ချမ်းသာကြွယ်ဝချင်သူများအတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်(မင်းသိင်္ခ )




ခရာဇ်တော်ကို အကြောင်းပြု၍ ရေးထိုးတဲ့ ၁၉၉၉ ခု၊ ဧပရာယ်လ ၃ ရက်နေ့၊ ဧပြီလဟာ ထူးခြားတဲ့ လပါပဲ။ မြန်မာ လူမျိုးတွေအဖို့ သင်္ကြန်ပွဲ တော်ကြီးနဲ့ ကြုံကြိုက်နေပါတယ်။ ဥရောပတိုက်မှာတော့ ဧပရာယ်လဆန်း (၁)ရက်နေ့မှာ ဧပရာယ်ဖူးလ်လို့ ခေါ်တဲ့ ဧပြီ အရူးလုပ်တဲ့ လပါပဲ။ သစ်ကိုင်းတွေကနေ သစ်ရွက်တွေ ကြွေပြီးတော့ ကိုင်းခြောက်မဲမဲ ကြီးတွေ ဘ၀ကို ဧပရာယ်လမှာ တွေ့ရပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ မေလထဲကို ၀င်ပြီးတော့ မိုးရိပ်ညိုညို မိုးသားမည်းမည်းတွေက ဤမြေကမ္ဘာကို မိုးစက်မိုးပေါက်တွေ လက်ဆောင်ပေးပါတယ်။ အဲဒီအခါမှာ ခမ်းခြောက်နေတဲ့ အိုင်တွေ၊ ချောင်းတွေ၊ မြစ်တွေ၊ ရေတဖွေးဖွေးနဲ့ သဘာဝတရားကြီးက လှပတင့်တယ်အောင် ဖန်ဆင်းလုပ်ဆောင်တော့မယ့် အချိန်ကာလရဲ့ အကူး အချိန်ပါပဲ။ ဒီအချိန်မှာ အခုပြောမယ့်စကားဟာ အပြင် အများပရိသတ်ကို ပြောမယ့်စကား မဟုတ်ပါဘူး။

ကျုပ်ရဲ့တပည့် အပေါင်းကို သိဒ္ဓိနဲ့ ပတ်သက်တဲ့ စကား ပြောချင်လို့ စီစဉ်ရတာပါပဲ။ သိဒ္ဓိလို့ ပြောလိုက်တာနဲ့ ဘယ်လိုနားလည်သလဲဆိုရင် တစ်စုံတစ်ယောက်ထံကနေ တောင်းယူရမယ်လို့ နားလည်ကြတယ်။ သိဒ္ဓိဆိုတဲ့ စကားနဲ့ အတူ နောက်က တောင်း..
.ဆိုတာပါတယ်။

ဥပမာဆိုပါတော့။ အိန္ဒြိယပြည်က ဆိုင်းဘာဘာလို သိဒ္ဓိပေါက်ပြီးသား ပုဂ္ဂိုလ်ဆီကနေတော့ တောင်းရမယ် ထင်မှတ်ပြီး ဆိုင်းဘာဘာပုံတွေ ပြာတွေ ခေါင်းရင်းမှာထားပြီး ဘာဘာကြီးပေးပါဆိုပြီး တောင်းတယ်။ အဲ... အဘဘိုးမင်းခေါင်ဆီက တောင်းရမယ်။ ဘိုးဘိုးအောင်ဆီက တောင်းရမယ်။ ယက်ကန်းစင်တောင် ဆရာတော်ဆီက တောင်းရမယ်။ ဗားမဲ့ဆရာတော် ဘုရားကြီးဆီက တောင်းရမယ်စသည်ဖြင့် သိဒ္ဓိလို့ ပြောလိုက် တာနဲ့ တောင်း တောင်း တောင်းဆိုတာတွေ ပါနေတယ်။

အခုပြောမယ့် စကားမှာ တောင်းတာတစ်ခုမှ မပါပါဘူး။ အခုပြန်ပြီး စဉ်းစားကြည့်စမ်းပါ။ အဲဒီ ဆိုင်းဘာဘာပဲ ဖြစ်ဖြစ် ၊ အဘဘိုးမင်းခေါင်ပဲ ဖြစ်ဖြစ်၊ ဘိုးဘိုးအောင်ပဲ ဖြစ်ဖြစ် ၊ ယက်ကန်းစင်တောင်ပဲ ဖြစ်ဖြစ် ၊ ဗားမဲ့ ဆရာတော်ဘုရားကြီးပဲ ဖြစ်ဖြစ် သူတို့မှာ သိဒ္ဓိတွေ မဟိဒ္ဓိတွေ ရှိတယ်ဆိုပါစို့။ သူတို့ ဘယ်သူ့ဆီက တောင်းထား တာလဲလို့ ပြန်ပြီးစဉ်းစားရင် တောင်းတဲ့ပစ္စည်းတွေ မဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်ထားတာတွေပါ။

သူတို့လည်း ကိုယ်တိုင် လုပ်ထားတာ။ ကိုယ့်အလှည့်ကျမှ သူတို့ဆိက တောင်းရမယ်ဆိုတာ သဘာဝကျပါ့မလား။ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ သိဒ္ဓိဆိုတဲ့ အရာဟာ တစ်စုံတစ်ယောက် ဆီကနေ တောင်းယူရမယ်။ တစ်စုံတစ်ဦး သော ပဂ္ဂိုလ်ဆီကနေ တောင်းယူရမယ့် ပစ္စည်းမျိုး မဟုတ်ပါဘူး။ ကိုယ့်ဟာကို လုပ်ရမယ့် အလုပ်၊ ကိုယ်တိုင် ရနိုင်တဲ့ အခွင့်အရေး တစ်ခုဆိုတာ နားလည်ပါ။ အဲဒီတော့ သိဒ္ဓိ ရရာရကြောင်း နည်းလမ်းတွေ ဘယ်လိုရှိသလဲလို့ တပည့်အပေါင်း သိချင်တယ် အဲဒါကြောင့်မို့လို့ ဒီနေရာကနေ ရှင်းပြမှာပါ။

သိဒ္ဓိဆိုတဲ့ အရာဟာ ကိုယ်တိုင်လုပ်ယူရမယ်။ဘယ်နားမှာ လုပ်ယုရမှာလဲ။ သဒ္ဓိအလုပ်က ဘာအလုပ်လဲ။ ရုပ်အလုပ်လား၊ စိတ်အလုပ်လားလို့ မေးရင် စိတ်အလုပ်လို့ နားလည် ကြမှာပါပဲ။ ကဲ.... စိတ်လို့ ဆိုလိုက်တာနဲ့ ကိုယ့်ရဲ့ ဆံဖြားကနေ ခြေဖျားအထိ အသာလေး မျက်စိမှိတ်ပြီး ကြည့်လိုက်စမ်းပါ။ စိတ်ဆိုတာ ဘယ်နားရှိလဲ ရှာလို့ မရဘူး။ လုံးဝ ရှာလို့ ရမှာ မဟုတ်ပါဘူး။ သဘောနဲ့သာ သိနိုင်တာပါ။ သိတယ်ဆိုတဲ့ သဘောလေးကိုပဲ စိတ်လို့ ပြောတာ။ အဲဒီတော့ ထင်ရှားသလားဆိုတော့ စိတ်ဟာ ထင်ရှားတဲ့ အရာမဟုတ်ပြန်ဘူး။

ဒါပေမယ့် အလုပ်လုပ်ရမှာလည်း စိတ်နဲ့ လုပ်ရမယ်။ စိတ်ဆိုတာလည်း သိတဲ့ သဘောလေးပဲဆိုတော့ ခက်နေ တာပေါ့။ အဲဒိတော့ သိဒ္ဓိဓာတ်ရဲ့ တည်နေရာကို ပြောတဲ့အခါမှာ အဲဒိစိတ်ဆိုတဲ့ စကားလုံးမပါရင် မရဘူး။ အဲဒိ တော့ ဘယ်လိုရှာမလဲ...။

ပထမဦးဆုံး သိရမှာက အာရုံ။ အာရုံဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အမြင်အာရုံ။ နားနဲ့ ကြားရတဲ့ အကြား အာရုံ ။ နှခေါင်းနဲ့ နံသိတဲ့ အာရုံ ၊ လျှာနဲ့ အရသာခံတဲ့ အာရုံ ၊ အသွေး အသား အထိအတွေ့နဲ့သာ သိရတဲ့ အာရုံ ၊ စိတ်နဲ့သာ ကြံဆပြီး သိရတဲ့ အာရုံ၊ စိတ်အာရုံ ခြောက်ခုရှိတယ်။ ဒါ ဘာသာရေး စာပေ ကျမ်းဂန်တွေမှာလည်း ပဲ ဒီအာရုံ ခြောက်ပါးကို မကြာခဏတွေ့မှာပါ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စကားပြောတဲ့ အခါမှာလည်း ဒီအာရုံခြောက်ပါးဟာ မကြာခဏ ကြားနေရတာဆိုတော့ ရင်းနှီးနေမှာပါ။ ဒါပေမယ့် အခုပြောမယ့် အကြောင်း အရာက ဘာသာရေး အကြောင်း မဟုတ်ပါဘူး။ လောကီစိတ်ပညာ အကြောင်းသက်သက်ပါ။

အဲဒီတော့ အဲဒီအာရုံဟာ မျက်စိနဲ့ မြင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အမြင်ချင်း မတူဘူး။ တစ်ယောက်က ဒီအရာကို နှစ်သက်တယ်။ တစ်ယောက်က ဒီအရာကို မနှစ်သက်ဘူး။ နားနဲ့ကြားတဲ့ အသံတစ်ခုကိုလည်း တစ်ယောက်က နှစ်သက်တယ်။ နောက်တစ်ယောက်က မနှစ်သက်ဘူး။ တစ်ခါ နှခေါင်းနဲ့ သိတဲ့အနံ့ကိုလည်း ကြိုက်တယ် မကြိုက်ဘူး။ နှစ်သက်တယ် မနှစ်သက်ဘူး။ အဲဒီလို တစ်စုံဖြစ်နေမှာပေါ့။ ဥပမာ ဒူးရင်းသီး ဆိုရင် တချို့က ဒီအနံ့ကို သိပ်ကြိုက်တယ် ၊ တစ်ချို့က ဒီအနံ့ကို ခံလို့ကို မရဘူး။ အနံ့ကတော့ တစ်မျိုးတည်းပဲ။

အဲဒီမှာ အာရုံပြုတာနဲ့ ဆက်ပြီလာတာ ကြိုက်မကြိုက်။ အဲဒီ ကြိုက်မကြိုက်ဆိုတဲ့ စကားကို တခြားစကားနဲ့ ပြောမယ်ဆိုရင် ခံစားမှု့ပဲ။ ကြိုက်တယ် နှစ်သက်တယ်ဆိုတဲ့ ခံစားမှု့ မကြိုက်ဘူး မနှစ်သက်ဘူးဆိုတဲ့ ခံစားမှု့ ။ အဲဒီ ခံစားမှု့ကို ပါဠိစာလုံးတစ်လုံး သုံးထားတယ်။ ဝေဒနာတဲ့။ အဲဒီ ဝေဒနာရယ်လို့ ဖြစ်လာရင်တော့ ထင်ရှားလာတယ်။ အဲဒီ ဝေဒနာဆိုတာကို တခြားစကားလုံးနဲ့ ပြောမယ်ဆိုရင် သူဟာ စိတ်ရဲ့ ကိုယ်စာလှယ် တစ်ခုပဲ။ စိတ်ရှိ ခံစားချက်တစ်ခုပဲ။ အဲဒီတော့ သိဒ္ဓိဓာတ်တည်တာ ဘယ်နားမှာ တည်လဲဆိုရင်အဲဒီ ဝေဒနာမှာ တည်ပါတယ်။ အဲဒီတော့ ဝေဒနာနားမှာ အလုပ်လုပ်ရမှာပဲ။ အဲဒီ ဝေဒနာမှာ အလုပ်လုပ်ရမယ်ဆိုတော့ ဘာအလုပ်ွေ လုပ်ရမှာလဲတဲ့။
------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝချင်သူများအတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၂)

