“၂၀၁၂ဟူသောအချိန်ကာလသည်”အောင်ကောင်းမွန်(လားရှိုး)

နှင်းမှုံတဖွေးဖွေး မြောက်လေသွေးလှ ဟေမာန်ဆောင်း သဘာဝတို့၏ လွှမ်းမိုးလျှက်ရှိသော ဒီဇင်ဘာလသည် ရောက်လို့ပင်လာခဲ့ပြန်ပြီဖြစ်၏။ အမှန်ကိုပင် ကျွန်ုပ်ဆိုချင်ပါသည်။ “၂၀၁၁ဟူသော အချိန်ကာလသည်” ဟူသော ဆောင်းပါး အား ကျွန်ုပ်ရေးခဲ့ဘူးပါသည်။ ထိုဆောင်းပါးရေးသည့်အချိန်သည် မနေ့တနေ့ကလိုပင် ကျွန်ုပ်ရင်ထဲတွင် ထင်ရောင်နေမိပါ သည်။ သို့သော်လည်း ယခုလက်ရှိ အချိန်ကာလမှာတော့ ၂၀၁၃ Happy New Year ဆောင်းပါးရေးရမည့်အချိန်မှာ နီးကပ်လို့ လာနေပြီဖြစ်ပါတော့၏။ ထို့ကြောင့်ပင် အချိန်ဆိုသောအရာကြီးတစ်ခု၏ တန်ဖိုးကြီးမားပုံမှာ ထိုအချိန်ဆိုသောအရာကို တန်ဖိုးထားတတ်သောသူတိုင်း သိမှတ်သဘောပေါက်နေကြမည်ဟု ဤနေရာ၌ ကျွန်ုပ်မှတ်ထင်လိုက်ပါတော့သည်။
ကျွန်ုပ်တို့ပိုင်ဆိုင်ခဲ့သော ၂၀၁၂ဟူသော အချိန်ကြီးသည် မကြာတော့သည့်ရက်များမှာပင် ကျွန်ုပ်တို့သည် ထားခဲ့ချင် သည်ဖြစ်စေ၊ မထားခဲ့ချင်သည်ဖြစ်စေ၊ အပြီးထားခဲ့ရတော့မည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။ ထို ၂၀၁၂ ကာလကြီး သည် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်ကြည်နူးဝမ်းမြောက်မှုများကို ပေးခဲ့သည်ဖြစ်စေ၊ ကြေကွဲဝမ်းနည်းဆို့နစ်မှုများကို ပေးခဲ့ သည်ဖြစ်စေ၊ မဟာအောင်မြင်မှုများကိုပေးခဲ့သည်ဖြစ်စေ၊ အစားထိုးမရလောက်အောင် ရှုံးနိမ့်မှုများရရှိခံစားရသည်ဖြစ်စေ၊ အေးငြိမ်းချမ်းသာမှုတို့အား ရရှိခံစားစေခဲ့သည်ဖြစ်စေ၊ အားပါးတရပေးစပ်ခဲ့ရသည်ဖြစ်စေ၊ ရင်ကော့ခေါင်းမော့၍ အလိုရှိသည်
တို့အား ရယူပိုင်ဆိုင်ခဲ့ရသည်ဖြစ်စေ၊ အလုံးစုံတို့သောဖြစ်စဉ်များဖြစ်ပွားခဲ့ရသော ၂၀၁၂ဟူသော အချိန်ကာလသည် ကျွန်ုပ် တို့၏ ရှင်သန်နေရသော အသိအာရုံတွင်းမှ အပြီးကျန်ရစ်ခဲ့တော့မည်ဖြစ်တော့၏။ ထိုနည်းတူစွာပင် ယင်း ၂၀၁၂ဟူသည့် အချိန်ကာလကြီးထဲတွင် ဖြစ်လေခဲ့သမျှသော ဖြစ်စဉ်မှန်သမျှတို့သည်လည်း ၂၀၁၂ဟူသောအချိန်နှင့်အတူပင် ကျန်ရစ်ခဲ့တော့မည်ဖြစ်၏။
ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် အမှန်ပိုင်ဆိုင်ထားသော ပစ္စုပ္ပန်ဟူသောအချိန်အား တန်ဖိုးတရားအလွန်ပင်ထားသင့် ပါသည်။ လူတစ်ဦးသည် တစ်နေ့တာကုန်လွန်မည့်အချိန်အား မည်သည့်အလုပ်ကိုမှမလုပ်ရ။ မည်သည့်စကားမှမပြောရ၊ မည်သည့်အကြောင်းအရာကိုမျှမစဉ်းစားရဟု တစုံတဦးမှ အမိန့်ပေး၍ တစ်နေ့တာ(၂၄)နာရီအား ကုန်လွန်ခိုင်းလျှင်မူ နေ့တ နေ့၏(၂၄)နာရီသည် အလွန်ပင်ကြာညောင်းလှသည်ဟုထင်မှတ်နေမည်ဖြစ်နေသော်လည်း ယခုလိုနှစ်ဟောင်းတွေကုန်တိုင်း နှစ်သစ်တွေကူးလေတိုင်း သတိထားမိတတ်သူများ၊ မွေးနေ့ပွဲတွေ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြသူများအတွက်တော့ (၁၂)လ၊ တစ်နှစ်(၃၆၅)ရက်မှာ တခဏမှာ သက်ပြင်းရှည်ချလိုက်သလားလို့ပင် ထင်ရောင်ထင်မှားဖြစ်ရမလိုပင်ဖြစ်နေတတ်ကြသည် မှာလည်း သဘာဝလိုပင်ဖြစ်နေလေတော့၏။ အသက်(၆၀)ရှိသောသူတစ်ဦးသည် သူ၏ရှင်သန်ခြင်းဘ၀တွင် အိမ်ယာထဲတွင် ( ၇၃၀၀ )ရက်၊ နှစ် (၂၀)အား ဖြတ်သန်းခဲ့သည်ဟု ဖတ်မှတ်ခဲ့ရဖူးသလို အစာစားချိန်၊ရေချိုးချိန်၊ အိမ်သာ တက်ချိန်နှင့်ဘာမှမလုပ်ဘဲကုန်လွန်ချိန်( ၈ )နှစ် (၂၉၂၀)ရက် ကုန်ဆုံးသွားတော့သည်ဟု သိမှတ်ထားရပါသည်။ ထို့ကြောင့်ပင် အသက်(၆၀)နေထိုင်ရသူ အတွက် အမှန်အလုပ်လုပ်နိုင်သောအချိန်သည်ကား ( ၆၃၈၇ )ရက်၊ (၁၇)နှစ်နှင့်(၆)လမျှသာရှိပါသည်။စားသောက်ပွဲတွင်ထိုင်စောင့်ချိန်၊လမ်းလျှောက်ချိန်၊လေ့ကျင့်ခန်းလုပ်ချိန် ၊ပျှော်ရွှင်မှုအတွက်ကုန်လွန်ချိန်များမှာ(၁၄)နှစ်နှင့်(၆)လပင်ဖြစ်ကြောင်းသိရှိမှတ်သားခဲ့ရပါသည်။
ထို့ကြောင့် အချိန်သည် အလွန်ကိုပင်တန်ဖိုးရှိလှသောအရာဖြစ်သောကြောင့် အသက်ရှိနေကြသူတိုင်း အသက်ရှင် စဉ်အချိန်များအား မိမိကိုယ် မိမိအား၎င်း၊ မိမိ၏ မိသားစုများအား၎င်း၊ မိမိဘာသာမိမိ လူမျိုးများအပါအ၀င်ပင် လူသားတရပ် လုံးနှင့် အသက်ရှင်ခွင့်ပေးခဲ့သော ဤသဘာဝလောကကြီးအား တန်ဖိုးရှိစွာပေးဆပ်ကုန်လွန်စေရန် ကျွန်ုပ်အနေနှင့် အကြံပြု လိုပါသည်။
