိုက်ခိုင်း တာ”ဟု ၀င်၍ပြောလေ၏။


ကျွန်ုပ်လည်း အနည်းငယ် နေသာထိုင်သာရှိ၍သွားတော့၏။ ထို့နောက် စုပေါင်းပုံ (Group Photo)ရိုက်ရန်နေရာစီ ပေး၏။ ပြီးလျှင် ချိန်ကြည့်ရာတွင် လူအုပ်စုများသောကြောင့် ကင်မရာဖြင့်မဆန့်ဖြစ်နေ၏။ အဲ့ဒီ နန်းဟေ၀န် ရေကူးကန်နံဘေးမှာဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီးနှင့် ကြွရောက်လာသော ဌာနဆိုင်ရာအကြီးအကဲ၊ မြို့မိမြို့ဖတို့ စုပေါင်းဓါတ်ပုံရိုက်ကူးပေးခဲ့ရပါတယ်။ ဓါတ်ပုံတိုင်းစေ့ကို ကျွန်တော် မရိုက်ခင်တစ်ခါ၊ ရိုက်ပြီးတစ်ခါ အသေအချာစစ်ဆေးပြီး သတိနဲ့ရိုက်ကူးခဲ့လို့ ပုံထွက်ကောင်းမယ်ဆိုတာ ယုံကြည်စိတ်ချခဲ့ပါတယ်။

ဒါပေမဲ့လို့ စုပေါင်းပုံထဲမှာ လူအများဆုံးဖြစ်တဲ့ ပုံတစ်ပုံကိုတော့ ကျွန်တော်စိတ်အနည်းငယ် ဇနိုးဇနောက်ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ထိုစဉ်အချိန်ကာလ ဓါတ်ပုံကင်မရာမှန်သမျှဟာ ဖလင်နဲ့ရိုက်ရတဲ့ ကင်မရာတွေကြီးဘဲဖြစ်ပါတယ်။ ယခုအချိန်ကာလကြီးလို Digital Camera မပေါ်သေးပါ။ ယခုအချိန် ကင်မရာတွေလို wide နဲ့ Zoom ကလည်း မပါသေးပါ။ ပုံတစ်ပုံ ရိုက်တော့မယ် ဆို ရိုက်တဲ့ကင်မရာမင်းကဖြစ်စေ၊ အရိုက်ခံတဲ့သူကဖြစ်စေ ရှေ့တိုးနောက်ငင်ပြုပြီး အကွာအဝေး အနေတော်ဖြစ်အောင် တိုင်းထွာရိုက်ကူးရတဲ့ခေတ်ကာလဖြစ်ပါတယ်။ အဲ့ဒီမှာ လူအုပ်စုသိပ်များတော့ ကင်မရာနဲ့မဆန့် ဖြစ်နေပါတယ်။ ကျွန်တော့အနေနဲ့လည်း နောက်ကိုထပ်ဆုတ်လို့မရတော့တဲ့အခြေအနေပါ။ နောက်မှာ အုတ်နံရံသာရှိပါတော့သည်ဖြစ်ပြီး စုပေါင်းပုံရိုက်ခံနေသော တိုင်းမှူးကြီးနှင့် လူကြီးများမှာလည်း ဘယ်လိုမှ နောက်ထပ်ဆုတ်လို့မရတော့ပါ။ နောက်တွင် ရေကူးကန်သာရှိပါတော့သည်။

ယခုခေတ်ကာလကြီးလို ပုံ(၂)ပုံပြန်ဆက်နိုင်သည့် (Digital Photoshop Software) များလည်း ထိုစဉ်တွင် ဘယ်နားရောက် နေမှန်းကိုမသိရသေးပါ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်မှာ အလွန်အခက်အခဲ ကြုံတွေ့ခဲ့ရပါသေးသည်။ သို့သော်လည်း ရိုက်နေဆဲ ကင်မရာမြင်ကွင်းနှင့် ပုံထွက်ဟာ အနည်းငယ်ကွာကြောင်းကို ကျွန်ုပ်စစ်ဆေး ထားသည်များရှိကြောင်း၊ ထိုစစ်ဆေးချက်များ၏ကွာဟချက်ကိုလည်း ကျွန်ုပ်အနည်းစပ်ဆုံး မှတ်ထားသော ကြောင့် ဒီပုံ ဆန့်ကိုဆန့်ရမည်ဟု အရဲစွန့်၍ ရိုက်ချလိုက်ပါတော့သည်။