အမူအရာသုံးမျိုး. . . ။ စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ်အမူအရာပဲ။ ကာယကံ၊ ၀စီကံ၊ မနောကံရယ်လို့ ကြားဖူးပြီးသားပါပဲ။ အဲဒီတော့ ဒီမှာ တော့ အတည်ပြောမယ်ဆိုရင် စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ်အမူအရာ၊ စိတ်နဲ့ ကြံဆတယ်၊ နှုတ်အမူအရာဆိုတာ စကားပဲ။ ကိုယ်အမူအရာဆိုတော့ ကိုယ်တိုင်လှုပ်ရှား တာပဲ။ ကိုယ်ကာယကြီးပါပါပြီး လှုပ်ရှားတာပဲ။ အဲဒီတော့ ခုနတုန်းက ဝေဒနာဆိုတဲ့ နေရာလေးနားမှာ ဘာလုပ်ရမလဲဆိုတော့ အလုပ်လုပ်ရမယ်။ အလုပ် လုပ်ရမယ်ဆိုတာ အမူအရာသုံးပါးကို အလုပ်လုပ်ရမယ်။ အဲဒီတော့ အမူအရာသုံးပါးနဲ့ အလုပ်လုပ်ရမယ် ဆိုတာ ရှင်းပါတယ်။ ပထမဦးဆုံး လုပ်ရမယ့်အမူအရာက စိတ်အမူအရာပဲ။

ဥပမာနဲ့ပြောမယ်ဆိုရင် လူတစ်ယောက်ဟာ အခြေအနေမကောင်းဘူး၊ ငွေရေးကြေးရေး အခြေအနေ မကောင်းဘူး၊ အခုလက်ရှိ အခြေနေမှာ ….။ ဒါပေမယ့် သူ အမင်မတန် ကြီးမားတဲ့ တိုက်အိမ်ကြီးတစ်အိမ်နဲ့ နေချင်တယ်။ အဲဒါကို သိဒ္ဓိနဲ့ ဘယ်လိုလုပ်မှာလဲ။ သိဒ္ဓိတန်ခိုးနဲ့ သိဒ္ဓိကျင့်စဉ်နဲ့ ဘယ်လိုလုပ်မှာလဲ။ တိုက်အိမ်ကြီးနဲ့ နေချင်တယ်။ အဲ . . . ပထမဦးဆုံး သူ့အမူအရာဟာ ဘာလဲဆိုရင် စိတ်အမူအရာ . . . ။ ဘယ်လို တိုက်အိမ်ကြီးမျိုးနဲ့ နေမယ်၊ ဘယ်လောက်ကျယ်တဲ့ တိုက်အိမ်ကြီး၊ ဘယ်လောက်တန်တဲ့ တိုက်အိမ်ကြီး၊ ဘယ်လောက်လှတဲ့ တိုက်အိမ်ကြီး၊ အဲဒါကို စိတ်နဲ့ ဖန်ဆင်းရမယ်။ စိတ်နဲ့အာရုံပြုရမယ်။ အာရုံပြုတယ် ဆိုတဲ့နေရာမှာ ခဏပန်းမရဘူး။
စားခြင်း၊ သွားခြင်း၊ လာခြင်းတွေထဲမှာပါ အဲဒီအာရုံ မပြတ်ဖြစ်နေရမယ်။ အဲဒါကို ကျင့်စဉ်တစ်ခု လိုပြော မယ်ဆိုရင် စိတ်အာရုံမှာ အပြည့်အ၀ နေခြင်းလို့ခေါ်တယ်။ အပြည့်အ၀နေခြင်း . . . ။ တိုက်ကြီးနဲ့နေမယ်။ ဘယ်လို တိုက်ကြီးနဲ့ နေမယ်။ ဘယ်လောက်လှတဲ့ တိုက်ကြီးနဲ့ နေမယ်။ စိတ်အာရုံ ဖန်ဆင်းထားတယ်။

နောက် နှုတ်အာရုံ နှုတ်အမူအရာ၊ နှုတ်အမူအရာဆိုတာ စကားပဲ။ ပါးစပ်ကနေထွက်လာပြီး အသံထွက်ပြောရမယ်။ တိုးတိုးညင်ညင်ကလေး၊ အကျယ်ကြီးလည်း မဟုတ်ဘူး။ တိုးတိုးပြောမှ စိတ်က ကြား ရတယ်။ “ ငါ တိုက်နဲ့နေမယ်၊ ဘယ်လောက်လှတဲ့ တိုက်ကြီးနဲ့နေမယ်၊ ဘယ်တော့နေရမှာလဲ. . . ၊ မနေလို့မဖြစ်ဘူး၊ ဒီတိုက်ဟာ ငါပိုင် ကိုယ်ပိုင်ရမယ်၊ ရကိုရမယ် . . . ” လို့ စကားနဲ့ စေ့ဆော်ရမယ်။ အဲဒါ နှုတ်အမူအရာနဲ့ အပြည့်အ၀ နေထိုင်ခြင်းပဲ။

ကိုယ်အမူအရာ ကိုဆိုတော့ အပြင်ပန်း အနေနဲ့တော့ အဲဒီတိုက်အိမ်ကြီး ရရာရကြောင်း စီးပွားရှာရမှာပေါ့။ ဒါပေမယ့် သိဒ္ဓိကျင့်စဉ်မှာ ဒီလိုရှာစရာမလိုဘူး။ အေးအေးဆေးဆေး နေထိုင်ပြီးတော့ စိတ်ကလည်း ကိုယ်လိုချင်တဲ့ တိုက်အိမ်ကြီးကို အာရုံပြုထားမယ်။ နှုတ်ကလည်း အဲဒီတိုက်အိမ်ကြီး ရရာရကြောင်းတွေ၊ အတည်ပြုတဲ့ စကားတွေ၊ ပြဋ္ဌာန်းတဲ့ စကားတွေ ကိုယ်ကြိုက်သလို စီမံပါ။ ပြောရမှာ။ ကိုယ်ကာယ ငြိမ်ငြိမ်ကလေး ထိုင်နေပေမဲ့ ဘယ်ဘက်လက်ဖြစ်စေ၊ ညာဘက်လက်ဖြစ်စေ သို့မဟုတ် လက်နှစ်ဖက် စလုံးဖြစ်စေ မြှောက်ရမ်းပြီး . ၊ မြှောက်ရမ်းတယ်ဆိုတာ အရမ်းကရော လှုပ်ရမ်းတာမျိုးမဟုတ်ဘူး။ အင်မတန် စကားအပြောကောင်းတဲ့ လူတစ်ယောက် စင်မြင့်ပေါ်မှာ စကားပြောတဲ့အခါ ကိုယ်အမူအရာနဲ့ တစ်ခါတည်း လက်တွေ၊ လက်ဟန်ခြေဟန်တွေပါပြီး ပြောနေသလိုပဲ။ ကိုယ်တစ်ယောက်တည်း လက်တွေမြှောက်လိုက်၊ တစ်ခါတည်း ဟန်နဲ့ပန်နဲ့လှုပ်ရမ်းပြီးတော့ . . .ဒါ ကာယကံမှုနဲ့နေခြင်းပါပဲ။

တိုက်အိမ်ကြီးကို ငါ မုချရမယ်။ မရဘဲ မနေဘူး။ ဒီအိမ်ကြီးကို ငါပိုင်ရမယ်။ ကိုယ်ပြောချင်တဲ့စကားတွေ စီမံထားပါ။ ဒါကို စိတ်ပညာ စာအုပ်တွေလို ဘယ်လိုပြောပါ။ ဘယ်အတိုင်းပြောပါ။ ဒီလို ကြပ်ကြပ်တည်းတည်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ထင်သလို ပြောခွင့်ရှိပါတယ်။

အဲဒါ အခု ဘာလုပ်နေတာလဲဆိုတော့ အာရုံထဲကနေပြီးတော့ ဝေဒနာ ထအောင် လုပ်နေတာ။ ဝေဒနာထလာပြီးတဲ့ အခါမှာ ဘာလုပ်ရမလဲ။ မနောကံမှု၌ အပြည့်အ၀နေတာ။ မနောကံမှုဆိုတာ စိတ်အမှုအရာမှာ အပြည့်အ၀နေတာ။ စကားတွေ ပေါ်ထလာတာ။ အဲဒီတိုက်အိမ်ကြီးနဲ့ နေချင်တဲ့စကားတွေ ပေါ်ထလာတာ။ အဲဒါလည်း ဘာလဲဆို စိတ်အမူအရာနဲ့ အပြည့်အ၀နေတာ။ ၀စီကံမှု၌နေတာ။ ကာယကံမှုကလည်း ဘာလဲ၊ လက်တွေမြှောက်ပြီးတော့ တစ်ခါတည်း ရရာရကြောင်း အားနဲ့မာန်နဲ့ တစ်ယောက်တည်း ပြောနေတာ။

ဘေးကကြည့်ရင်တော့ အရူးကြီး တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် မဖြစ်မြောက်ခင်မှာ အရူးပဲ။ ဖြစ်မြောက်သွားတော့ ထူးတာပေါ့ဗျာ။ အဲဒါ ကာယကံမှု၌ နေတာ . . .။ ကာယကံမှုမှာလည်း နေရမယ်။ အခုနကလို ကံသုံးပါးပြည့်စုံအောင် စိတ်နဲ့လည်း ကြံမယ်၊ စကားနဲ့လည်း ပြောမယ်၊ လက်တွေကလည်း မြှောက်ယမ်းပြီးတော့ တစ်ခါတည်း စိတ်ပါလက်ပါ ဝေဒနာကို ထအောင်လုပ်ရမယ်။ အဲဒီဝေဒနာရဲ့နောက်မှာ စောစောက ပြောခဲ့တဲ့ ကြိုက်မကြိုက်ဆိုတာ။ ကြိုက်တဲ့အရာကို လိုချင်တယ်။ မကြိုက်တဲ့အရာကို မောင်းထုတ်လိုတယ်။ အဲဒီ လိုချင်တာရယ်၊ မောင်းထုတ်လိုတာရယ် နှစ်ခုဟာ ဆန္ဒလို့ခေါ်တယ်။ အဲဒီဆန္ဒကို ဆေးဖော်မယ်။ အဲဒီဆန္ဒကို ဆေးဖော်နေတာပဲ။

အဲဒီတော့ ဆန္ဒကို ဆေးဖော်လို့ရှိရင် ဆန္ဒဟာ တကယ်အဖိုးတန်တဲ့ သိဒ္ဓိဆေးကြီး ဖြစ်သွားမှာပါပဲ။ အဲဒီတော့ ဆန္ဒကို ဆေးဖော်မယ်။ အဲဒီလို ဆေးကြီးဖြစ်သွားဖို့က သူက ဘယ်က အရင်းခံလဲဆိုတော့ စောစောကပြောတဲ့ ဝေဒနာက အရင်းခံတာ။ အခုပြမယ့် တန်ခိုးသိဒ္ဓိဆိုတာ အခြေခံ ဘယ်က မွေးဖွားလာတာလဲ ဆိုတော့ ဝေဒနာ မွေးဖွားလာတာ။ အဲဒါကြောင့်မို့လို့ စိတ်တန်ခိုးတို့ သိဒ္ဓိတန်ခိုးတို့ . . . ပြောလို့လည်း ရပါတယ်။ တကယ် မလိမ်မညာဘဲ ပြောမယ်ဆိုရင် ရမယ့် တန်ခိုးဟာ ဝေဒနာတန်ခိုးဖြစ်ပါတယ်။

ဝေဒနာတန်ခိုး . . . အဲဒီဝေဒနာ နောက်နားမှာ ကပ်ပြီးတော့ ကြိုက်မကြိုက်၊ မောင်းထုတ်လိုတယ်၊ ရယူလိုတယ်။ အဲဒါ ဆန္ဒ....။ အဲဒီဆန္ဒဓာတ်ကို ဖော်စပ်တာ။ ဆန္ဒဓာတ်ဆေးကြီးပေါ့။ ဘယ်သူ ဖော်ရမှာလဲဆိုတော့ ကိုယ်တိုင်ဖော်ရမှာ။ ဘယ်လောက်ကြာကြာ ဖော်ရမှာလဲလို့ဆိုတော့ တစ်ခါထိုင်မှ ဆယ်မိနစ်ထက် မပိုရဘူး။ ငါးမိနစ်ထက်လည်း မနည်းရဘူး။ ဟာ . . . ဒီလောက်ကောင်းတဲ့ အလုပ်ကို ဆယ်မိနစ်နဲ့ မရပါဘူး။ တစ်နာရီလုပ်မှ ဖြစ်မယ်လို့ဆိုပြီး ကောင်းမလားဆိုပြီး ပိုမလုပ်ပါနဲ့။ ဒါ အထူးမေတ္တာ ရပ်ခံပါတယ်.....။ တပည့်အပေါင်းတို့။ သူ့ထက် အလုပ်တွေဟာ ဘ၀တစ်လျှောက်လုံး မှားခဲ့ပြီ။

