ရှောက်ရွက်ဟင်းချိုနဲ့ ငါးနုသန်းဆီပြန်ဟင်း မင်းသိင်္ခ

တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့်ရင်းနှီးသော ကိုပီတာဆိုသည့် လူကြီးတစ်ဦးနှင့် အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသော ပေတလူဆိုသည့် သူငယ်လေးတစ်ဦးတို့သည် အလည်အပတ် ရောက်ရှိ လာကြလေ၏။ ကျွန်ုပ်သည် ၎င်းတို့နှစ်ဦးအား နံက်စာ ကျွေးမွေးရန်အတွက် ဈေးဝယ်သော အောင်ညွန့် ဆိုသည့် တပည့်လေးအား ဟင်းချက်စရာများ
မှာရလေတော့၏။ အောင်ညွန့်ပြန်လာလျှင် ဟင်းချက်စရာများကို ယူ၍ စတင်၍ ချက်ပြုတ်ရလေတော့၏။

ချက်ပြုတ်သောအခါ၌ မီးဖိုကို ကိုပီတာကြီးနှင့် စကားပြောရင်း ဟင်းချက်ရန်အတွက် ၎င်းတို့အနီး၌ပင် မီးဖိုကိုရွေ့၍ ချက်ပြုတ်ရလေ၏။ ရှေးဦးစွာ ကျွန်ုပ်သည် ငါးခူတစ်ဆယ်သားကို မီးကင်၍ အရိုးများကို ထွင်ပြီးလျှင် ရေနွေးအိုးပွက်ပွက်ဆူတွင် ခတ်လိုက်လေ၏။ ထို့နောက် ငံပြာရည်အကောင်းစားကို ခတ်ရ၏။ ဆားအနည်းငယ် လိုသောကြောင့် ဆားအနည်းငယ်ပါ ခတ်ရ၏။ ထို့နောက် ရှောက်ရွက်မနုမရင့် လက်တစ်ဆုပ်စာခန့်ကို ပါးပါးလှီး၍ ထိုအိုးတွင် ခတ်လိုက်လေ၏။ ထို့ကြောင့် ရှောက်ရွက်ဟင်းချို မွှေးမွှေးလေးတစ်ခွက် ရလေတော့၏။

ပြီးလျှင် ငါးသန်းနု အကောင်ထွားထွားများကို ဆီပြန်ချက်ရလေ၏။ ပြီးလျှင် ဒန့်ကျွဲရွက်အချို့ကို ပုဇွန်ခြောက်မှုန့် ၊ မြေပဲမှုန့် ၊ ပဲမှုန့် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ဖြင့် အကျအန သုပ်ရလေတော့၏။ ထို့နောက် ၎င်းတို့နှစ်ဦးအား နံနက်စာကို တည်ခင်းကျွေးမွေးရလေ၏။ ၎င်းတို့နှစ်ဦးလည်း မြိန်ယှက်စွာ
စားသောက်ကြလေ၏။ ထိုသို့ စားသောက်ရင်း ပေတလူက “ အဘ အခုတလော ဘာတွေ လုပ်နေလဲ၊ စာတွေရေးဖြစ်သလား....” ဟု မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က “ စာမရေး ဖြစ်ပါဘူးကွာ။ ကမ္မဋ္ဌာန်းထိုင်မယ်လို့ စိတ်ကူးတာပဲ။ ငါပြောတာ မင်းအနေနဲ့ ရှင်းတယ်နော်....။ တရားထိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်တည်ငြိမ်မှု့ ၊ ငြိမ်းချမ်းမှု့ရအောင် ထိုင်မှာ...” ဟု ပြောလိုက်လေ၏။

