“ ကြင်ဖူးစာမမည်လို့လား ’’ အောင်ကောင်းမွန်(လားရှိုး)

လွန်စွာမှပင်ချမ်းအေးသောကာလပင်ဖြစ်၏။ နှင်းမှုန်တဖွေးဖွေး မြောက်လေသွေးသည် ဟေမန်ဆောင်း ဘဘာဝတို့လွှမ်းမိုးလျှက်ရှိသည့် နိုဝင်ဘာလ၏ နံနက်ခင်းတစ်ခုမှာပင်ဖြစ်လေတော့၏။ ကျွန်ုပ်သည် မည်သည့် အလုပ်ကိုစ၍လုပ်ရမှန်းမသိလောက်အောင်ပင် လွန်စွာမှ လုပ်စရာအလုပ်တာဝန်တို့သည် များမြှောင်လွန်းလှပြီ ဖြစ်သောကြောင်မအေးနိုင်မချမ်းနိုင်ဘဲကိုရှိနေလေ၏။ကျွန်ုပ်နားတွင်တောက်တိုမယ်ရကူညီလုပ်ဆောင်ပေးလျှက်ရှိ သော တပည့်လေး မောင်အိုက်မွန်းမှာ ဗီစီဒီ သီချင်းခွေတစ်ခွေမှ သီချင်းတစ်ပုဒ်အား ထပ်ခါတလဲလဲပင် နားထောင်၍နေလေ၏။ ထိုအချိန်မှာပင် ဒေါ်အုန်းမြင့်ဆိုသော အသက်(၅၀)အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိ၍လာလေ၏။ ၄င်း အမျိုးသမီးကြီးသည် ကျွန်ုပ်ငယ်စဉ်အရွယ်မှစ၍ ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်၏။ ၄င်းသည် ထိုငယ်ရွယ်စဉ်အချိန်ကာလ တွင် ၄င်း၏ ဘ၀ပေးအခြေအနေ ကံကြမ္မာဆိုးများကြောင့် မိသားစုအားလုံးနှင့် သေကွဲကွဲခဲ့ရပြီး စိတ်ထိခိုက်မှု လွန်ကဲကာ
စိတ်ရောဂါဖြစ်ခဲ့ဖူးသူဖြစ်၏။ 
 သို့သော်လည်း ယခုအခါတွင်မူ သူ၏ဘ၀အား အေးချမ်းစွာနေထိုင်စား သောက်နိုင်ရန် သူ့ဟာသူ ဖန်တီးနိုင်ပြီဖြစ်၏။
ဒေါ်အုန်မြင့်သည် ကျွန်ုပ်ကို မြင်လျှင်မြင်ခြင်းပင် -
“ မောင်ဝေလင်းရေ၊ မင်းအားမအားတော့မသိဘူး …။ အဒေါ်ကတော့ ဒီနေ့ မင်းအိမ်မှာ ဧည့်သည် လုပ်ဖို့လာပြီ ”ဟု ဆိုလေ၏။
ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း ဘာလုပ်လို့လုပ်ရမှန်းမသိလောက်အောင် များနေသောအလုပ်တို့အား ခေတ္တ ထား၍ ဧည့်သည်ဖြစ်သူ ဒေါ်အုန်းမြင့်အား ဧည့်ခံစကားပြောရလေတော့၏။ ဒေါ်အုန်းမြင့်မှာ ကျွန်ုပ်တပည့်လေး မောင်အိုက်မွန်းချပေးသည့် လက်ဖက်ရည်နှင့်ပဲပေါက်စီအား မြိန်ရှက်စွာစားရင်းပင် ကျွန်ုပ်အား ဤကဲ့သို့ဆိုလေ၏။