အားနဲ့လုပ်တဲ့ အလုပ်တွေဟာ မှားခဲ့ပါပြီ။ အဲဒီတော့ ဆယ်မိနစ်လောက်ပဲ လုပ်ပါ။ ဒါပေမဲ့ ဒီအလုပ်ကို ပျင်းရိလို့တော့ မရဘူး။ အဲဒီလုပ်နေတဲ့ အလုပ်ကို ပျော်မွေ့ဖို့ပဲ စဉ်းစားပါ။ ပျင်းတာနဲ့ ပျော်တာဟာ အခြားအရာ မဟုတ်ဘူးနော် ၊ ခံယူမှုပေါ်မှာပါ ။ ဒါကြီးက ပျင်းစရာကောင်းလိုက်တာလို့ ခံယူ စရာ အကြောင်းပေါ်လာရင် ပျင်းသွားတာ။ ပျင်းစရာမကောင်းဘူး ဒါကြီးက မွေ့လျော်စရာ ကောင်းတယ်လို့ ခံယူလိုက်ရင် မွေ့လျော်သွားတာပဲ ။ ဒါပေမဲ့ သိထားဖို့က ဒါဟာ လောကီစိတ်ပညာ ကျင့်စဉ်တစ်ခုပဲ။ ဘာသာရေးကိစ္စ မဟုတ်ပါဘူး။

အဲဒီတော့ ဒီအလုပ်ကို စိတ်အလုပ် ။ ကာယကံ၊ ၀စီကံ၊ မနောကံ အမူအရာသုံးမျိုးမှာ အပြည့် အ၀ နေပြီးတော့ ဆန္ဒဓာတ်ဆေးကြီး၊ ဒါမှမဟုတ် ဝေဒနာတန်ခိုးကို ရှာမယ်ဆိုရင် အဲဒီလုပ်ငန်းကို ပျော်မွေ့နေဖို့ မိမိ စိတ်နှလုံးမှာ ခံယူထားပါ။ ခံယူမှုပဲ ၊ ကွန်ဆက်နဲ့ပဲ ပတ်သက်တယ် ။ တကယ်ပျင်းတာ ပျော်တာဆိုတာ မရှိပါဘူး။

အဲလိုလုပ်ရင်းနဲ့ ဒါဟာရမှာ ၊သိပ်မကြာသော ကာလမှာရမှာ ။ ရက်ပေါင်းခြောက်ဆယ် အတွင်းမှာရမှာပေါ့။ တကယ်ပြောမယ်ဆိုရင် ၊ အတိအကျ ပြောမယ်ဆိုရင် ဟောဒီဥစ္စာ ၊ အဲဒီလုပ်နည်းဟာ တစ်လအတွင်းမှာ သိဒ္ဓိနိုးပါတယ်။ ဆန္ဒဓာတ်တွေ၊ ဆန္ဒဓာတ် ဆေးတွေ တန်ခိုးပြပါတယ်။ အဲဒီတော့ တစ်လလောက် လုပ်စမ်း ကြည့်မယ်ဆိုရင် ထူးခြားသွားပါပြီ၊ အဲဒီတော့ ရှည်ရှည်ဝေးဝေးလေး ပြောမယ်ဆိုရင် ရက်ကိုးဆယ်ဆိုရင် သူဟာ မလွဲမသွေ ဖြစ်တယ်လို့ဆိုပါတယ်။ တန်းလည်း သိပါတယ် ။

အဲဒီတော့ ဘာတွေ မျှော်လင့်ထားရမလဲဆို အခုလို ငါလုပ်လိုက်တာဟာ တကယ့်ကို တိုက်အိမ်ကြီးနဲ့ နေရမှာပါလား။ ဘာမှလည်း မဟုတ်ဘဲနဲ့ ဒါလေးလုပ်တာနဲ့ တိုက်အိမ်ကြီးနဲ့နေရမှာ မဖြစ်နိုင်ပါဘူးလို့ မတွေးနဲ့ ။ မဖြစ်နိုင်ဘူးဆိုတဲ့ အရာ မရှိဘူး ။ အကျအန နည်းစနစ်နဲ့လုပ်ရင် ဖြစ်နိုင်ပါတယ်။ ဒါ နမူနာ တိုက်အိမ်ကြီး ပြောတာပါ ။ တိုက်အိမ်ကြီးထက် ကြီးတာလည်း ရနိုင်ပါတယ် ။ တိုက်အိမ်ကြီးထက် မွန်မြတ်တာတွေလည်း ရနိုင်ပါတယ် ။

မြင်လွယ် ထင်လွယ်အောင် တိုက်အိမ်ကြီးနဲ့ နေရမှာပဲလို့ ပြောတဲ့အခါ တိုက်အိမ်ကြီးနဲ့နေနေတဲ့သူဟာ ဘာဆက်လုပ် ရမှန်းမသိဘဲ ဖြစ်နေမယ် ။ ဒါဟာ နမူနာပြောပြတာ ။ အဲဒီတော့ မျှော်လင့်ချက် ထားရမယ်။ တကယ်ရမှာ ၊ ကိုယ် လိုချင်တဲ့အရာကို ဒီနည်းစနစ်နဲ့လုပ်ရင် ဒီဝေဒနာတန်ခိုးဟာ ကျိန်းသေရမှာ။ ဝေဒနာတန်ခိုးဆိုတာ သိဒ္ဓိတန်ခိုးပဲ ။ကျိန်းသေရမှာဆိုတာ မျှော်လင့်ရမယ် ။

အဲဒီတော့ မျှော်လင့်ခြင်းဆိုတာ ( Hope ) ဟုပ်ပေါ့ ။ မျှော်လင့်ခြင်းဟာ ဘယ်သူ့ကို ခိုင်းသလဲဆိုရင် ၀ီရိယ ကိုခိုင်းတယ်။ ၀ီရိယဆိုတဲ့ ကောင်ဟာ ဘာကောင်မှမဟုတ်ဘူး။ မျှော်လင့်ခြင်းရဲ့ တပည့် ကျေးကျွန် မျှသာဖြစ်တယ် ။ ဒီလူ ၀ီရိယ ကောင်းလိုက်တာဆိုတာ သူ့ဘ၀မှာ မျှော်လင့်ချက်ရှိလို့ပေါ့ ။ ဒီလူ ပျင်းလိုက်တာ ၀ီရိယ မကောင်းဘူးဆို သူ့ဘ၀မှာ မျှော်လင့်ထားတာ မရှိလို့ ပေါ့ ။

ဒီအလုပ်မှာ အသက်ဟာ မျှော်လင့်ခြင်းပါပဲ။ ပျင်းတာ၊ ၀ီရိယကောင်းတာ ဒဲဒီလူနှစ်ယောက်ဟာ မျှော်လင့်ခြင်းရဲ့ အခြေခံပေါ်မှာပဲ။ ၀ိရိယဟာ မျှော်လင့်ခြင်းရဲ့ ကျေးကျွန်။ မျှော်လင့်ခြင်းဟာ ၀ီရိယရဲ့ အရှင်သခင်ဖြစ်တဲ့ အတွက် ဒီမှာ အထူး တိုက်တွန်းလိုတာကတော့ သင်တို့၏ အကျိုးကိုလိုလားတဲ့ ဆရာ အနေနဲ့ ပြောချင်တာကတော့ မျှော်လင့်ခြင်းဟာ တန်ခိုးသိဒ္ဓိရဲ့ သော့ချက်ဖြစ်ပါတယ်။ တန်ခိုးသိဒ္ဓိရဲ့ တည်နေရာဟာ ဝေဒနာဖြစ်ပါတယ်လို့ ပြောရင်းနဲ့ တန်ခိုးသိဒ္ဓိ တည်နေရာ အခန်းကဏ္ဍကို ခဏ ရပ်ကြရအောင် . . . ။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း
------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၃)
သိဒ္ဓိဓာတ်စွမ်းရည်
အခုပြေမယ့်အကြောင်းအရာဟာ သိဒ္ဓိဓာတ်ရဲ့ စွမ်းရည်သတ္တိကို ပြောမှာဖြစ်ပါတယ်။ သိဒ္ဓိဓာတ်ရဲ့စွမ်းရည် သတ္တိကို ဘယ်လို နားလည်ရမလဲလို့ဆို. . . ။ တစ်ခါတလေ လူတွေအများစု စုထိုင်နေတယ်။ တစ်ယောက်က မောင်ဖြူရဲ့ အကြောင်းကို စိတ်ကူးနေတယ်။ မောင်ဖြူလာရင် ကောင်းမှာ ပဲလို့ တစ်ယောက်က စိတ်ကူးနေတယ်။ အဲဒီအချိန်မှာ သူက ဘာမပြော ညာမပြောနဲ့ မောင်ဖြူလာရင် ကောင်းမှာပဲလို့ ထပြောတယ်။

အခြား တစ်ယောက်ကလည်း အဲဒီစိတ်ကူးမျိုးပဲ ပေါ်နေတယ်။ မောင်ဖြူလာရင် ကောင်းမှာပဲလို့ ထပြောတယ်။ အခြားတစ်ယောက်လည်း အဲဒီစိတ်ကူးမျိုး ပေါ်နေတယ်။ မောင်ဖြူလာရင်ကောင်းမှာဘဲလို့ သူကလည်း စိတ်ကူးပေါ်နေတော့ နှစ်ယောက်ရဲ့စကားဟာ “မောင်ဖြူ” ဆိုပြီးတော့ အသံ ပြိုင်တူဖြစ်သွားတဲ့ အဖြစ်အပျက်မျိုး ပြီးတော့မှ ကျုပ်လည်း ဒါပြောမလို့၊ ဟိုကတစ်ယောက် ကလည်း ခင်ဗျားပြောလို့ ကျုပ်ကလည်း ဒါပြောမလို့ မောင်ဖြူကို စိတ်ရောက်နေတယ်။ အဲဒါ နှစ်ယောက်စလုံး ပြိုင်တူဘာကြောင့် စိတ်ရောက်နေသလဲဆို တစ်ယောက်က မောင်ဖြူကို အလိုရှိတဲ့ ဝေဒနာပေါ် နေတယ်။ အဲဒီဝေဒနာဟာ အခြား တစ်ယောက်ကို ကူးသွားတယ်။ ဝေဒနာကူးလျှောက် တယ် ။

ဝေဒနာဟာ လျှပ်စစ်ဓာတ်များ လိုက်သလို တစ်ယောက်ကို လှမ်းပြီးတော့ လိုက်တယ်။ ဒါကြောင့်မို့လို့ ပြိုင်တူဖြစ်တယ်။ နောက်ဥပမာ တစ်ခုကတော့ တစ်ယောက်က ရှောက်သီးကို မဲ့ရွဲ့ပြီးတော့ စားနေတယ်။ သူ့ကိုကြည့်နေတဲ့ လူက သွားရေတွေ ကျလာတယ်။ အဲဒါ ဘာဖြစ်လဲဆိုတော့ အခုနက ချဉ်တဲ့ အရသာကို ခံစားတဲ့ ဝေဒနာကို မြိန်မြိန်ယှက်ယှက် ခံစားနေတဲ့ အခါမှာ တစ်ဘက်လူ ကလည်းပဲ အဲဒီလို ခံစားလို စိတ်တွေ ပေါ်လာနေတယ်။ သွားရေတွေ ကျလာတယ်။ ဒါကို ဘာပြောချင်တာလဲ ဆိုတော့ ဝေဒနာဟာ ကိုယ့်မှာ ဖြစ်ပေါ်ရုံတင် မကဘူး။ သူဟာ လျှပ်စစ်ဓာတ်စီးသလို စီးသွားနိုင်တယ်။ ဖြတ်သန်း သွားနိုင်တယ်။ ကူးလျှောက်သွားနိုင်တယ်လို့ နားလည် စေချင်ပါတယ်။