ထိုစဉ်အချိန်တွင် ကျွန်ုပ်တို့ရိုက်ကူးပြီးဖလင်များကို ဆရာ ဖြစ်သူထံတွင် ညနေ(၄း၀၀)နာရီအရောက်သွား၍ ပို့ပေးရပါသည်။ သို့မှသာ ထိုပုံများ နောက်တစ်နေ့နံနက်အချိန်တွင် ပုံထွက် မည်ဖြစ်သောကြောင့်ဖြစ်၏။ ညနေ(၄း၃၀)နာရီတိတိတွင် ကျွန်ုပ်၏ဆရာသမားဖြစ်သူမှာ ဖလင်ဆေးသည့်အလုပ်ကိုပြုလုပ်ပါ တယ်။ ထိုဖလင်များဆေးပြီး အခြောက်ခံ၍ ည(၇း၀၀)နာရီမှစ၍ ကူးခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ အကွက်စားရိုက်နေကြသော ကင်မရာမင်းအားလုံးဟာ နောက်တနေ့ လာယူမည့်ပုံများရှိသည့် ဖလင်လိတ်မှန်သမျှကို ထိုနေ့ ညနေ(၄း၃၀)နာရီအရောက် ဆရာများထံသို့ ပို့ပေးရပါသည်။

ထိုနေ့တွင် ကျွန်ုပ်သည် တိုင်းမှူးကြီး အခမ်းအနားဖွင့်လှစ်မှုစုပေါင်းပုံပါ ဖလင်လိတ်ကို ပုံထွက်သည်အထိမစောင့်၊ ဖလင်ဆေးပြီး ဖလင်ပေါ်တွင် ရိုက်ကူးပုံဖော်မှု အခြေအနေကိုသိရှိနိုင်အောင်ကိုပင် ဖလင်ဆေးပြီးချိန်အထိ အမှောင်ခန်း အပြင်တွင်စောင့်နေမည်ဟုဆုံးဖြတ်၍ တစ်ဦးတည်း အိမ်ရှေ့ လိမ္မော်ပင်အောက်ရှိ ဒါန်းကုလားထိုင်တွင်ထိုင်၍စောင့်နေတော့ ၏။ တခဏမျှစောင့်နေပြီးလျှင် ကျွန်ုပ်ဆရာသမားတစ်ဦးသည် ထွက်၍လာ၏။ ကျွန်ုပ်စောင့်နေသည်ကို မြင်လျှင် “ဝေလင်း… မင်းပန်းခြံပြန်မသွားဘဲ . . . ဒီမှာဘာလုပ်နေလည်း”ဟုမေးလေ၏။ ကျွန်ုပ်လည်းဘာပြန်ပြောရမှန်းမသိ၍ အဆင်ပြေသလို ပြောမယ်ဟုဆုံးဖြတ်ပြီး “ကျွန်တော်အခုဆေးတဲ့ပုံတွေထဲမှာ ထပ်ကူးပုံပါလို့ . . . အဲ့ဒီထပ်ကူးပုံတွေလည်း မနက်ဖြန်ယူဖို့ ချိန်းထားပြီးဖြစ်လို့ ဖလင်မှတ်ဖို့စောင့်နေတာပါခင်ဗျား”ဟုပင် လိမ်လိုက်မိ၏။ သို့သော်လည်း ဆရာဖြစ်သူက ပြုံး၍ “မင်း . . . လာလိမ်မနေနဲ့ . . . တိုင်းမှူးကိုရိုက်ထားတဲ့ပုံတွေကောင်းမကောင်း မင်းသိချင်လို့ စောင့်နေတာမလား”ဟုပြောလေ၏။ ထို့ ကြောင့် ကျွန်ုပ်လည်း ဘာမျှပြန်မပြောနိုင်တော့၍ ဘာမှမပြောတော့ဘဲ ခေါင်းသာညိမ့်ပြလိုက်တော့၏။ ဆရာဖြစ်သူမှ “သွား မင်း . . . ပန်းခြံပြန်တော့ . . . ငါဖလင်ဆေးပြီးရင် မင်းကိုလာပြောမယ်”ဟု ကျွန်ုပ်အား ပန်းခြံသို့အတင်းပြန်လွှတ်တော့၏။