“ ဒီလိုမောင်ဝေလင်းရေ …။ ဒီနေ့က နိုဝင်ဘာလ(၂)ရက်တောင် ရှိနေပြီလေ။ အဒေါ်က ဒီဇင်ဘာလ(၃၁)ရက်နေ့ မွေးတာဆိုတော့ အခုအချိန်ဟာ အဒေါ်အသက်ပြည့်မွေးနေ့ရောက်ဖို့အတွက် နှစ် တစ်နှစ်ရဲ့ နောက်ဆုံးကာလလို့ ပြောလို့ရတဲ့ (၅၂)ရက်ကာလထဲ ရောက်နေပြီလေ . . .။ အဲ့ဒီလို ကိုယ့်ရဲ့ မွေးနေ့ရောက်ဖို့ (၅၂)ရက်ကာလအတွင်းရောက်ပြီဆိုရင် ဘယ်သူဘဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ အလုပ်တွေ ကို ခေတ္တအနားယူသင့်တယ်။ စိတ်လွတ်ကိုယ်လွတ် အပျော်ခရီးတွေ၊ ဘုရားဖူးတွေသွားသင့်တယ်။ စွန့်စား ရတဲ့အလုပ်တွေ၊ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အလုပ်တွေ၊ ငါဟာ အခု ဒီနှစ်ဟာ ကံကောင်းတဲ့နှစ်ရောက် ပြီဆိုပြီး . . . လုပ်ငန်းသစ်တိုးချဲ့တာမျိုးတွေကို လုံးဝမလုပ်သင့်တော့ဘူးကွဲ့။ ဘာဖြစ်လို့လည်းဆိုတော့ လူဟာ စိတ်နဲ့ရုပ် နှစ်မျိုးပေါင်းစုထားတဲ့ အရာဝတ္ထု တစ်ခုမလား။ ရုပ်နဲ့ အလုပ်လုပ်နေကြတယ်ဆိုပေမဲ့လို့ အမှန်တကယ်ကြတော့ စိတ်ရဲ့စွမ်းအားနဲ့ စိတ်စေခိုင်းမှုအတိုင်း ရုပ်ကလိုက်လုပ်ရတာကိုး။ အဲ့ဒီတော့ စိတ်ဟာ စွမ်းအင်တွေနဲ့ ရှင်သန်နေတဲ့သဘောရှိတယ်ကွဲ့ . . .။ အဲ့ဒီစွမ်းအင်တွေကိုတော့ “ ကော့မစ် ” လို့သာ မြန်မာလို အလွယ်မှတ်ထားရင်ရပါတယ်ကွယ့် . . .။ အဲ့ဒီတော့ “ ကော့မစ် ” အားတွေဟာ လူတစ်ယောက်ရဲ့ အသက်ပြည့်တဲ့နေ့ မွေးနေ့ဟာ အမြင့်ဆုံး/အပြင်းဆုံး လူခန္ဓာကိုယ်တွင်း စိတ်ကနေ ထုတ်လွှတ်တော့တာ ဘဲကွယ်။ အဲ့ဒါကြောင့်မလို့ တချို့ဗေဒင်ဆရာတွေက ဘယ်သူ ဘယ်ဇာတာရှင် ဘယ်ကံကြမ္မာမျိုးမှာဘဲ ရောက်သူတွေဖြစ်ပါစေ… ဗေဒင်လာမေးရင် မွေးနေ့လွန်ရင် ကောင်းသွား လိမ့်မယ်လို့ဟောတာပေါ့ . . . တကယ်တော့ ဗေဒင်ကိန်းခန်းအရ ကံကြမ္မာပြောင်းလို့ ကံကောင်းတာ တွေထက် စိတ်စွမ်းအင်တွေပြည့် သွားလို့ ကံကောင်းအောင်မြင်သွားတာပေါ့ကွယ်”ဟုပင် “ ကော့မစ် ” စွမ်းအားအကြောင်းကို သူ့အမြင် သူ့အတွေးနှင့်သူ သိသလောက် ကျွန်ုပ်အား ပြန်၍ပြောပြတော့၏။
“ဟုတ်တယ် ဒေါ်အုန်းမြင့်ရေ … ။ ဒီအကြောင်းတွေကို ကျွန်တော်တို့ အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ ရှိစဉ်ကလည်း အတော်လေးကို ကျွန်တော်တို့ကို ပြောပြခဲ့ဖူးတယ်။ အခု အဒေါ် ဒေါ်အုန်းမြင့် ပြောသလိုပါဘဲ . . . ဒီ “ ကော့မစ် ” စွမ်းအားတွေဟာ ခန္ဓာကိုယ်ထဲကနေ (၅၂)ရက်ကို တခါတခါ ပြောင်းလဲပြီး ထုတ်လွှတ်ပေးသွားတာ . . .