အဲဒါမှလည်းပဲ တန်ခိုးသိဒ္ဓိက ဝေဒနာမှာ တည်တယ်ဆိုတော့ တန်းခိုးသိဒ္ဓိဟာ လည်းကူးလျှောက် သွားနိုင်ပါတယ်လို့ ပြောရမှာပါပဲ။ အဲဒီတော့ ကူးလျှောက် သွားနိုင်တယ်ဆိုရင် အဲဒီ တန်ခိုးသိဒ္ဓိကို အရင်းခံပြီး၊ ဝေဒနာကို အရင်းခံပြီး တစ်ဦးမ တစ်ဦးဆီကို ပို့လွှတ်နိုင်တယ်။ ဒါ လက်ခံစရာ အကြောင်းရှိပါတယ်။ အဲဒီတော့ ဝေဒနာနားမှာ ကြိုက်မကြိုက်၊ လိုချင်တယ် တောင်းထုတ်ချင်တယ် ဆိုတဲ့ အရာနှစ်ခုကို ဆန္ဒကို သူတစ်ပါးဆီကို ပို့လွှတ်နိုင်တယ် ဆိုတာ ဒီဥပမာနဲ့ ယူဆနိုင်ပါတယ်။

ဥပမာ - မောင်ဖြူက ကိုယ့်ဆီက ငွေချေးထားတယ်။ ကိုယ်ကလည်း သွားတောင်းရမှာ ခက်နေတယ်။ ဒါပေမဲ့ ကိုယ့် ဆန္ဒက အဲဒီငွေ မောင်ဖြူလာပေးတာကို အလိုရှိနေတယ်။ အဲဒီတော့ မောင်ဖြူကို အာရုံပြုပြီးတော့ ဝေဒနာ ပို့လွှတ်ရ မယ်။ သို့မဟုတ်ရင် သိဒ္ဓိလွှတ်လိုက်ရမယ်။ သို့မဟုတ်ရင် ဆန္ဒ ပို့လွှတ်လိုက်ရမယ်။ ပို့လွှတ်လို့ ရပါတယ်။ တစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီးတော့ လင်းတဲ့အရာလေး တစ်ခုကို ကြည့်ရတယ်။ ဖယောင်းတိုင်ဖြစ်စေ၊ မီးလုံး သိပ်မလင်းတဲ့ မီးလုံးကလေးကို ဖြစ်စေ၊

မီးလုံး သိပ်စူးမယ်ဆိုရင်လည်း ရှေ့မှိန်တဲ့ အရာဝတ္တု ကလေးကွယ်ပြီးတော့ မှန်လေးကွယ်ပြီးတော့ မျက်စိခံနိုင်လောက်တဲ့ လင်းလောက်တဲ့ အရာလေးကို အာရုံပြုပြီးတော့ မျက်စိထဲမှာ အာရုံစွဲလာပြီဆိုရင် မျက်စိကို မှိတ်လိုက်ပြီးတော့ အခုနက ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒကို ကျကျနန အာရုံပြုပြီးတော့ ကိုယ်ပို့ ချင်တာ မောင်ဖြူဆီကို၊ မောင်ဖြူဆီကို ရောက်ပြီလို့ မောင်ဖြူက ပိုက်ဆံတွေလာပေးနေပြီ၊ ငါရစရာရှိတဲ့ငွေတွေ ပေးချင်စိတ်ပေါ်လာပြီ။ သူ့မှာလည်း ငါ့မှာရှိတဲ့ ဝေဒနာမျိုး ပေါ်ပြီဆိုပြီးတော့ တစ်ဖက်ကို ဝေဒနာ ကူးလျှောက်ခိုင်းတယ်။ ဝေဒနာတွေ ထစေတယ်။

အဲဒါ ဘယ်လောက် လုပ်ရမလဲဆို ဆယ်မိနစ်က အများဆုံးပါပဲ။ နောက်ပိုင်းမှာ အခက်အခဲရှိလို့ ဒါပေမယ့် အဲဒါ စိတ်ဓါတ်မကျပါနဲ့ မျှော်လင့်ချက်ကို အရင်းခံပြီး တော့ ၀ီရိယလေး နည်းနည်းထည့်ပြီးတော့ တနင်္ဂနွေ သုံးပတ် လောက် လေ့ကျင့်ရင် အတော်ထူးထူးခြားခြား ပို့နိုင်မှာဖြစ်ပါ တယ်။ လနဲ့နှစ်နဲချီပြီး လေ့ကျင့်ထားတဲ့ သူအဖို့ ဆိုရင်တော့ အခုချက်ချင်း ထလုပ်၊ အခုချက်ချင်း ဟိုမှာဝေဒနာ ပေါ်ပါ တယ်။ လူတွေဘာတွေ သူလိုချင်တဲ့လူကို လှမ်းခေါ်လို့ တောင်ရပါတယ်။ ဒါတွေဟာ သိပ်ထူးဆန်းတဲ့ အရာတွေ မဟုတ်ပါဘူး။ လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ လုပ်စမ်း ကြည့်ပါ။

လောကီစိတ်ပညာကျင့်စဉ်သက်သက်ပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အဲဒီတော့ သိဒ္ဓိရဲ့စွမ်းရည်သတ္တိကို ပြောတဲ့အခါမှာ သူ့ရဲ့ထူးခြားတဲ့ စွမ်းရည်သတ္တိဟာ ကူးလျှောက်တယ်။ ဖြတ်သန်းသွားတယ်။ ကိုယ်လိုချင်တဲ့ နေရာကို ပို့လွှတ်လို့ရတယ်။ သိဒ္ဓိဆိုတဲ့ စကားဟာ ဝေဒနာဆိုတဲ့ စကားနဲ့ တွဲစပ်ပြီး နားလည် ပါ။ ဝေဒနာဆိုတဲ့ စကားကို ဆန္ဒဆိုတဲ့ စကားနဲ့ တွဲစပ်ပြီး နားလည်ပေးပါ။

ဆန္ဒဓာတ်တွေ၊ ဝေဒနာဓာတ်တွေ၊ သိဒ္ဓိ ဓာတ်တွေကို ပို့လွှတ်နိုင်ပါတယ်။ ပို့လွှတ်တဲ့နေရာမှာ ဟန်အမူအရာ သုံးပါး တစ်ပြိုင်နက်တည်း ပါဖို့ လိုပါတယ်။ မျက်စိမှိတ်ပြီးတော့ စိတ်နဲ့အာရုံပြု ပြီးတော့ ပို့ပါ။ ပါးစပ်ကလည်းပဲ ထည့်ပြီးတော့ပြောမယ်။ “မောင်ဖြူ . . . ခင်ဗျား ကျုပ်ကို ပေးရမယ့်ငွေတွေ လာပေးစေချင်စိတ် ပေါ်တော့လေ . . . ပေါ်တော့လေ၊ ကျုပ် မှာ အသုံးလိုနေပြီ၊ ကျုပ်မှာ အဲဒီလို ဝေဒနာတွေ အဲဒီလိုဆန္ဒတွေ ပေါ်နေပြီ၊ ခင်ဗျားကလည်း ပေးချင်တဲ့ ဝေဒနာတွေ ပေးချင်တဲ့ ဆန္ဒတွေ ဖြစ်တော့ . . . ဖြစ်တော့၊ ဘာဖြစ်လို့ မဖြစ်ဘဲ နေရမှာလဲ၊ ဖြစ်ရမှာပေါ့” အဲဒါ တိုးတိုး ညင်ညင်ကလေး ပြောရမယ်နော်

တိုးတိုးညင်ညင်လေးမှ ဒီမှာ သိဒ္ဓိဓာတ်နဲ့ ပတ်သက်တဲ့စကား တွေ အားလုံးဟာ အကျယ်ကြီး ပြောစရာမလိုဘူး။ တခြားလူ ကိုပြောတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ပြောတာဆိုတော့ တိုးတိုးလေး ညင်ညင်ကလေး။ ဘယ်လောက် တိုးရမလဲဆိုရင် ချစ်သူနှစ်ဦး စကားပြောသလို ညင်ညင်သာသာလေးနဲ့ တိုးတိုးလေးပြောမယ်။ ပေးလေ ဆိုတာမျိုး မရဘူး။ ပေးပါ ပေးတော့လေ။ အခုပေးပါ။ အဲဒီလောက် တိုးလေ အထဲကို ၀င်သွားလေပဲ။
------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၄)


ဘယ်အထဲကိုလဲ . . . ၊ကိုယ့်ရဲ့ မနောထဲကို အဲဒီလို ဓာတ်ပြန်ကူးမယ်။ ပြီးတော့ လက်ဟန်ခြေဟန်တွေ စောစောက ရှင်းပြခဲ့သလို စောစောကအခန်းက ရှင်းပြခဲ့သလို လက်မြှောက်မယ်။ လက်ကို အပေါ်မြှောက်လိုက်၊ အောက်ကိုချလိုက် အချိန်မှန် မှန် စည်းချက်ညီညီပို့ရမယ်။ မကြာခင် ကျုပ်ဆီကို လာပို့ရမယ် ဆိုပြီးတော့ လက်ကိုမြှောက်ရမ်းမယ်။ အဲဒီလို အမူအရာ သုံးပါးဆုံရင် မနေနိုင်ပါဘူး။ အဲဒီလူဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ့ဆီသွားပြီးတော့ “ ဘယ်လိုကြောင့်မှန်း မသိပါဘူးဗျာ၊ ခင်ဗျာဆီ ပိုက်ဆံပေးရမှာမေ့နေတာ၊ ညတုန်းက အဲဒါ သတိရလို့ ၊ ချက်ချင်းလာမလို့ဟာ အချိန်မရှိတော့လို့ အခုလာပို့တာ” ဆိုပြီး လာပို့တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ရတဲ့အခါမှာ ကိုယ်ရ လိုက်တဲ့ငွေအတွက် ၀မ်းသာတာမဟုတ်ဘူးနော်။ ကိုယ်ရဲ့ ကျင့်စဉ်ဟာ အတော်ဟုတ်သွားပြီဆိုပြီးတော့ ပီတိဖြစ်စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်ဗျာ။ အဲဒီတော့ ဝေဒနာတန်ခိုးပေါ့နော် . . . ။

သိဒ္ဓိတန်ခိုးပဲပြောပြော၊ ဝေဒနာ တန်ခိုးပဲပြောပြော၊ ဆန္ဒတန်ခိုးပဲပြောပြော ဝေဒနာဟာ အရင်းခံတယ်။ အဲဒီဝေဒနာတန်ခိုးဟာ ကူးလျှောက်တတ်တယ်။ ပို့လွှတ်လို့ ရတယ်ဆိုတာ နားလည်ရမယ်။ သူ့သတ္တိက ဘာနဲ့တူသလဲဆိုတော့ မြစ်ထဲမှာ၊ ချောင်းထဲမှာ သင်္ဘောကြီး ခုတ်သွားတဲ့အခါ နောက်က ဂယက်တွေ ထပြီးတော့ လှိုင်းလုံးကြီးတွေ ထလာတယ်။ အဲဒီလှိုင်းလုံးကြီးတွေ ကမ်းခြေကို သွားနေတုန်းမှာ နောက်မှာ လှိုင်းလုံး တစ်လုံးပေါ်မှာ အကျိုးပြုနေတယ်။ ဒီလှိုင်းလုံး ကြောင့်ပဲ ရေက နောက်က ကယက်လိုက်လာတယ်။ နောက် လှိုင်းလုံးကနေ နောက်လှိုင်းလုံးကို ပစ္စည်းထပ်နဲ့ အကျိုးပြုပြီးတော့ လှိုင်းတွေ ထလာတယ်။ ဝေဒနာတွေ ဟာလည်း စလုပ်တာနည်းနည်း၊ နောက်တော့ တဖြည်းဖြည်း တဖြည်းဖြည်း ဝေဒနာတွေ ထလာပြီး တန်ခိုးတွေ တိုးပွားလာတယ်။ အဲဒါ လုပ်ကြည့်မှသိ မယ်။