ထိုအခါ ပေတလူက “ ဒီလို အဘရဲ့.....။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အမင်္ဂလာအင်အားစုတွေ ရှိတယ်။ အဲဒါတွေက ဘာလဲဆိုလို့ရှိရင် မနာလိုဝန်တိုမှု့တွေ ၊ ထိတ်လန့်မှု့တွေ ၊ သံသယဖြစ်မှု့တွေ သောကတွေ စိတ်ပူပန်မှု့တွေ ၊ မျှော်လင့်ချက်ကုန်ဆုံးမှု့တွေ.... အဲဒီအရာတွေဟာ တောမျောက်တွေလိုပါပဲ။ တရစပ် မနားတမ်း ကျွန်တော်တို့ကို ကုက်ခြစ်ကိုက်ဖဲ့နေတာပါပဲ။ သူတို့ မောလာတဲ့အခါတော့ ကျွန်တော်တို့ဟာ ခနလေး အနားရတယ်။ အဲဒါကိုပဲ စိတ်ရဲ့ ငြိမ်းချမ်းမှု့ကို ခံစားရတယ်လို့ ကျွန်တော်တို့ ပြောနေကြတာပါ....။ အစစ်အမှန် ငြိမ်းချမ်းမှု့တော့ မဟုတ်ဘူးနော်။

တအောင့်လောက်ကြာတော့ အဲဒီတောမျောက်တွေဟာ ပြန်ပြီး ကိုက်ဖဲ့ ကုတ်ခြစ်ကြတော့တာပါပဲ။ တကယ်ပြောရရင် တစ်နေ့မှာ (၁၀)နာရီလောက် တောမျောက်တွေ ကိုက်တာ၊ ကုတ်တာကို ခံပြီးမှ (၅) မိနစ်လောက် စိတ်ရဲ့ ငြိမ်းချမ်းမှု့ကို ရတာနိုင်တာပါ.....။ အဲဒီစိတ်ရဲ့ ငြိမ်းချမ်းမှု့ ရှည်ကြာဖို့ ပကတိ အေးချမ်းဖို့ကတော့ ကမ္မဋ္ဌာန်းထိုင်တဲ့ နည်းပဲရှိတယ် အဘရေ....။

မနက်စောစော စိတ်ငြိမ်းချမ်းအောင် ကမ္မဋ္ဌာန်းထိုင်လို့ တစ်မိနစ်ကလေး ငြိမ်းချမ်းခဲ့ရင် အဲဒီတစ်မိနစ် စာလေးဟာ တစ်နေ့တာ ဗလောင်ဆူမှု့ တွေထဲကို စိမ့်ဝင်သွားနိုင်ပါတယ်...။ ဘာကြောင့် ထိုင်ဖို့ လိုအပ်သလဲဆိုတော့ အဲဒီလို ထိုင်မှလည်း စိတ်ရဲ့ ငြိမ်းချမ်းမှု့ ရမယ်။ အဖိုးမဖြတ်နိုင်တဲ့ အလင်းဓာတ်တစ်ခု တွေ့မယ်။ ပြီးတော့ ပီတိဖြစ်မှု့တွေ တွေ့မယ်။ အဲဒီ ငြိမ်းချမ်းမှု့တို့ အလင်းဓာတ်တို့ ဆိုတာက အဘတို့ ကျွန်တော်တို့ ရေငတ်သလို တောင်းဆိုနေတဲ့ အရာတွေပါပဲ။ အဲဒါတွေရဖို့ နည်းစနစ် ကောင်းကောင်းနဲ့ ဒါမှမဟုတ် ဆရာကောင်းထံမှာ ဆည်းပူးပြီး ထိုင်ကို ထိုင်ရမယ်။ အဘရေ...”ဟု ရှည်လျားစွာ ပြောလိုက်လျှင် ကိုပီတာကြီးက ...

သာဓုကွာ ..... သာဓု .....။ ဒီတစ်ခါ မင်းပြောတဲ့ စကားတွေဟာ အရင်လို ကတ်ဖိုးကတ်ဖဲ့တွေ မဟုတ်တော့ဘူးကွ။ အတော့်ကို ကျက်သရေရှိတဲ့ စကားတွေပါပဲကွာ....” ဟု ပြောလိုက်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း “ ဟုတ်ပါ့ဗျာ....” ဟု ထောက်ခံခဲ့ရလေတော့၏။ ထိုအခါ ပေတလူက-