။ နောက်ဆုံး(၅၂)ရက်မှာကြတော့ “ ကော့မစ် ” အားတွေဟာ လက်ရှိလုပ်နေတဲ့ အလုပ်တွေ အောင်မြင်ဖို့အတွက် အပြည့်အ၀ကြီး မထုတ်လုပ်နိုင်တော့ဘူးဖြစ်နေပြီ …။ ဘာလို့လည်းဆိုတော့ နောင်လာမဲ့ နှစ်သစ်၊ အသက်အတွက် ကြိုပြီး သူက “ ကော့မစ် ” အားအသစ်တွေ စုစည်းနေရတဲ့အလုပ်ကို လုပ်နေရပြီမို့ အဲ့ဒီကာလ အသက်ပြည့်ခါနီး (၅၂)ရက်ကာလကို အဘမင်းသိင်္ခက ရပ်နားကာလလို့ မှတ်ယူထားဖို့ ပြောခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာတော့ ကိုယ့်အလုပ်တွေကိုယ် လွှဲနိုင်တဲ့သူ ရှိရင် လွှဲပြီး အနားယူရမယ်လို့ဆိုခဲ့တယ် . . . ဒေါ်အုန်းမြင့်ရေ . . .” ဟု ကျွန်ုပ်မှ ပြန်လည်၍ ပြောဆိုလျှက် ရှိသော စိတ်စွမ်းအင် “ ကော့မစ် ” အကြောင်းကို ဒေါ်အုန်းမြင့်တစ်ယောက် လက်ဖက်ရည်သောက်၊ မုန့်စားရင်ပင် ခေါင်းတညိမ့်ညိမ့်နှင့် ပြန်လည်နားထောင်နေလေတော့၏။
ကျွန်ုပ်တို့ ယခုလိုစကားပြောနေကြသည့်အချိန်ထိအောင်ဘဲ မောင်အိုက်မွန်းတစ်ယောက်မှာတော့ ၄င်း နားထောင်ဆဲ သီချင်းတစ်ပုဒ်အား ထပ်ခါတလဲလဲ နားထောင်နေမြဲပင်ဖြစ်တော့၏။ ၄င်းနားထောင်နေသောသီချင်း မှာ ဟိုအရင်တချိန် ကျွန်ုပ်တို့ ငယ်ရွယ်စဉ်ကာလတွင် လွန်စွာနာမည်ကြီးခဲ့သော သီချင်းတစ်ပုဒ်ပင်ဖြစ်၏။ သီချင်း၏ အဆိုရှင်မှာ စိုင်းထီးဆိုင်ဖြစ်ပြီး သီချင်းအမည်ကား “ ကြင်ဖူးစာမမည်လို့လား ” ဟူ၍ဖြစ်၏။
ဒေါ်အုန်းမြင့်မှာ ထိုသီချင်းအားနားထောင်ရင်းပင် -
“ ဒီသီချင်းလေးတွေ နားထောင်လိုက်တော့ ဟိုအရင်အချိန်တွေကို ရုတ်တရက်ပြန်ရောက်သွား သလိုခံစားရတယ်” ဟုဆိုလေ၏။
“ ခင်ဗျားကတော့ ဒီသီချင်းနားထောင်ရတော့ ဘယ်လိုဖြစ်တယ်မသိဘူး . . .။ ကျွန်တော်ကတော့ မနက်ထဲကကို ခုထိနားထောင်လို့ကို မဆုံးနိုင်တော့ဘူး” ဟုဆိုလိုက်ရာမှပင် မောင်အိုက်မွန်းဟူသော တပည့်ကျော် ကလေးမှာ သီချင်းအား မသိမသာပိတ်လိုက်လေတော့၏။
ထို့နောက်တွင် ကျွန်ုပ်နားလာ၍ ကန်တော့လေ၏။ ဦးသုံးကြိမ်ချအပြီးတွင် ဤသို့ဆိုလေ၏ . . .။