သူ့သတ္တိက သိပ်ထူးတာ။ ဝေဒနာကနေ နောက်ထပ် ဝေဒနာ။ ဝေဒနာကနေ နောက်ထပ်ဝေဒနာ။ ဝေဒနာတန်ခိုး ကနေ ဝေဒနာတန်ခိုး။ ကျေးဇူးပြုပြီးတော့ ထပ်ထပ်ပြီးတော့ ထပ်ထပ်သွားတယ်။ အဲဒီတော့ မနော၊ မနောတွေ၊ စိတ်အာရုံတွေ စိတ်အာရုံ မနောတွေကနေ ဝေဒနာတွေဖြစ်တယ်။ အဲဒီ ဝေဒနာတွေဖြစ်တယ်ဆိုတာ ခံစားမှုပဲ။ အဲဒါတွေဟာ တကယ့်ကို ရုပ်သန္တန်နဲ့ရှိနေတယ်။ မျက်စိနဲ့မမြင်နိုင်သေးလို့ မမြင်ရပေမဲ့ မြင်ရတဲ့တစ်နေ့မှာ အဲဒီရုပ်သန္တန်နဲ့ မြင်ရမှာ။ ရုပ်သန္တန်နဲ့တကွတင်မဟုတ်ဘူး။ အရောင်နဲ့ တကွမြင်ရမှာ။ အကြမ်းဖျင်းအားဖြင့် အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီဝေဒနာတွေကို အကြောင်းပြပြီးတော့ ဝေဒနာတွေမှာ အရောင်တွေ ထွက်နေတယ်။

ကာလာ . . . ။
အဲဒီ ကာလာတွေဟာ သိပ်ထူးခြားတာ။ ပေါက်မြောက်ပြီးသား တိဗက်က လားမားကြီးတွေ ဘာတွေဆို ဒီအရောင်တွေကို တန်းမြင်သွားတာ။ အဲဒီတော့ အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီတော့ အရောင်တွေဟာ ဥပမာဆို့ပါစို့။ အရောင် က ဘယ်လိုတည်ရှိသလဲဆို လူရဲ့ပုံသဏ္ဌန်အတိုင်းပဲ ဘေးနားမှာ တစ်ပေလောက် ပတ်နေတယ်။ အရောင်တွေဝိုင်း ပြီးပတ်နေတယ်။ လူတစ်ယောက်ဟာ ကျကျနနတစ်ခါတည်း စိတ်နှလုံးလေးညှိုးပြီးတော့ ဘုရားကြည်ညိုနေတယ်ဆိုရင် သူ့ဘေးမှာ ညိုပြာပြာ အရောင်ကလေး ပတ်နေတာတွေ့ ရလိမ့်မယ်။ အပြာရောင်လေး။ ဒါပေမဲ့ အညိုရောင်လည်းပါတယ်။

မေတ္တာပို့ပြီးတော့ တစ်စုံတစ်ယောက်ကို တစ်ခါတည်း မေတ္တာဓာတ်တွေ ပို့နေတယ်။ ဒါမှမဟုတ် လောကဓာတ်ကြီး တစ်ခုလုံးကို မေတ္တာဓာတ်တွေ ပို့နေတယ်။ တရားတွေ လွှမ်းမိုးနေတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အလွန်ကျက် သရေရှိတဲ့ အနီရောင်လေးဟာ သူ့လူပုံသဏ္ဌန်အတိုင်း ပတ်နေတယ်။ အဲဒါ သိပ်ထူးခြားတာပဲ။ ကြင်နာသနားတဲ့ စိတ်တွေ အရမ်းပေါ်နေပြီဆိုရင် ကြည်လင်တဲ့ အစိမ်းရောင်ဖြစ်ပါတယ်။ တစ်ခါတည်း ဥာဏ်တွေကွန့်မြူးပြီးတော့ တစ်ခါတည်း ဥာဏ်တွေပွင့်နေပြီ ဆိုရင် အ၀ါရောင်တွေ ပတ်နေတယ် သီလကောင်းတဲ့လူမှာ ဆိုရင် အလင်းရောင်တစ်မျိုးပတ်နေတယ်။

ယမ်းပုံမီးကျ ဒေါသတွေ ဖောက်ခွင်းနေတယ်ဆိုရင် အနီရောင်ရဲရဲဟာ လူကိုယ်ဘေးမှာ မညီမညာ အတွန့်လှိုင်းကြီးနဲ့။ တစ်ယောက်ယောက်ကို ယုတ်မာပြီး၊ ရန်ငြိုးဖွဲ့ပြီး ဒုက္ခပေးဖို့ ကြံစည်နေတဲ့ လူတစ်ယောက်ရဲ့ ဘေးနားမှာ မည်းကျုတ် ကျုတ်အရောင်ကြီးက တစ်ခါတည်းက ကြောက်ခမန်း လိလိပေါ်နေ တယ်။ သူများကို ပေးရမှာတွန့်တိုလို့ မပေးဘဲ နေရရင် ဘယ်လို ကောင်းမလဲလို့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံရှိတဲ့လူမှာ အနီရယ်၊ အပြာရယ်၊ ညစ်ပုတ်တဲ့ အရောင်ရယ် ရောထားတာတွေ့ရတယ်။ လိမ်လည် ကောက်ကျစ်တဲ့ လူမှာတော့ ဆူးပုတ်ရောင်၊ မာနကြီးတဲ့ လူမှာလည်း ဒီသဘောပဲ၊ ကြောက်နေတဲ့ လူမှာတော့ အဖြူနဲ့ အပြာရော ထားတဲ့ ပြာနှမ်းနှမ်း အရောင် နောက် အညိုရောင်လည်းပါတယ်။

စိတ်ဓာတ်ညှိုး ငယ်နေရင်တော့ ညစ်ထေးတဲ့အရောင်၊ တဏှာရာဂတွေ သိပ်ကြီးနေရင်တော့ နီပုတ်ပုတ် အရောင်လို၊ ကာကီရောင်လို အစက် အပြောက်အရောင်၊ ဒါအကြမ်းဖျင်းအရောင်တွေ အကြောင်း ပြောပြတာ။ ဘာလို့ အရောင်တွေ အကြောင်းပြောပြတာလဲ ဆိုတော့ ဝေဒနာဟာ ထွက်ပေါ် လာပြီဆိုရင် ရုပ်သန္တန်နဲ့အတူ ကာလာတွေနဲ့ရှိနေတယ်။ နောက်ပြောရမှာကကော့ အဲဒီနည်း စပြီးတော့ လေ့ကျင့်ပြီ၊ သိဒ္ဓိတန်ခိုးကို လေ့ကျင့်ပြီ ဆိုကတည်း လူမှာ ဥပါဒါန်ဆွဲနေရမယ်။ ဒါဟာ နေ့ရော၊ ညရော ဒါရကို ရရမယ် မဖြစ်မနေကိုရမယ်။ ခုနတုန်းက ဥပမာမှာ ထင်ရှားတာပြော မယ်ဆိုရင် အဲဒါ ဥပါဒါန်တွေကပ်နေတာ။ အဲဒီတော့ ဥပါဒါန် ကပ်နေတယ်ဆိုတော့ အခြားစိတ်တွေ မဖြစ်ပေါ်နိုင်ဘူးလား အခြားစိတ်တွေ ဖြစ်ပေါ်နိုင်တာပေါ့။

ကိုယ်လိုချင်တဲ့အရာကို အာရုံညွတ်နေရင်းနဲ့ပဲ လူဆိုတော့ လူမှုကိစ္စတွေ အများကြီးပဲ။ စိတ်ညစ်စရာရှိမယ်။ ဒေါသ ထွက်စရာရှိမယ်။ လန့်စရာရှိမယ်။ ပျော်စရာရှိမယ် စသည့်ဖြင့် အဲဒီအရာတွေ မပေါ်နိုင်ဘူးလား။ ပေါ်နိုင်တော့ ကောင်းတဲ့ စိတ်တွေပေါ်ရင်တော့ အကြောင်းမဟုတ်ဘူး။ မကောင်းတဲ့ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ ပေါ်လာ မယ်ဆိုရင် ခုနကကျင့်စဉ်ကို အနှောက်အယှက်ဖြစ်နိုင်တယ်။ အဲဒီကျင့်စဉ်ကို အနှောင်အယှက် ဖြစ်မယ်ဆိုရင်တော့ ကျင့်စဉ် အထမမြောက်ဘူး။

အဲဒီတော့ ဘယ်လို လုပ်ရမလဲဆိုတော့ မကောင်းတဲ့ စိတ်လို့ ယူဆတဲ့ အရာတွေကို လမ်းပြောင်းပေးပါ။ အဲဒါ စိတ်လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ သို့မဟုတ်ရင် ဝေဒနာ လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ ဘာနဲ့ သန္တန်တူသလဲဆိုရင် ဘောလုံးကလေးကို လူတစ်ယောက် လှိမ့်ပေးတယ်။ ကိုယ်က အဲဒီဘောလုံးကို ဖမ်းပြီးတော့ ကိုယ့်ရဲ့ ညာဘက်ကိုပို့ ရမယ်။ အဲဒီတော့ လှိမ့်တာကသက်သက်၊ လှိမ့်တဲ့လူက သက်သက် လှိမ့်လိုက်တယ်၊ ကိုယ့်ဟာ ကိုယ်တစ်ခါဖမ်းမယ်။ ဖမ်းပြီးတော့မှ ကိုယ်ပို့ရမယ့် ညာဘက်က လူဆီကို ပစ်ပို့မယ် အစား ဟိုက လှိမ့်လိုက်တာလေးကို လက်ကလေးနဲ့အသာခံ ပြီးတော့ ခပ်စောင်းစောင်းကလေး ခံလိုက်လို့ရှိရင် ဘောလုံး ကလေးဟာ ကိုယ့်လက်ကို လာထိတာရယ်။ ဟိုဘက်ကို ထွက်သွားတာရယ်ဟာ နှစ်ခုသောအလုပ် မဟုတ်တော့ဘဲနဲ့တစ်ခု သောအလုပ်ပေါ့။ စိတ်လမ်းပြောင်းလိုက်တာ။

ကဲ . . . အဲဒီကျင့်စဉ် ကျင့်နေတုန်းမှာ ကျင့်စဉ်က လည်း မပြီးသေးဘူး။ ဒေါသဖြစ်စရာ ကြီးကြီးမားမား ဖြစ်လိုက်ပြီဆိုတာနဲ့ ဒေါသလို့ သိလုက်တာနဲ့ အဲဒီဒေါသကို ဘယ်အထိ ပြောင်းရမှာလဲ။ ကိုယ်လိုချင်တဲ့ ဝေဒနာအထိ ပြောင်းလိုက်ရမယ်။ အဲဒီ စိတ်ဆိုးစရာကြီး၊ ဒေါသကြီးကို ငါတိုက်အိမ်ကြီးနဲ့ နေရမယ့် ဒေါသ ကြီးပါလားလို့ သိလိုက်ပါ။ စိတ်ဓာတ် ကျစရာကြီးလား။ သြော် . . . မကောင်းတဲ့စိတ်။ ညံ့တဲ့စိတ်၊ နော် . . . ညှိုးငယ်တဲ့စိတ်၊ ဒီစိတ်တွေဟာ ငါ တိုက် အိမ်ကြီးနဲ့ နေရမယ့် အရာတွေပဲလို့ တစ်ခါတည်း မှတ်ယူလိုက်ပါ။ လက်နဲ့ထိသွားရင် အမလေးလို့ အော်မိတာနဲ့ အဲဒီ အမလေးဟာ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် အမလေးပါလား။ လူတစ်ယောက်ကို စိတ်ဆိုးလို့ ဆဲမယ်ဆိုရင် မဆဲနဲ့တော့။ တစ်ခါတည်း အာရုံပြုလိုက်၊ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် ဒီဆဲစရာကိစ္စပေါ့။ ရိုက်စရာကိစ္စလည်း မရိုက်နဲ့တော့။ ငါ တိုက်အိမ်ကြီးနဲ့နေရမယ့် ရိုက်စရာ ကိစ္စကြီး ပါလားလို့ သိပစ် လိုက်တာနဲ့ စိတ်လမ်း ပြောင်းပြီးသား ဖြစ်သွားတာပေါ့။