ကျွန်ုပ်ပန်းခြံရောက်ပြီး ညသာမှောင်သွား၏။ ကျွန်ုပ်ဆရာဖြစ်သူရော မည်သူမျှပါ ဆရာထံမှ သတင်းစကားလာပြော သည်ဟူ၍ မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်လည်း လွန်စွာပင်စိတ်ပူသွားတော့၏။ ည(၇း၃၀)နာရီအချိန်တွင် ကျွန်ုပ်ပန်းခြံမှ ဆရာ များအိမ်သို့သွား၍ ကင်မရာအပ်၏။ ပြီးလျှင် ကျွန်ုပ်ဆရာများအမှောင်ခန်းမှ ကျွန်ုပ်ရောက်နေကြောင်းကြားနိုင်ရန်အသံပေး၏။ ခေါ်ဝံခြင်းမပြုရဲသောကြောင့်သာ ဤသို့အသံပေးခြင်းဖြစ်ပါသည်။ တခဏတွင် ကျွန်ုပ်ဆရာ ကိုကျော်သက်ဆိုသူသည် ထွက်၍လာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် မျက်နှာပျက်သွား၏။ ကျွန်ုပ်သည် အလွန်အမင်းစိတ်ပူ၍သွား၏။ ဒူးများပင်တုန်လာ တော့၏။ အသံပင်မထွက်နိုင်အောင် စိတ်လှုပ်ရှားမှုလွန်ကဲရတော့၏။ ကျွန်ုပ်သည် ကြိုးစား၍ ဆရာသမားကို မေးမည်အပြု တွင် “ဝေလင်း . . . မင်းဓါတ်ပုံရိုက်တာလည်း တစ်နှစ်ပြည့်တော့မယ် . . . အခုထိ ပုံတွေက ရိုက်တာ အထူအပါးမညီဘူး”ဟု ဆို၏။ ကျွန်ုပ်သည် တိုင်းမှူးပုံတွေ ကူးလို့ရလားဟုမေးမည်အပြုတွင် ဆရာဖြစ်သူမှ “တိုင်းမှူးပုံတွေဆို လုံးဝကူးလို့မရဘူး”ဟု ပြောလေတော့၏။

ထိုစကားကြားရလျှင် ကျွန်ုပ်လည်း စိတ်ဓါတ်အကြီးအကျယ် ကျသွားတော့၏။ “ဟား . . . ဒါဆို ဘယ်လိုလုပ်မ လည်း . . . ဘယ်လိုပြောရမလည်း . . . ထိန်းပြီးကူးလို့မရဘူးလား . . . ဆရာ”ဟု ပြန်၍မေးမိ၏။ “မရဘူးကွာ . . . ဘယ်လို မှ မရဘူး”ဟု ဆိုလေ၏။ ဆရာဖြစ်သူသည် ကျွန်ုပ်အားသေချာကြည့်၍ “ဝေလင်း . . . မင်းကြောက်နေတာလား . . . ဒူးတွေ တုန်နေတယ် ဟုတ်လား”ဟုဆို၍ ကျွန်ုပ်ဒူးများအား ကိုင်ကြည့်၏။ အမှန်ပင် ကျွန်ုပ်၏ဒူးများတုန်နေလေ၏။ ကျွန်ုပ်၏ဆရာမှ “မင်းမကြောက်ပါနဲ့ . . .တာဝန်ရှိသူကို ငါတို့ဖုန်းဆက်ပြောထားပြီးပြီ . . . သူတို့ မင်းကို အပြစ်တင်မှာမဟုတ်ပါဘူး . . . မင်းက ကလေးဘဲ . . . ဓါတ်ပုံရိုက်လို့ ဓါတ်ပုံပျက်တယ်ဆိုတာက . . . လူကြီးတွေတောင်မှဖြစ်တတ်တာဘဲဥစ္စာ . . . မင်း စိတ်မပူပါနဲ့ကွာ . . . ကဲ . . . ပြန်တော့ … ပြန်တော့”ဟုဆို၍ ကျွန်ုပ်အား အိမ်သို့ချော့မော့ကာ ပြန်လွှတ်လိုက်လေတော့၏။

ထိုနေ့ညသည် တစ်ညလုံး ဘယ်လိုမှအိပ်၍မရတော့ပါ . . .။ မိုးလင်း၍သွားတော့၏။ ကျွန်ုပ်ဆုံးဖြတ်ချက်တစ်ခုအား လည်း အပြီးချလိုက်မိတော့၏။ ငါဓါတ်ပုံမရိုက်တော့ဘူး . . . ငါ့အပေါ်မှာ စေတနာမေတ္တာအပြည့်ထားပြီး ပညာသင်ပေးခဲ့တဲ့ ငါ့ဆရာသမားတွေကို သွားကန်တော့မယ်။ ပြီးရင် ငါအလုပ်ထွက်တော့မည်ဟု ဆုံးဖြတ်ချက်ချမိလိုက်တော့၏။
ထို့အတွက်ကြောင့် ကျွန်ုပ်သည် ခါတိုင်းနံနက်ခင်းများလို ၀ိရိယလည်း မရှိသကဲ့သို့ စိတ်နှလုံးသည်လည်း ညှိုးနွမ်း၍ ပင်နေလေပြီဖြစ်၏။ အလွန်ကိုပင် တက်ကြွလန်းဆန်းပြီး အောင်မြင်မှုများ လွှမ်းခြုံထားသည့် ကျွန်ုပ်နှလုံးသားသည် ညှိုးနွမ်း ရှုံ့တွနေသော ပန်းပွင့်ခြောက်ပမာပင် ဖြစ်နေဟန်တူတော့၏။ ဖြည်းညင်းစွာပင်လမ်းလျှောက်ရင်း ဓါတ်ပုံဆိုင်သို့လာခဲ့ တော့၏။



ဆက်လက်ဖော်ပြပါဦးမည် . . . ။


မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်