“ ဒီလိုရှိပါတယ် အဘ....၊ ကျွန်တော်တို့မှာ ၇ှိနေတာနဲ့ ရောင့်ရဲမယ်၊ ကျွန်တော်တို့ ဖြစ်တည်နေတဲ့ ဘ၀မှာ တင်းတိမ်မယ် ဆိုရင် စိတ်ဟာ ငြိမ်းချမ်းပြီးသားပါပဲ၊ စိတ်ငြိမ်းချမ်းအောင်ဆိုပြီး သက်သက်လုပ်ဖို့ မလိုတော့ပါဘူး.....။ တစ်ခုရှိတာက ကျွန်တော်တို့ရဲ့ အဇ္ဈတ္တ အတွင်းမှာ မွတ်သိပ်မှု့တွေ ရှိနေတယ်....၊ ပြီးတော့ ကျွန်တော်တို့ နားလည်ထားတယ်၊ ကျွန်တော်တို့ ခန္ဓာအတွင်းမှာ တစ်စုံတစ်ခုသော အလင်းဓာတ်ရှိတယ်။ တစ်စုံတစ်ခုသော မြင့်မြတ်တဲ့အရာ ရှိတယ်၊ အဲဒါကို ချက်ချင်းလိုချင်နေတယ်....။ ဒါပေမယ့် အဲဒါကို ရဖို့ နည်းလမ်းနဲ့ ဘာကိုမှ လုပ်မကြည့်သေးဘူး...၊

အဇ္ဈတ္တ မွတ်သိပ်မှု့ဆိုတာက မနောဝိညာဏ်က လာတာလေ အဘရဲ့၊ ပြီးတော့ အဘ သိထားဖို့က လူ့ဘ၀မှာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေအတွက် ထွက်ပြေးလွတ်မြောက်ဖို့ ထိုင်တဲ့နည်းနဲ့ ကြိုးစားတာဟာ မမှန်နိုင်ဘူး အဘ.....၊ ပြင်ပ အနှောက်အယှက်တွေကြောင့် အဘအနေနဲ့ ထိုင်တဲ့နည်းကို သုံးမယ်ဆိုရင်လည်း ကြာရှည် မဖြစ်နိုင်ပါဘူး....၊ အဲဒါကိုတော့ အဘအနေနဲ့ စွဲစွဲမြဲမြဲ ယုံကြည်ပါ အဘ...” ဟု ပြောလေ၏။

အမှန်ပဲ ပေတလူ....၊ ငါက ပြင်ပက ရိုက်ခတ်လာတဲ့ ဒုက္ခသုက္ခတွေကြောင့် စိတ်ငြိမ်းချမ်းအောင် ထိုင်မလို့ကွ...၊ မင်း အခုပြောတာနဲ့ဆိုရင် ဆန့်ကျင်ဘက်ဖြစ်နေတယ်...” ကျွန်ုပ်က ပြောလိုက်ရာ ပေတလူက “ ဒီလို လုပ်စမ်းပါ အဘရယ်...၊ အဘကို ရိုက်ခတ်နေတဲ့ ပြင်ပက ဒုက္ခတွေကို ဖြေရှင်းဖို့ဆိုပြီး မထိုင်ပါနဲ့ အဘ...၊ စိတ်ငြိမ်းချမ်းမှု့ မရနိုင်ပါဘူး၊ ထိုင်ချင်လို့ ထိုင်တယ်ဆိုရင်တော့ ဘာမှ ရရ မရရ ထိုင်ဖြစ်တာကိုက အမြတ်ထွက်နေပြီလေ....၊ စိတ်ရဲ့ ပကတိအေးချမ်းမှု့ကို ဒုက္ခတွေကြောင့် ထိုင်လို့တော့ မရဘူး အဘရေ.....၊ အဘဟာ အဘ ထိုင်ပါ...၊ အေးချမ်းမှု့တွေက သူ့အလိုလို ရောက်လာမှာပါ....၊ ဒါပေမယ့် အဘဟာအဘ တရားမထိုင်ဘူးပဲ ပြောပြော....၊ စိတ်ငြိမ်အောင် ထိုင်တယ်ပဲ ပြောပြော ....၊ မြတ်စွာဘုရားကိုတော့ ဦးထိပ်ရွက်ပန်ပြီး အလုပ်လုပ်ရမယ်နော်၊ အဲဒါကိုတော့ အဘ မမေ့ပါနဲ့.....” ဟု ပြောလိုက်ပြန်ရာ ကိုပီတာကြီးက ပြုံး၍ သာဓု သုံးကြိမ်းခေါ်လေ၏။