စိတ်လမ်းပြောင်းတယ်ဆိုတာ မကောင်းဘူးလို့ထင်တဲ့ အညံ့စိတ်တွေ၊ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ သက်သက် မဖျောက်တော့ဘူး။ အဲဒါတွေဟာ ကောင်းတဲ့စိတ်တွေ ဖြစ်သွားပြီး။ အဲဒီ ဒေါသ ဖြစ်လိုက်တာဟာ ငါ တိုက်အိမ်ကြီးနဲ့ နေဖို့ဆိုပြီး ဒေါသကို ခံယူလိုက်တာ။ အဲဒီမှာ အင်မတန် ပြင်းထန်တဲ့ဒေါသ ဝေဒနာ တန်ခိုးကြီး အဖြစ်နဲ့မိမိခန္ဓာထဲမှာ အကျအန ကိန်းဝပ်ပြီး သိုလှောင်ပြီး သားဖြစ်သွားမယ်။ အဲဒီအတိုင်း နားလည်ကြပါ။ အဲဒီတော့ အဲဒီ စိတ်လမ်းပြောင်းတဲ့ အခါတွေမှာ ကြောက်သွားတဲ့ အခါမှာလည်း စိတ်ပြောင်း ရတာ အကောင်း ဆုံးပဲ။ ဝေဒနာအရဆုံးပဲ။

နောက် သာမန်အချိန်မှာ ရေချိုးနေရင်းနဲ့၊ ရေချိုးတယ်ဆိုတာ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတဲ့အခါမှာ စိတ်လမ်း ပြောင်းလို့ကောင်းပါတယ်။ အခု ငါချိုးနေတဲ့ရေတွေက အေးသွားတယ်ဟာ အဲဒါ ငါ တိုက်အိမ်ကြီးနဲ့နေရဖို့ အေး သွားတာ။ ငါ့ကိုယ်ထဲမှာ အဲဒီတန်ခိုးသတ္တိတွေ ၀င်သွားပြီး။ ထမင်းစားတဲ့အခါမှာလည်း အဲဒီလိုပဲ ခံယူလိုက်ပါ။ စိတ်လမ်း ပြောင်းစရာတွေချည်းပဲလို့ နားလည်လိုက်ပါ။ နောက်တစ်ခု ကတော့ ဒီဝေဒနာကို အပြင်းထန်ဆုံးထဖို့၊ နိုးဖို့။ အခုလုပ်နေတာ ဝေဒနာတန်ခိုးမို့လား။ သိဒ္ဓိဆိုတာ ဝေဒနာတန်ခိုးပဲ။ ခံစားမှုတွေကို တန်ခိုးဖြစ်အောင် လုပ်တာ။

အဲဒီအကြောင်းရောတွေမှာ လူတစ်ယောက်ဟာ ချမ်းသာ ကြွယ်ဝဖို့ အာရုံပြုထားရင် ဝေဒနာပိုတက်တယ်။ အခြွေအရံ များဖို့ ကျက်သရေမင်္ဂလာတိုးဖို့ သြဇာတန်ခိုးကြီးဖို့ ကျန်းမာဖို့ မျက်နှာပွင့်ဖို့၊ ကျော်ဇောထင်ရှားဖို့၊ ပညာဥာဏ်ကြီးဖို့ အကျဉ်းအကြပ်မှ လွတ်မြောက်ဖို့၊ ကြီးမားတဲ့ အလုပ်အကိုင် ကြီးတွေ၊ ရာထူးကြီးတွေရဖို့၊ ချစ်သော သူကိုရဖို့၊ ရဲရင့်တည် ကြည်ဖို့ အဲဒီအချက်တွေကို လူတွေက တောင်းတကြတယ်။ ရယူလိုချင်တယ်။

ခုနက ကြိုက်မကြိုက်ထဲမှာ ကြိုက်ထဲမှာပါတယ်။ အဲဒီတော့ ကြိုက်ထဲမှာကျတော့ ကြိုက်ဝေဒနာကို ဖန်တီး မယ်။ ဝေဒနာတန်ခိုးကို ဖန်တီးမယ်ဆိုရင် အဲဒီဟာတွေလည်း အာရုံပြုလို့ရပါတယ်လို့ ပြောရင်းနဲ့ တန်ခိုးသိဒ္ဓိရဲ့သတ္တိ သဘောကို ဒီအခန်းမှာရပ်ပါတယ်။ ဒါတွေဟာ လောကီ စိတ်ပညာကျင့်စဉ်တွေပဲလို့ မှတ်ယူထားပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဘယ်ဘာသာဝင်မဆို လုပ်လို့ရပါတယ်။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း
-------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၅)

သိဒ္ဓိဓာတ်နှင့်မေတ္တာဓာတ်

သိဒ္ဓိဓာတ် တည်နေရာရယ်၊ သိဒ္ဓိဓာတ်ရဲ့ စွမ်းအားရယ် ပြောပြီးပြီ။ အဲဒီ သိဒ္ဓိဓာတ်ကို ထက်မြက်သထက် ထက်မြက်အောင် သိဒ္ဓိဓာတ်ကြီးဟာ ရင့်ကျက်ထက်မြက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ဟာကို ပြောပြမယ်။ သိဒ္ဓိဓာတ်မှာ အရှိန်ရှိတယ်။

နှစ်ယောက်၊ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ ဒီတော့ သိဒ္ဓိဓာတ် နှစ်ယောက်စလုံးရှိတယ်။ ဒါပေမယ့် ကြီးတဲ့ ဓာတ်က ငယ်တဲ့ ဓာတ်ကို နိုင်စမြဲပဲ။ အရှိန်ဓာတ်၊ အရှိန်ကြီးတာ ၊ အရှိန်သေးတာ။ အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် သိဒ္ဓိခြင်း တူတယ်ဆိုပေမယ့် အရှိန်ချင်း မတူနိုင်ဘူး။ နောက် သိဒ္ဓိအဆင့်နိမ့်တဲ့လူ၊ မြင့်တဲ့ လူဆိုတာ ရှိနေတာပဲ။

အဲဒီတော့ သဘောတစ်ခု ပေါက်ရမှာကတော့ သိဒ္ဓိဓာတ်လို့ ပြောတာနဲ့ ဘယ်သူနဲ့ ဘယ်သူနဲ့ သိဒ္ဓိရတာချဉ်း အတူတူပဲလို့ ပြောလို့မရဘူး။ အဲဒီတော့ သိဒ္ဓိဓာတ်ဟာ အဆင့်တွေရှိတယ်။ ကြီးတဲ့ ဓာတ်ဟာ ငယ်တဲ့ ဓာတ်ကို အားပြုလို့ ရတယ်။ နောက် ငယ်တဲ့ဓာတ်ကို နိုင်လို့ရတယ်။

အရပ်စကားနဲ့ ပြောရင် ဒီကနေ ဝေဒနာသိဒ္ဓိတန်ခိုးတွေ စေလွတ်တယ်။ ဘာလုပ်ပေး၊ ငါ့ဆီကို လာခဲ့။ ငါ့ဆီက ယူသွားတဲ့ ငွေ ပြန်လာပို့။ ဟို ခိုင်းတဲ့ လူဟာ အဲဒါ ကိုယ့်ထက် သိဒ္ဓိဓာတ် ငယ်မှရမယ်။ ငယ်မှ ရမယ်။ ကိုယ်က သိဒ္ဓိဓာတ် ကြီးမှ ရမယ်။ အဲဒီတော့ ကြီးအောင် ရင့်ကျက်အောင် လုပ်ဖို့ လိုတယ်ဆိုတာ ပထမ နားလည်ထားရမယ်။

သိဒ္ဓိဓာတ်ကို ရင်ကျက်အောင် လုပ်တဲ့နေရာမှာ အကောင်းဆုံးကတော့ အမြင့်ဆုံး သိဒ္ဓိဓာတ်ဟာ မေတ္တာဓာတ်ပဲ။ မေတ္တာဓာတ်ကြီးဟာ သိဒ္ဓိဓာတ်ကြီး ဖြစ်တယ်။ ဝေဒနာဓာတ်မှာလည်းပဲ မေတ္တာဓာတ်ဟာ ဝေဒနာဓာတ်နဲ့ ပေါင်းစပ်လိုက်ရင် အလွန်ကြီးမားတဲ့ မေတ္တာဓာတ်ကြီး ဖြစ်သွားတယ်။ အဲဒီ မေတ္တာဓာတ်လောက် ကောင်းတဲ့ သိဒ္ဓိကို ထက်မြက်စေတဲ့ ဓာတ်မရှိဘူး။ အဲဒီတော့ ပထမဦးဆုံး ချိန်မှတ်ယူရတယ်။

ငါဟာ မေတ္တာဓာတ်များ ပြည့်လွှမ်းနေတဲ့ လူဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူရတယ်။ မေတ္တာဓာတ်တွေနဲ့ အပြည့်ဖြစ်နေရမယ်။ အဲဒီမေတ္တာဓာတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတွေ့တာနဲ့ သိုမဟုတ် ငါက တောင့်တတာနဲ့ သူတို့ဟာ စောင့်လျှောက်နေတယ်။ မေတ္တာဓာတ်ရဲ့ ကြီးမားတဲ့ အရှိန်ကြောင့် လည်း စောင့်ရှောက်နေတယ်လို့ မနောအိမ်မှာ ခံယူရတယ်။ နောက်ပြီးတော့ မိတ်ဆွေစစ်တွေ မေတ္တာဓာတ် ပြည့်ဝတဲ့ လူတွေနဲ့ တွေ့ချင်တယ်၊ သူတို့နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ မေတ္တာဓာတ်ပြည့်ဝတဲ့ လူတွေဟာ ငါ့ရဲ့ အပေါင်းအသင်းတွေ ဖြစ်စေချင်တယ်လို့ အာရုံပြုရမယ်။ အဲဒါ ဘယ်လို အာရုံပြုရမလဲ။

တစ်နေ့ကို တစ်ခါ အာရုံပြု၇မယ်။ တစ်နေ့ကို တစ်ခါ အာရုံပြုရမယ် ဆိုတော့ မတ်တတ်ရပ်ပြီး ဖြစ်စေ ၊ ထိုင်လို့ဖြစ်စေ ၊ ဒါပေမယ့် ၀မ်းဗိုက်ထဲမှာ အဆာထုပ်ပြီးမှ လုပ်ရမယ်။ အဲဒါ ဆယ်မိနစ်ပါပဲ။ အခုန ကျင့်စဉ်အတိုင်း ဆယ်မိနစ်။ ထိုင်၍ဖြစ်စေ ၊ထ၍ဖြစ်စေ ကိုယ့်ရဲ့ အကြောအချဉ်တွေကို လျှောပြီးတော့ အဲဒါ အေးအေးဆေးဆေးနဲ့ အဲဒါကို စိတ်ကူးပြီးတော့ ၊ ခံယူပြီးတော့ ပါးစပ်ကလည်း ခုနတုန်းကလို ၀စီကံမှု့ပေါ့နော်။ အဲဒါလည်း ပြောနေရမယ်။ လက်ကလည်း လှုပ်ရမ်းပြီးတော့ ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်နေတယ် ။ ငါ မေတ္တာကို အလိုရှိတယ်။ နော် ... ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်တဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိတဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ကူညီကြတယ်။ ငါကလည်း မေတ္တာဓာတ် တွေ ပြည့်ဝနေတဲ့ လူတွေနဲ့ပဲ မိတ်ဆွေ ဖြစ်ချင်တယ်။ ငါ့ကို တွေ့တာနဲ့ သူတို့လဲ မိတ်ဆွေ ဖြစ်မှာပါ။ အဲဒီလို အလိုတွေ ဆန္ဒတွေ ဖော်စပ်ရမယ်။ ဒါ ဆယ်မိနစ်ပဲ။

ဘယ်အချိန် လုပ်ရမယ်လို့ မပြောဘူး။ ဘယ်လို စကားလုံးမျိုးတွေနဲ့ လုပ်ပါ ။ ဘာတွေ ရွတ်ပါဆိုပြီးတော့ စိတ်ပညာ စာအုပ်တွေလို ၀ါကျတွေနဲ့ အလီလီ ဖွဲ့ဆိုထားတဲ့ စာတွေ ဒီမှာ မပြောတာ တမင်တကာ လွတ်လွတ်လတ်လတ် လုပ်နိုင်အောင်ပါ။ ငါသည် ဘယ်နေ့ကို ဘယ်လို ၊ အဲလို ဟာမျိုးတွေ မပြောဘူး။ ပြောလို့ ရတယ်၊ ပြောရင် ဘောင်ဖြစ်သွားမှာ စိုးလို့။ နော်... ဘောင်ဆိုရင် ဘယ်ဘောင်မှ မကောင်းဘူး။ ဒါကြာင့်မို့လို့ ဘောင်လွတ်၊ ကိုယ့်ဟာကို ထည့်ချင်တဲ့စကားလုံးကို ထည့်ပါ။