“ ဆရာ . . . လောကကြီးမှာ ကိုယ်နဲ့ မချစ်မနှစ်သက်သောသူနဲ့ပေါင်းသင်းရခြင်းဟာ ဒုက္ခ၊ ချစ်တဲ့သူနဲ့ မခွဲ ချင်ဘဲနဲ့ ခွဲခွါရခြင်းဟာ ဒုက္ခလို့ မြတ်ဗုဒ္ဓဟောထားတယ်ဆိုပြီး ကျွန်တော်ကြားဖူးတယ်ဆရာ …။ ကျွန်တော်ချစ်တဲ့သူ ဟာ ကျွန်တော့်ဖူးစာရှင်ဘဲဖြစ်ချင်တယ်။ သူနဲ့ဘဲ ပေါင်းချင်တယ်ဆရာ …။ အဲ့ဒီလို ကိုယ်နဲ့တွေ့တဲ့ ချစ်သူနဲ့ သိပ်ချစ် ကြပြီး ကွဲသွားတော့မှ ကိုယ့်ဖူးစာရှင်မဟုတ်လို့ ကြင်ဖူးစာမမည်လို့ တို့တွေ ကျွန်တော်မပြောချင်ဘူး …။ အဲ့ဒါကြောင့်မလို့ ကျွန်တော်နဲ့တွေ့လာမဲ့ ချစ်သူမိန်းကလေးဟာ ကျွန်တော့်ဖူးစာရှင် အမှန်ကလေးသာဖြစ်အောင် လုပ်လို့ရမဲ့ ယတြာ ဓါတ်ရိုက်ဓါတ်ဆင်နည်းသာ ဆရာတို့ရဲ့ လောကီပညာမှာရှိခဲ့ရင် အခုဘဲ ကျွန်တော့ကိုပေးပါ ခင်ဗျာ…။ ကျွန်တော် အခုချက်ချင်း လုပ်ချင်တယ်” ဟုဆိုလေ၏။
မောင်အိုက်မွန်းလေးပြောသမျှအား ဒေါ်အုန်းမြင့်တစ်ယောက်မှာ အသေအချာပင် နားထောင်ရင်း စိတ်ဝင် စားလို့သွားလေတော့၏။ ကျွန်ုပ်သည်လည်း ဤမောင်အိုက်မွန်း၏စကားများကို အသေအချာပင် အလေးနက်ထား၍ စဉ်းစားမိတော့၏။
“ ဒီလိုရှိတယ် မောင်အိုက်မွန်းရေ …။ လူတစ်ယောက် ယောင်္ကျားဖြစ်စေ၊ မိန်းမဘဲဖြစ်စေ၊ ရှင်သန်မွေးဖွား လာပြီဆိုခဲ့ရင် အချိန်တန်အရွယ်ရောက်ရင် အိမ်ထောင်ရက်သားပြုကြတယ်။ အဲ့ဒါဟာ လူ့တာဝန်တစ်ခုလို့ ရှေးပညာ ရှိတို့ ဆိုထားကြတယ်။ အဲ့ဒီမှာ တချို့သောသူတွေက မွေးထဲကနေ လူတစ်ယောက်အတွက် သူလက်ထပ်ရမဲ့ ဖူးစာရှင်ဆိုတာရှိပြီးသား၊ ပါပြီးသားဘဲ …။ အဲ့ဒီ ဖူးစာရှင်အမှန်နဲ့တွေ့မှသာ အိမ်ထောင်ရေးမြဲမယ်ပေါ့လေ…။ ဒါကို ပုံတိုပတ်စ အမျိုးမျိုးဖွဲ့နွဲ့ပြီး အချစ်ကိုတင်စားခဲ့ကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ်ကတော့ ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဟောတရားတော်တွေနဲ့အညီ စဉ်းစားတယ်။ လူတစ်ယောက်အတွက် အတိတ်ဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့တဲ့ ကုသိုလ်တရားတွေ … မောင်မယ် လက်ရှိဘ၀မှာ ပေါင်းနိုင်လောက်တဲ့ ကုသိုလ်တရားတွေပါတယ်ဆိုရင် … အဲ့ဒီ ယောင်္ကျားလေးနဲ့ … အဲ့ဒီ မိန်းကလေးဟာ ဘယ်လောက်ဘဲ အခြေအနေဘ၀အဆင့်အတန်းဝေးကွာနေပါစေ။ ကျန် ဖန်ပြီး ဆုံတွေ့ကြရလိမ့်မယ်…။ ဒါပေမဲ့လို့ ညားတယ်/မညားဘူးဆိုတာကတော့ လက်ရှိဘ၀ရဲ့ သူတို့နှစ်ယောက် ပစ္စုပ္ပန်ကံတွေပေါ်မှာလည်း မူတည်နေတယ်။ အဲ့ဒီတော့ ယောက်ျားလေးတစ်ယောက်အတွက်ရော . . . မိန်းကလေး တစ်ယောက်အတွက်ပါ ဘ၀မှာ ကိုယ်နဲ့ဖူးစာပါ လက်တွဲနိုင်လောက်တဲ့ အတိတ်ကံ ရေစက်တွေပါတဲ့ ဖူးစာရှင်တွေ ဆိုတာ တစ်ယောက်မက ရှိနေပါနေကြပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ်တကယ်ချစ်တဲ့သူကိုရဖို့ ကြိုးစားရမယ့် လွှဲချော် သွားနိုင်တဲ့ အချက်တွေက ဘာတွေဖြစ်မလည်းလို့ ကြိုတင်စဉ်းစားထားရမယ်။ အဲ့ဒီအချက်တွေကို သတိထား ရှောင်ရှားရမှာပေါ့ . . .။ ပြီးတော့ ကိုယ့်ချစ်တဲ့သူဟာ ကိုယ့်ဖူးစာရှင်အမှန်ဖြစ်ဖို့အတွက် လောကဓါတ်ကြီးက ကိုယ့်ဘက်မှာ ကံကြမ္မာတရားတွေ ဖန်တီးပေးသွားအောင် ပြုလုပ်လို့ရတဲ့ တားရော့ ဖယောင်းတိုင်မီးထွန်းရတဲ့ ယတြာဓါတ်ဆင်နည်း တစ်မျိုးရှိတယ်။ အဲ့ဒီနည်းကို ကိုယ့်နဲ့ပတ်သက်တဲ့ အခါကြီးရက်ကြီး၊ ကိုယ့်ချစ်သူနဲ့ ပတ်သက် တဲ့ အခါကြီးရက်ကြီးမှာသာ လုပ်ပေတော့ဟေ့ . . . ယုံယုံကြည်ကြည်သာလုပ်တော့ . . . အဆင်ပြေလိမ့်မယ်။ ချစ်တဲ့သူနဲ့ ညားကိုညားလိမ့်မယ်ကွာ . . . အေး … ဒါပေမဲ့လို့ တစ်ခုတော့ရှိတာပေါ့ …။ ကိုယ်ယတြာလုပ်တဲ့အချိန် ဟာ နောက်မကျဖို့တော့လိုတယ်။ ချစ်သူကတခြား ယောက်ျားတစ်ယောက်နဲ့ စေ့စပ်ပြီးပြီ . . . နောက်မှကိုယ်က တွေ့တယ်။ ပြီးတော့ ရအောင်ယူမယ်ဆိုပြီး ယတြာတွေလုပ်လိုက်ရင်တော့ … ကိုယ့်အတွက်လည်းမကောင်းဘူး … သူ့အတွက်လည်းမကောင်းတော့ဘူး …။ နှစ်ယောက်လုံး စိတ်ဆင်းရဲစရာတွေဖြစ်လာတတ်တာပေါ့ …။ အဲ့ဒီတော့ နောက်မကျစေကြနဲ့ကွာ … နောက်မကျအောင်သာ လုပ်ကြပေတော့” ဟုပြောလိုက်မိတော့၏။
ထိုအခါ ကျွန်ုပ်ပြောသမျှ တားရော့ယတြာလုပ်ဆောင်နည်းအားလည်း မောင်အိုက်မွန်းသည် အသေ အချာ မှတ်သားသွားတော့၏။ ပြီးနောက်မှပင် VCD ကွန်ထရိုးဖြင့် သီချင်းလေးတစ်ပုဒ်အား ဖွင့်လိုက်လေတော့၏။ ထိုသီချင်းကား “ ခိုင်မြဲသောအချစ် ” ပင်ဖြစ်တော့၏။