ကျွန်ုပ်ဘ၀တွင် အချိန်ကို အထူးတန်ဖိုးထားပြီး တန်ဖိုးမဖြတ်နိုင်သော အလုပ်ပေါင်းများစွာအားပြုလုပ်ခဲ့သူတစ်ဦးနှင့် ကြုံတွေ့ခဲ့ရဖူးပါသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ နိုင်ငံကျော်စာရေးဆရာကြီး ဗေဒင်လက္ခဏာ ဆရာကြီး
အဘဒေါက်တာမင်းသိင်္ခသာဖြစ်ပါသည်။ တပည့်ရင်းဖြစ်ခံယူကာ ပညာသင်ကြားခွင့်ရခဲ့သော ကျွန်ုပ်အား အဘမင်းသိင်္ခ သည် အချိန်နှင့်ပတ်သက်သော အချိန်သည်တန်ဖိုးကြီးမားလွန်းသည့်အရာတစ်ခုပင်ဖြစ်လေသော သိမှတ်ဖွယ်ရာ ပုံတို ကားဇာတ်တို့အား မငြီးမငြူနိုင်ပင် ကျန်းမာရေးမကောင်း၍ ၀ီးချဲလ်(Wheel Chair)စီးပြီး အလုပ်တွေအား နားချိန်မရှိအောင် များနေသည့်ကြားမှပင် ပြောပြခဲ့ပါသေးသည်။ ထိုသို့ပြောခဲ့သမျှသော ပုံပြင်များမှ မှတ်သားဖွယ်တစ်ခုဖြစ်လေသော ဂျပန် ဓမ္မ ပုံပြင်တစ်ခုကို ဤနေရာတွင် အလွန်သင့်လျော်သောကြောင့် ကျွန်ုပ်ပြန်လည်ဖောက်သည်ချလိုပါသည်။
လွန်ခဲ့သောနှစ်ပေါင်း(၃၀၀၀)ကျော်ခန့်တွင် ဂျပန်ပြည်တွင် “ဂူတို”ဆိုသောသူတစ်ဦးသည် “မူတို”ဆိုသော ခရီးရှည် ခရီးကြမ်းအား ရက်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့လေ၏။ ဤသို့ဖြင့် မိုးလေ၀သမှာလည်း ဖောက်ပြန်မှုဖြစ်ပြန်ရာ သူ၏ခရီးသည် နှစ်ဆမျှပို၍ ရှည်သလိုဖြစ်နေတော့၏။ ထို့ကြောင့် စားနပ်ရိက္ခာတို့ပြတ်သွား၏။ စီးစရာဖိနပ်ပင်မရှိတော့၍ ခြေထောက်ဗလာနှင့်ပင် လမ်းလျှောက်ရသောကြောင့် သူ၏ခြေဖ၀ါးများမှာ သွေးချေဥ၍ လမ်းမလျှောက်နိုင်လောက်အောင်ပင် ခရီးပမ်း၍နေတော့၏။ သို့သော်လည်း လူသူရှိသည် ရွာတရွာအရောက်တော့ ကြိုးစားခရီးနှင်ခဲ့ရာတွင် အိမ်ခြေအနည်း ငယ်ရှိသည့်ရွာသို့ရောက်လေတော့၏။ ထိုအခါ “ဂူတို”ဆိုသူသည် ရွာတွင်းသို့ဝင်ပြီး မည်သူ့ထံ ခေတ္တ ၄င်းလိုအပ်ချက်များ အား အကူအညီတောင်းလျှင်ကောင်းမည်ကို စဉ်းစားအကဲခတ်ရင်း ရွာထဲ့သို့ရောက်မှန်းမသိရောက်လာတော့၏။ အိမ်တစ်အိမ်ရှေ့အရောက်တွင် လုံးဝဆက်မလျှောက်နိုင်တော့ဘဲ ဖြစ်လေတော့၏။ ထိုနေရာမှာပင်ဘဲ ထိုင်လျှက် လဲကျသွား၏။ ထိုအခါ ထိုအိမ်ထဲမှ အမျိုးသမီး တစ်ဦး နှင့် ကလေးများထွက်လာကြပြီး လဲကျနေသော “ဂူတို”ဆိုသူအား