” ပေတလူရယ် ...၊ မင်းဟာ တကယ်ဟုတ်တဲ့ ကောင်ပဲကွ....၊ ပေါင်းလာတာလည်း ကြာပါပြီကွာ....၊ အခုမှပဲ ဒီလိုစကားမျိုးတွေ ကြား၇တော့တယ်.....၊ ဟု ကိုပီတာကြီးက ပြောလိုက်လျှင် ပေတလူက -

”ကျွန်တော့်အရွယ်နဲ့ ဒါမျိုးတွေပြောတော့ ကြားရတဲ့သူအဖို့ နားကလေမှာ စိုးလို့ပါ ဦးပီတာကြီးရယ်...” ဟု ပြန်၍ ပြောလေ၏။

“ မကလောပါဘူး ငါ့လူရာ...၊ ပြောစမ်းပါကွာ...၊ အဆိပ်ဟာ လူကြီးဆီက ရတဲ့အဆိပ်၊ ကလေးဆီက ရတဲ့ အဆိပ်ရယ်လို့ ခြားနားမှု့ မရှိပါဘူးကွာ...၊ ဘယ်ဟာကိုပဲ သောက်မိသောက်မိ သေနိုင်တာပါပဲ...၊ ကလေးဆိုပြီး အထင်သေးလို့ ဘယ်ဖြစ်မလဲ၊ မသေးပါဘူး ငါ့လူရယ်...”ဟု ကိုပီတာကြီးက ပြောလေတော့၏။

“ အဘကို တစ်ခုထပ်ပြီး မှာရမှာကတော့ စိတ်အေးချမ်းမှု့အတွက်ပဲ ထိုင်ထိုင် အင်နားလိုက် လို့ခေါ်တဲ့ အလင်းဓာတ်ပေါ်ထွက်ဖို့ပဲ ထိုင်ထိုင် စိတ်ရှည်ဖို့ လိုပါတယ် အဘ...၊ ငါထိုင်နေတာပဲ ၊ မရသေးဘူးလားလို့ မကျေမနပ် မဖြစ်ပါနဲပ၊ အကြောင်းအကျိုး ဆုံစည်းညီညွတ်တဲ့အခါမှာ အဘလိုချင်တဲ့ အရာဟာ ဘွားခနဲ့ ရလာမှာပါ...၊ ဒါပေမယ့် လုပ်နေတာတွေဟာ အချဉ်းနှီး မဟုတ်ဘူးနော်...၊ အကျိုးပြုနေတယ်...၊ အချက်တစ်သောင်း ထုမှ “ဂွမ်း” ခနဲ့ ကွဲကျသွားမယ့် ကျောက်တုံးကြီးဟာ အချက်တစ်သောင်း ပြည့်မှကို ကွဲတာ အဘရေ...၊ အဲဒီအရင်က ထုနေတဲ့ အချက်တွေဟာလည်း တစ်သောင်းပြည့်ဖို့ အရေအတွက်အနေနဲ့ အကျိုးပြုတာပဲ အဘရေ....၊ အဲဒီအတိုင်းပဲ မှတ်ယူလိုက်ပါ....ဟု ပြောလိုက်လျှင် ကိုပီတာကြီးက

“ အမယ်လေး ပေတလူရယ်...၊ သဘောပေါက်ပါပြီကွာ...၊ သာဓုလည်း ခေါ်ပါတယ်ကွာ....ဟု ကျေကျေနပ်နပ်ကြီး ပြောလိုက်လေ၏။

ကျွန်ုပ်လည်း ပေတလူ၏ ကောင်းမြတ်သော စကားများကို ပူဇော်သော အားဖြင့် ဦးဂျမ်းပုဆိုး အသစ်တစ်ထည်ကို လက်ဆောင် ပေးလိုက်လေတော့၏။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အေးချမ်းသော ၊ လွတ်လတ်သော ၊ အကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ခြံအတွင်းမှ ထွက်သွားကြ လေတော့သတည်း.......။ ။


သဗ္ဗေသတ္တာကမ္မဿကာ
မင်းသိင်္ခ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်