ဒေါ်အုန်းမြင့်တစ်ယောက်မှာတော့ ထိုသီချင်းနှစ်ပုဒ်၏ ကွာခြားမှုတို့အား စဉ်းစားရင်းပင် တရားသံဝေဂ ရသယောင်ပင်ဖြစ်နေလေ၏။ ကျွန်ုပ်မှာလည်း လုပ်လက်စအလုပ်များအား ဆက်လက်၍ ပြီးစီးအောင်မြင် အချိုးကျ နေရန် စတင်လုပ်ကိုင်ရတော့၏။ ထို့ကြောင့် ဧည့်သည်ဖြစ်သူ ဒေါ်အုန်းမြင့်အတွက် နေ့လည်စာအား တရုတ် ထမင်းဆိုင်တစ်ခုမှ တရုတ်ဟင်းလျာများကိုပင် တပည့်လေး အိုက်မွန်းအား သွားရောက်ဝယ်ယူခိုင်းပြီး ကျွေးမွေး ဧည့်ခံဖြစ်ခဲ့တော့၏။
ကျွန်ုပ် ဧည့်ခံကျွေးမွေးသော ထမင်းဟင်းလျှာများကို ဧည့်သည်ကောင်းပီသစွာဖြစ်ပင် ဒေါ်အုန်းမြင့် တစ်ယောက် မြိန်ရှက်စွာ သုံးဆောင်ပြီးတွင် ဧည့်သည်တို့၏သဘာဝအတိုင်းပင် အချိန်တန်လာ၍ အိမ်ပြန်ရန် နှုန်ဆက်ခါ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဘုရားအနီးရှိ နေအိမ်ခြံဝင်းအတွင်းမှ အေးချမ်းကောင်းမွန်စွာ ထွက်ခွါသွားလေတော့သတည်း . . . ။


၎င်းယတြာပြုလုပ်ပုံမှာ . . . ယခု ကျွန်photo postဖြင့်တပါတည်းတင်ပေးထားသော တားရော့နမ်ပတ်(၂၁)ကမ္ဘာလောက တားရော့အာ ပရင့် ထုတ်မိတ်တူကူးပြီးထမင်းစားကြွေပန်းကန်ပြားတွင်ကပ်ပါ။ တားရော့နမ်ပတ်(၆)ချစ်တူနှစ်ဦးကိုလဲပရင့်ထုတ်မိတ်တူကူးပြီးတထွာခန့်ရှိသောဖယောင်းတိုင်တွင်ပတ်ပါ။ ထိုဖရောင်းတိုင်ကိုစောစာကကြွေပန်ကန်ပြားမှာကပ်ထားသောနမ်ပတ်(၂၁)ကပ်အလယ်အမျိုးသမီးရင်ပတ် နေရာတွင်စိုက်ပြီးတန်ခိုးကြီးဘုရားတွင်ထွန်းညှိပူဇော်ကာချစ်တူနှစ်ဦးချစ်သည့်အတိုင်းညားနိုင်စေရန်ယုံကြည်လေးနက်စွာစုတောင်းပြီးဘုရားရှစ်ခိုးပါ။အကြိမ်ကြိမ်စုတောင်းပါ။ယုံကြည်သူများအကျိုးထူးခံစားကြရမည်မှာ ဧကန်အမှန်သာပင်ဖြစ်ပါလေတော့သည်။
“ ချစ်ကြသူတိုင်းပေါင်းကြရပါစေ ”

မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန်(လားရှိုး)

မှတ်ချက်။ ။ ဤဆောင်ပါး Post ကို ကျွန်ုပ်တင်ပေးရန် စီစဉ်နေသည်မှာ နိုဝင်ဘာလဆန်းမှပင်ဖြစ်ပါသည်။ အလုပ်များအမှန်တကယ်များနေသောကြောင့် ယခုအချိန်မှ တင်ပေးရခြင်းကို ဤအကြောင်းအရာ ယတြာတောင်းဆိုထားသူများမှ ခွင့်လွတ်နားလည်ပေးစေလိုပါသည်။
အစဉ်ပင်ဆက်လက်ကြိုးစားနေပါဦးမည် ။


Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်