သူ၏အိမ်တွင်းသို့ ခေါ်ဆောင်သွား၏။ အိမ်ရှင်အမျိုးသမီး ဖြစ်သူမှာ ဂူတို၏ခြေထောက်ဒဏ်ရာများအား ဆေးထည့်ပေး၏။ အဟာရအဖြစ် စားစရာများရှိသည်ကိုကျွေး၏။ ရေနွေးကို လည်း သောက်စေ၏။ ပြီးလျှင် ထို ဂူတိုဆိုသူ ခေတ္တလဲလျောင်း အိပ်စက်နိုင်ရန် စီစဉ်ပေး၏။ ခေတ္တမျှအိပ်ပြီးလျှင် ဂူတိုသည် နိုး၍လာ၏။ ၄င်းအနီးတွင် ၀ိုင်း၍ထိုင်နေကြသော အမျိုးသမီးနှင့်ကလေးများကိုမြင်လျှင် ကလေးများ၏ ဖခင်ဖြစ်သူအား မေးလေ၏။ ထိုအခါ အိမ်ရှင်အမျိုးသမီးမှာ သူ၏ခင်ပွန်းသည်ဟာ သေရေအရက်သောက်သူဖြစ်ကြောင်း၊ မိုးလင်းမိုးချုပ် အချိန်ပြည့်မူးနေကြောင်း၊ မူးလျှင်လည်း မိန်းမနှင့်သားသမီးများအား အမြဲပင်ရိုက်နက်ဆဲဆိုတတ်ကြောင်း၊ မည်သည့်အလုပ် မျှ မလုပ်ကြောင်း၊ ထို့ကြောင့် ၄င်းတို့မိသားစုမှာ ယခုညစာပင် စားစရာမရှိကြကြောင်းကိုပြောပြလေတော့၏။
ထိုသို့သော စကားများကြားရလျှင် ဂူတိုဆိုသူမှာ လွန်စွာမှပင် စိတ်မကောင်းဖြစ်ရလေတော့၏။ ထို့ကြောင့် ၄င်းတွင် ပါသောငွေကြေးများကို ထိုက်သင့်သလောက်ပေး၍ ၄င်းတို့မိသားစုအား စားနပ်ရိက္ခာများဝယ်စေ၏။ သူ၏အတွက်လည်း ကျန်ရှိနေသေးသော လမ်းခရီးအတွက် လိုအပ်ချက်ရိက္ခာမှန်သမျှ မှာလေ၏။ ဤသို့ဖြင့် ညနေစောင်းတွင် အိမ်ရှင်အမျိုးသမီး မှာ စားနပ်ရိက္ခာစုံတို့ဖြင့် ပျော်ရွှင်စွာပြန်လာလေ၏။ ပြီးလျှင် ဂူတိုအား ဤသို့ပြော၏။ “ခရီးသွားကျေးဇူးရှင်ကြီးဂူတို၊ ကျွန်မတို့အိမ်မှာဘယ်လောက်နေမှာလည်း၊ ဂူတိုကြီး အိမ်မှာရှိနေတဲ့အချိန်ထိတော့ ကျွန်မကလေးတွေ ထမင်းဝကြမှာဘဲ” ဟု စိတ်မကောင်းဖွယ်ရာ စကားကို လေသံပျော့ပျော့လေးဖြင့် ပြောရှာလေ၏။ ဂူတိုမှာ ဘာမှပြန်မပြောဘဲ ထပ်မံ ငွေအနည်းငယ်ထုတ်ပေး၍ အရက်နှင့် ငါးကြော်များ ၀ယ်ခိုင်းပြန်၏။ ညအချိန်တွင် ၄င်းအိမ်၏ ကလေးများဖခင်ဖြစ်သူမှာ အရက်များမူး၍ ပြန်ရောက်လာတော့၏။ ထိုအခါ ဧည့်သည်ဂူတိုကိုမြင်လျှင်မြင်ချင်း ပြဿနာရှာမည်ပြု၏။ ဤအရာကို ကောင်းစွာသဘောပေါက်ထားပြီးဖြစ်သော ဂူတိုမှာ အရက်နှင့်ငါးကြော်များပေး၍ ၄င်းပါဝင်သောက်ဟန်ဆောင်ပြ၏။ ထိုအခါ အရက်ကြိုက်တတ်သော အရက်သမား အိမ်ရှင်ဟာ ဂူတိုနှင့်ချက်ခြင်းပင် ငယ်ပေါင်းကြီးဖော်ပမာ ခင်မင်သွားတော့၏။ ထိုညအား သောက်စားမူးရူးရင်းပင် အိမ်ပျော် သွားလေ၏။ နံနက်မိုးလင်းတော့ ဂူတိုအား ထိုအရက်သမားသည် မမှတ်မိဖြစ်၍ ပြဿနာရှာပြန်၏။ ထိုအခါ ဂူတိုဖြစ်သူမှာ ညမှဖြစ်ကြောင်းကုန်စင်နှင့် ၄င်း၏ ခရီးစဉ်အခက်အခဲကြုံပုံကို အသေအချာပြောပြသောအခါ အိမ်ရှင်အရက်သမားမှာ နားလည်သွား၍ ဂူတိုကြီးအား ကျေးဇူးတင်စကားပြော၍ ထိုင်ပြီးရှိခိုးတောင်းပန်လေ၏။
ထိုအခါ ဂူတိုကြီးမှ အိမ်ရှင်အရက်သမားဖြစ်သူအား အသက်ဘယ်လောက်ရှိပြီလည်းဟု မေးရာ အိမ်ရှင်မှာ ၄င်း အသက်(၄၅)နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ကြောင်း ပြောပြလေ၏။ ထိုအခါ ဂူတိုမှာ ကျောက်သင်ပုံး၊ ကျောက်တံအသုံးပြုပြီး (၄၅)နှစ်ကာလအတွက် ရက်ပေါင်းမည်မျှရှိမည်ကို တွက်ပြ၏။ ထို့နောက်တွင် နာရီမည်မျှရှိမည်ကို ထပ်မှန်တွက်ပြပြန်၏။ ၄င်း၏အသက်တာတွင် သက်တမ်းစေ့ အသက်(၇၀)နေရမည်ဆိုလျှင် (၃၅)နှစ်သာ ကျန်တော့ကြောင်း၊ ရက်ပေါင်း(၁၂၇၇၅)၊ နာရီပေါင်း(၃၀၆၆၀၀)သာ ရှိကြောင်းကို တွက်ချက်ပြလိုက်တော့၏။ ထိုအချိန်မှာဘဲ အရက်သမားဖြစ်သူ၏ သူ၏အသက် တ၀က်ကျော်ကို အလဟသ ဖြတ်သန်းခဲ့ကြောင်းကို သဘောပေါက်၍ပင် လွန်စွာဝမ်းနည်းသွားတော့၏။ သားကျွေး/မယားကျွေး မကျေသည့်အပြင် တန်ဖိုးရှိသည့်အချိန်များလည်း ဖြုန်းတီးပြစ်ခဲ့ခြင်းကို ကောင်းစွာပင် သဘောပေါက် နောင်တရသွားတော့၏။ ထို့ကြောင့်ပင် သူ့အား ဤသို့ အသိဉာဏ်ပွင့်အောင်၊ ဉာဏ်အလင်းရောင်ပြခဲ့သော ဂူတိုကြီးအား ကျေးဇူးဆပ်သောအားဖြင့် ၄င်း၏ခရီးစဉ် တထောက်အား လိုက်ပို့ခွင့်တောင်းလေ၏။
ဂူတိုကြီးသည် အရက်သမားအား လိုက်ပို့ခွင့်ပေးပြီး အိမ်တွင် ကျန်ရစ်သူ အိမ်ရှင်မနှင့် ကလေးများအတွက် ငွေကြေး များထိုက်သင့်စွာပေး၍ သူ၏ မူတိုခရီးအား လိုက်ပါပို့ဆောင်သူအိမ်ရှင် အရက်သမားဖြစ်ခဲ့ဖူးသူနှင့် ခရီးဆက်ခဲ့တော့၏။ လမ်းခရီး အတိုင်းတာ တစ်ခုအရောက်တွင် ဂူတိုကြီးသည် သူ၏ ခရီးဖော်အား နောက်ကြောင်းပြန်လှည့်ရန်ပြောလေ၏။ သို့သော်လည်း ထိုလိုက်ပါပို့ဆောင်သော အရက်သမားဖြစ်ခဲ့ဖူးသူမှာ ရှေ့တထောက်ခရီးထိ လိုက်ပါရစေဦးဟုပင် ထပ်ခါ ထပ်ခါပြော၍ ဂူတိုကြီးပြောပြသည့် အချိန်တရားများကို နာယူမှတ်သားရင်း လိုက်ပါသွားလေ၏။ နောက်ဆုံးတွင် ဂူတိုကြီး အား အရက်သမားဖြစ်ခဲ့ဖူးသူမှာ ကျွန်တော်မျိုး ဂူတိုကြီးနဲ့အတူလိုက်မယ်၊ ဂူတိုကြီးပြန်မှ ကျွန်တော်မျိုးလည်း အိမ်ပြန်ပါ့မယ် ဟုဆိုလေ၏။ ထိုအခါ ဂူတိုကြီးမှ ငါကဘယ်တော့မှ ပြန်တော့မှာမဟုတ်ဘူး၊ ငါခရီးဟာ ပြန်တဲ့ခရီးမဟုတ်ဘူး၊ ငါဟာ “မူတို” ရောက်ရင် အပြီးဘုန်းကြီးဝတ် တရားအားထုတ်တော့မည်ဟုပင် ပြောပြလေတော့၏။ ထိုအခါတွင် အရက်သမားဖြစ်ခဲ့ဖူး သူမှလည်း ဒါဆိုကျွန်တော်မျိုးလည်း ဘယ်တော့မှ မပြန်ပါရစေနဲ့တော့၊ ဂူတိုကြီးလိုဘဲ ဘုန်းကြီးဝတ် တရားအားထုတ်ခွင့် အတူပြုပါဟု တောင်းဆိုတော့၏။ ၄င်း၏ ကျန်ရှိသော အသက်ရှင်အချိန်အား တန်ဖိုးရှိအောင် လုပ်ဆောင်ခွင့်ပြုရန် တောင်းဆိုလေတော့၏။ နောင်သောအခါတွင် ၄င်းအရက်သမားဖြစ်ခဲ့သူသည် ဂျပန်နိုင်ငံတွင် “မူနန်း”အမည်ရှိ နာမည်ကြီး ဘုန်းတော်ကြီးတစ်ပါးဖြစ်သွားလေသည်ဟု သိရတော့၏။ တရားဟော တရားပြမှာလည်း အလွန်ကောင်းသည်ဟုလည်း သိရလေတော့၏။ “မူနန်း”ဟူသည့်အဓိပ္ပါယ်မှာ ဂျပန်ဘာသာဖြစ်လေ၏။ မြန်မာလို ပြန်ဆိုမည်ဆိုလျှင် နောက်ကြောင်းပြန် မလှည့်တတ်ခြင်းဟု အဓိပ္ပါယ်သိရ၏။
ကဲ . . . ကျွန်ုပ်တို့တတွေလည်း ကျန်ရှိနေတဲ့ ရှင်သန်ခြင်းအချိန်ကာတွေကို တန်ဖိုးရှိလှတဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မဖြစ်မခြင်း မအောင်မြင်မခြင်း မရမခြင်း မပိုင်ဆိုင်နိုင်မခြင်း စသည်ဖြင့်ပင်လျှင် အားခဲ၍ နောက်မဆုတ်စတမ်း နောက်ကြောင်းပြန်မလှည့်စတမ်း တန်ဖိုးရှိစွာ စိတ်စွမ်း/ဉာဏ်စွမ်း/ပညာစွမ်းများဖြင့် လုပ်ဆောင်သွားကြစေလိုကြောင်းကိုမူ ကျွန်ုပ်အနေနှင့် ကောင်းမြတ်သော သဘောမနော စေတနာမေတ္တာတို့ဖြင့်ပင် ဤဆောင်းပါးစာမူအားရေးသားလိုက်ရပါတော့ သတည်း . . . ။

မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်