အဲဒီ စကားလုံးနဲ့ လေ့ကျင့်နေရင် အဲဒီစကားလုံးဟာ ကိုယ့်နှလုံးသားကို မရိုက်ခတ်ဘူး။ ကိုယ့်စိတ်ကို မထိခိုက်ဘူးဆိုရင် နောက်ထပ်စကားလုံး ရွေးလုပ်ပါ။ ရွတ်နေရင်းနဲ့ အဲဒီ စကားလုံးဟာ ရိုးလာပြီဆိုရင် အသစ်ဆန်း ထွင်ပြီးတော့ ရွတ်နိုင်ပါတယ်။ အင်္ဂလိပ်လိုပဲ ရွတ်ရွတ်၊ ကုလားလိုပဲ ရွတ်ရွတ် ၊ တရုပ်လိုပဲ ရွတ်ရွတ်၊ ပါဠိလို ရွတ်ရွတ် ၊ မြန်မာလို ရွတ်ရွတ် ၊ ကိုယ့်ရဲ့ မနောအိမ်ကို လှုပ်ရှားစေတဲ့ စာလုံးတွေ ရွေးပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်နိုင်အောင်ဆိုပြီးတော့ ဒီက စာကြောင်းတွေ ဖြုတ်ပြီး ပေးထားတာ။ အဲဒါကြောင့် အဲဒီလို လုပ်ရမယ်။ မေတ္တာဓာတ်။

အဲဒီတော့ .. မေတ္တာဓာတ်မှာက စာလုံးတွေက အရေးမကြီးဘူး။ စကားလုံးတွေ တိုတိုနဲ့ ကိုယ့်နှလုံးသား ကိုယ်မနောအိမ်ကို ထိခိုက်ဖို့ အရေးကြီးတယ်။ အဲဒါ ငါးမိနစ်ထက် မနည်း၊ ဆယ်မိနစ်ထက် မများ။ ရွတ်ပေးရမယ်။ ထိမိမဲ့ စကားလုံးတွေ ကိုယ့်မနောအိမ်က လက်ခံမယ့် စကားလုံးတွေကိုလည်း ရွေးချယ်ဖို့ ပြောပြီးပြီ။ အဲဒီလို ရွတ်ရင်းနဲ့ အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများလက်ခံနိုင်တဲံ အဆင့်အထိ နေရမယ်။ အလွန်ပဲ ငါဟာ ကျင့်စဉ်တစ်ခုကို ကျင့်နေတဲ့ ဆိုတဲ့ ၊ ငါ စုတ်စုတ် ပြတ်ပြတ်နေမယ် ၊ ငါ ဖြစ်သလို နေမယ် ၊ အဲလို မဟုတ်ဘူးနော်၊ တင့်တယ်အောင် နေရမယ်။

အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများနဲ့ မဆန့်ကျင်ဘဲနဲ့ တင့်တင့်တယ်တယ်ဖြစ်အောင် နေပြီးတော့ အဲဒီ မေတ္တာဓာတ်ကို ရင့်သည်ထက် ရင့်အောင် လုပ်ရမယ်။ အဲဒီတော့ မေတ္တာဓာတ်ကို လုပ်နေရင်း ကနေပြီးတော့ ချွတ်ချော်လာမယ်လို့ ထင်ရင် ပထမ ဒုတိယ အကြောင်းအရာမှာ ပြောတဲ့ စိတ်လမ်းပြောင်းနည်း ကို ပြန်သတိရပြီးတော့ စိတ်လမ်းပြောင်းနည်းကိုလည်း သုံးပါ။ နေ့စဉ် သုံးပါ။

အဲဒီတော့ မေတ္တာလို့ ပြောလိုက်တဲ့ အခါမှာ မေတ္တာကို အကြမ်းဖျဉ်းအားဖြင့် ကိုယ့်ထက်ကြီးတဲ့ ၊ မြင့်မြတ်တဲ့လူကို မေတ္တာထားတာဟာ မေတ္တာဆိုတဲ့ အစား ကြည်ညိုတယ်ဆိုတဲ့ စာလုံး သုံးထားတယ်။ ကိုယ်နဲ့ တန်းတူ လူကိုတော့ မေတ္တာအစား ချစ်တယ်လို့ ပြောတာပေါ့။ ကိုယ်အောက်နိမ့်တဲ့ လူကိုတော့ ညှာတာတယ်၊ သနားတယ်ပေါ့။ အဲဒါ မေတ္တာရဲ့ အခြားသော စကားတွေချဉ်းပါပဲ။

အဲဒီတော့ မေတ္တာရဲ့ အခြားသောစကားတွေမှာ အများကိုလည်း ဖြန့်ပို့မယ်။ သတ္တ၀ါ အနန္တကိုလည်း ဖြန့်ပို့မယ်။ တစ်ဦးတစ်ယောက်ထဲကိုလည်း လိုအပ်ရင်ပို့မယ်။ နောက် ကိုယ့်ကိုကိုယ်လဲ အခုနတုန်းကလို မေတ္တာတုံးကြီး။ ငါဟာ မေတ္တာနဲ့ ပြည့်လျှမ်းနေတဲ့ လူကြီးဆိုတာကို အမြဲတမ်း ခံယူနေဖို့ လိုပါတယ်။ အဲဒါကို နာရီနဲ့ သတ်မှတ်ပြီး တော့ ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်း သိဒ္ဓိဓာတ်တွေ ထက်မြက်ရင်သန်စေဖို့ အတွက် မေတ္တာကို နှိုးဆွပါလို့ ဒီအခန်းကဏ္ဍမှာ ပြောလိုက်ချင်ပါတယ်။ ဒါတွေဟာ လောကီရေးရာ စိတ်ပညာလေ့ကျင့်ခန်းတွေပါ။ ဘာသာရေး ရှု့ဒေါင့်က ကြည့်ဖို့ မလိုပါဘူး။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း
------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၆)
ချမ်းသာကြွယ်ဝခြင်း

အခုပြောမယ့်ဟာက အခန်း(၄) ပဲ။ ဒီအခန်းဟာ သိဒ္ဓိကျင့်စဉ်အတွက် အရေးကြီးတဲ့အခန်းပဲ။ ဒီအခန်းရဲ့ ခေါင်းစဉ်က ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိနည်းဖြင့် ရယူခြင်းတဲ့။ သိဒ္ဓိကျင့်စဉ်နဲ့ ချမ်းသာကြွယ်ခြင်းကို ရယူမယ်။ တချို့ ဒါကို မယုံကြပါဘူး။ ယုံတာမယုံတာ အကြောင်းမဟုတ်ဘူး။ ကျင့်စဉ်ရဲ့ သဘောထားကို ပြောပြမှာ။ တန်ခိုးသိဒ္ဓိ ရရာရကြောင်းကြံစည်တာ ဒါ လူသာမာန်ရဲ့ အလုပ်ပဲ။ တော်တော့်ကို စွန့်စွန့်စားစားလုပ်တတ်တဲ့ သဘာဝရှိမှသာ ဖြစ်နိုင်ပါတယ်။ ယုံလည်း ယုံကြည်ရမယ်။

အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို လိုက်မယ်ဆိုရင် ပထမဦးဆုံး သိထားဖို့က လု့လောကကြီးမှာ ဘာလုပ်လို့မှမဖြစ်၊ ဘယ်နေရာသွားသွား လူရာမ၀င် စီးပွားရေးအရလည်း ကျရှုံး၊ ဘာမှ ကြံလို့စည်လို့မရတော့မှ ဘုန်းကြီးဝတ်တဲ့ လူတို့၊ ရသေ့လိုလို လုပ်တဲ့လူတို့၊ ယောဂီလုပ်တဲ့လူတို့၊ ဂန္ဓာရီထွက်တဲ့လူတို့ တွေ့ဖူးပါတယ်။ အဲဒီလမ်းစဉ်မှာလည်း သူတို့ မအောင်မြင်ပါဘူး။ စထွက်လာကတည်း ကိုကလည်း သူတို့က ဒီဘက်က ရုပ်လောကမှာ ကျဆုံးပြီး၊ ဒုက္ခရောက်ပြီးတော့မှ ကြံရာမရ တော့လို့ . . . . . ။

သိဒ္ဓိလမ်းစဉ်ဟာ ကြံရာမရတဲ့ လူတွေလုပ်တဲ့ လမ်းစဉ် မဟုတ်ဘူး၊ အကြံ ဥာဏ်ရှိတဲ့လူတွေ၊ ဇွဲသတ္တိရှိတဲ့ လူတွေ လုပ်တဲ့ အလုပ်ဖြစ်တယ်။ အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို တကယ် ယုံယုံကြည်ကြည်နဲ့ လိုက်မယ်ဆိုရင် လူတစ်ယောက်ဟာ ဆင်းရဲမွဲတေမှ လိုက်လို့ မဖြစ်ဘူး။ ချမ်းချမ်းသာသာ၊ ချောင် ချောင်ချောင် လည်လည် ၊ကြွယ်ကြွယ်၀၀ အဆင်ပြေနေတဲ့ အချိန်ကနေ၊ တကယ်လို့ စည်းစိမ်ဥစ္စာကို စွန့်စရာရှိရင်လည်း သူ့မှာရှိမှ စွန့်တယ်လို့ ပြောလို့ရမှာပေါ့။ စားစရာမရှိတဲ့လူက သူက ဘာစွန့်ပြီး ထွက်လာတယ်ဆိုတာ၊ ဒါဟာ အဓိပ္ပာယ်မရှိဘူး ။ တစ်ပြားမှမရှိတဲ့လူ စွန့်လို့ မရဘူး။ ပထမ ရှိအောင်လုပ်ရမယ်။

ဒီလမ်းစဉ်မှာ သိဒ္ဓိကျင့်စဉ်ကို လုပ်တဲ့လူဟာ ပထမဦးဆုံး ချမ်းသာကြွယ်ဝခြင်းကို မရမနေ ရှာမှီးရမယ်။ ဒါဟာ လမ်းစဉ်ရဲ့ သဘောထားပဲ။ ချမ်းသာကြွယ်ဝအောင် ပထမလုပ်ရမယ်။ အများကြီး မဟုတ်တောင် လူ့လောကထဲမှာ ဒီလူဟာ မွဲတေနေတဲ့လူ မဟုတ်ဘူး။ ချောင်ချောင်လည်လည် ရှိတယ်၊ စားနိုင်သောက်နိုင်တယ်။ ပြည့်ပြည့်စုံစုံ ရှိတယ်။ နေစရာအိမ်၊ စီးစရာ ယာဉ်ရထား၊ နောက် သူ့မှာ အပိုအလျှံ ငွေတွေ၊ ရွှေတွေရှိနေတဲ့ လူတွေလုပ်ပါ။ အဲဒီလို လုပ်မှလည်း တင့်တယ်တယ်။ ဒီကျင့်စဉ်ဟာ အဲဒီလို သွားရတယ်။

ရှေးတုန်းကတော့ ဒီလိုရအောင်လုပ်တာကို ရသေ့ရိက္ခာ ထောက်လို့ခေါ်တယ်။ ဘာပဲခေါ်ခေါ် ခေါင်းစဉ်က ချမ်းသာ ကြွယ်ဝခြင်းကို လုပ်ရမယ်။ အဲဒီကျင့်စဉ် ကျင့်နေတဲ့အတွင်းမှာ ဟိုနားလေးထွက်ပြီး အလှူခံလိုက်၊ ဒီနားလေးကို ဘုရားတည်မယ်လို့ အကြောင်းပြပြီး အလှူခံလိုက်၊ ဘာလုပ်မယ်ဆိုပြီး အကြောင်းပြပြီး အလှူခံလိုက်၊ အလှူခံပြီး စားနေလို့ မပြီးဘူး ကိုယ်ကလည်း လှူရဦးမှာ။ ကိုယ်က ကြွယ်ဝဖို့လိုတယ်။ ချမ်းသာဖို့လိုတယ်။

အဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိကျင့်စဉ်မှာ အတိအကျ ဖော်ပြထားတယ်။ အဲဒါဘာလဲ၊ သိဒ္ဓိကျင့်စဉ်နည်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ရယူခြင်း . . . . ။ လောကကြီးမှာ ကိုယ်ရမယ်ထင်တဲ့ အရာတွေ မရယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေလည်း ရထားကြတာ၊ ရမှာလည်း မဟုတ်ပါဘူး၊ ဖြစ်မှာလည်း မဟုတ်ပါဘူးလို့ ဆိုတဲ့ အရာတွေဟာ ကိုယ့်ဆီ ရောက်မလာပါဘူး။

တကယ်လို့ ဆိုးတဲ့ အရာတွေ ကိုယ့်ဆီရောက်နေရင်လည်း ဒါ နဂို ကတည်းက မသိလို့ ကိုယ်မျှော်လင့်ထားတာ ကိုယ်နဲ့ထိုက်တန်လို့ ရောက်လာတာ၊ ကောင်းတဲ့ အရာတွေဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်လာတာပါ။ အဲဒီတော့ သဘောထားကိုက ရောက်လာတဲ့ပစ္စည်း တွေဟာ ကိုယ်က လက်ခံထားတာ။ စိတ်သဘောထား အရ ကိုက ဒါတွေရမယ်လို့ မျှော်လင့်ထားတယ်။ လက်ခံထား သလောက်ပဲရတယ်။

ဒဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိလမ်းနဲ့ လိုက်တဲ့အခါမှာ ဆန္ဒဓာတ် ပြင်းထန်ဖို့လိုတယ်။ စောစောကပြောတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ . . . ၊ ဒါမှမဟုတ်ရင်လည်း စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ် အမူအရာတွေနဲ့။ မရဘဲမနေဘူး၊ ဒါကို ရအောင်လုပ်မယ်။ ဘာလဲအခုဟာ သိဒ္ဓိနည်းနဲ့ ဘာကိုလုပ်မှာလဲ။ ချမ်းသာ ကြွယ်ဝခြင်းကိုလုပ်မှာ။ ဒါပေမဲ့ ကိုယ့်မှာတော့ ၀င်ငွေနဲ့မပြည့်စုံဘူး၊ ချမ်းသာကြွယ်ဝအောင် အရင်လုပ်ရမယ်။ သိဒ္ဓိထက် အရေးကြီးသေးတယ်။

လူ့လောကကြီးမှာ တင့်တင့်တယ် တယ်နေပြီးမှ သိဒ္ဓိလမ်းကိုသွားပြီးတော့ တကယ်လို့ပေါက် မြောက်သွား လည်း ပေါက်မြောက်တဲ့ အတိုင်း ဆက်ပြီးချီတက် သွားဖို့ပါပဲ။ အဲဒီတော့ ဗမာစကားမှာ အယူသည်းတယ်ဆိုတဲ့ စကားရှိတယ်။ အဲဒီစကားတော့ ကြားဖူးကြတယ်။ အယူ သည်းတယ်ဆိုတာ ယူထားတဲ့ အယူကို ခပ်သည်းသည်းလေး ယူထားတာ အယူသည်းတာ။

အခုပြောမယ့် စကားဟာ အထင်သည်းတယ်လို့ ပြောတာ။ ဒီစကားကတော့ သုံးတာ နည်းပါတယ်။ စိတ်နဲ့ ပတ်သက်လို့ တန်ခိုးရှိတယ်။ အဲဒီစိတ်ဆို တာလည်း အခုနက ဝေဒနာ . . . ၊ဝေဒနာ နားမှာ ရှာမယ်။ ဝေဒနာနားမှာ ခံစားဖို့ဆန္ဒ၊ အဲဒါတွေဖော်စပ်ရင် သိဒ္ဓိတွေဖြစ် တယ်ဆိုတာကို အထင်သည်းထားရတယ်။ အယူသည်းတာထက် ပိုတာပေါ့။ ထင်ထားတာကိုး။ စိတ်က ဖြစ်မယ်လို့ တစ်ဖက်ကနေ တွေးပြီး မြှောက်ပင့် ပေးထားမှလည်း သူက လုပ်လို့ရတယ်။ အဲဒီတော့ အလွန်ဝီရိယကောင်းတယ်။

အဲဒါ ဘာဖြစ်လာလဲဆိုတော့ ဝေဒနာတွေ ထပြီးတော့ မျှော်လင့် ချက်တွေဖြစ်လာတဲ့အခါမှာ သူဟာ ၀ီရိယကောင်းလာတာ ပေါ့။ ဟာ . . . ဒီလူတစ်ယောက်က လုပ်လိုက်တာ အံ့မခန်းပဲ၊ ၀ီရိယတွေ ကောင်းနေတာ။ ဒါပေမဲ့ သူ့အတွက်တော့ သာမန်ပါပဲ။ သူ့မျှော်လင့်ချက်နဲ့ သူ လုပ်နေတာ။ သိပ်အကြီးအကျယ် ကြီး လုပ်ရတာ မဟုတ်ပါဘူး။ အဲဒီတော့ အထင်သည်းစိတ်ပေါ့။

ကိုယ့်စိတ်ကို ကိုယ်လည်း မကြာခဏ စေ့စော်ပေးရတယ်။ ဝေဒနနာတွေ၊ ပေါ်ထလာရင် ငါလိုချင်တဲ့အရာတွေ ရပြီ၊ ရွှေလည်းရမယ်၊ စိန်လည်းရမယ်၊ အောင်မြင်မှုတွေလည်း ရမယ်။ ချမ်းသာကြွယ်ဝခြင်းဆိုတာလည်း အကြောင်းမဟုတ် တော့ဘူး။ ရမယ်လို့ နားလည်ထားရမယ်။ ဒါ ကျိန်းသေကြီးလို့ကို နားလည်ထားရမယ်။

ချမ်းသာကြွယ်ဝခြင်းကို ထုတ်လုပ်မယ့်စက်ရုံကြီး တစ်ခုရှိတယ်။ ခန္ဓာကိုယ်မှာ။ အဲဒီစက်ရုံကြီးဟာ ဝေဒနာတွေ ကို စုဝေးပြီးတော့ ပြင်းထန်အောင် လုပ်တဲ့ နေရာကြီး။ ညှို့ ဓာတ်တို့ရဲ့တည်ရာလည်းပဲဖြစ်တယ်။ အဲဒါ ဘယ်နားမှာလဲဆို လူရဲ့အစာအိမ်၊ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အောက် နံရိုး၊ အစွန် ဆုံးနံရိုးအောက်မှာ ကျောရိုးရဲ့အတွင်းဘက်မှာ၊ အဲဒါ တချို့ ကတော့ ဦးနှောက်ထွေးလို့ခေါ်တယ်။ တချို့ကလည်း သံလိုက်ဓာတ်လို့ခေါ်တယ်။ တချို့ကလည်း ဝေဒနာထရာလို့ ခေါ်တယ်။ အဲဒါဟာ တကယ့် စက်ရုံကြီးပါပဲ။ ချမ်းသာ ကြွယ်ဝခြင်းကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးလို့ နားလည်ပါ။

အဲဒီမှာ ဘာတွေလုပ်သလဲလို့ဆိုရင် ဒီနေရာကနေ ဝေဒနာတွေကို အကြောအချဉ်ပေါင်းစုံ သူကနေ ဒိုင်ခံဖြန့်ပေးတဲ့ ဖြန်ဖြူးရေး ဌာနကြီးပဲ။ ဝေဒနာဓာတ်ရုံကြီးလို့ပဲ နားလည်လိုက်ပါ။ အခြားသူရဲ့ ဦးနှောက်ကိုလည်း ဒီဓာတ်ရုံကြီးကနေ ထုတ်လုပ်တဲ့ ဝေဒနာတွေကနေ လွှမ်းမိုးအောင် သူက အမြဲ တမ်းကြိုးစားတယ်။

လက်ဝဲဘက် ၀မ်းဗိုက်ရဲ့ အစာအိမ်ရဲ့ အောက်နားမှာရှိတဲ့ သရက်ရွက်ကနေပြီးတော့ လှုပ်ရှားလာတာနဲ့ ဒဲဒီဓာတ်ရုံကို အလုပ်လုပ်ဖို့ပေးတာပဲ။ အဲဒီသရက် ရွက်ဆိုတာဟာ ဘာလုပ်သလဲဆိုရင် ဝေဒနာတွေကို လှုပ်ခတ်အောင်လုပ်ပေးတဲ့ အရာလို့ခေါ်တယ်။ အင်္ဂလိပ်လို စပလင်းလို့ခေါ်တယ်။ ကျုပ်တို့လူမှာ အသက်ရှင်တဲ့ ဓာတ်ပေါ့။ လှုပ်ရှားစေတဲ့ ဓာတ်ဟာ အဲဒီသရက်ရွက်နားမှာ ရှိတယ်။ အဲဒါ အသက်ဓာတ်ပဲ။ အသက် ဘယ်နားမှာရှိလဲလို့ အကြမ်းဖျင်းပြောရင် သရက်ရွက်လို့သာပြော။ အဲဒီသရက်ရွက်ဟာ အသက်ဝင်တဲ့ ဓာတ်ပဲ။

အဲဒါ ပြင်းထန်တဲ့ အရှိန်နဲ့ အသက်ဝင်လာပြီးတော့ ဦးနှောက်ကို ကူးလာပါတယ်။ ဝေဒနာအဖြစ်နဲ့ ကူးသန်းသွား ပြီးတော့ အဲဒီဝေဒနာဓာတ်ဟာ တစ်ကိုယ်လုံးကို အဲဒီသရက် ရွက်နေရာကနေ ဖြန့်တယ်။ အဲဒီမှာ သရက်ရွက် လှုပ် ခတ်မှုနည်းလာပြီ၊ လှုပ်ခတ်မှုနှေးလာတယ်ဆိုရင် အသက် ရှင်တဲ့ဓာတ်လည်း နည်းလာတယ်။

အဲဒီအခါမှာ ဝေဒနာ လည်း မကူးလျှောက်တော့ဘူး။ မကွန်မြူးတော့ဘူး။ ဦးနှောက် က ကျစ်သွားတယ်။ မလှုပ်ရှားတော့ဘူး။ အဲဒီအခါမှာ လူဟာ မအီမသာဖြစ်တယ်၊ ပျင်းရိလေးလံတယ်။ ရောဂါဖိစီး သလို ခံစားရတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်တယ်ဆိုတာ အဲဒီဝေဒနာဓာတ်ရုံကြီး သို့မဟုတ် ဝေဒနာအလုပ်ရုံကြီး နားက သရက်ရွက်ရဲ့ အခြေအနေပေါ်မှာဖြစ်တယ်။
-------------------------------------------------------------------------------------
ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၇)

အပိုင်း (၁) (၂) (၃) (၄) (၅) (၆) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။

အဲဒီ တော့ အဲဒီအချိန်မှာ ဘာလုပ်ရမလဲဆိုတော့ အကောင်းဆုံးက ကျုပ်တို့ မြန်မာလူမျိုးတွေ ထုတ်လုပ်တဲ့ လျှပ်စားကို စား။ နောက်ပြီးတော့ နည်းနည်း ပူနွေးနွေးရှိတဲ့ ဖယောင်းချက်ကို အဲဒီအစာအိမ် ပတ်ဝန်းကျင် နံရိုးအောက်ခြေကို လိမ်းပြီး ခန္ဓာကိုယ်ကိုလည်း ဟိုလှုပ်ရှား၊ ဒီလှုပ်ရှား လှုပ်ရှားလိုက်တာနဲ့ သရက်ရွက် ပြန်လှုပ်ခတ်ပြီးတော့ အသက်ဓာတ်ပြန်ဝင်လာပြီး ဝေးဒနာတန်ခိုးတွေ ပြန်ထလာတာပါပဲ။

အဲဒီဝေဒနာ ထုတ်လုပ်ရာ စက်ရုံ ချမ်းသာကြွယ်ဝမှု တွေကို ပေးနေတဲ့စက်ရုံဟာ ဘယ်ဘက်နံရိုးရဲ့ အောက်ဆုံး ကျော့ရိုးရဲ့ အတွင်းဘက်ကျော့ရိုးကြားထဲမှာရှိတဲ့ သရက်ရွက် တည်ရာဌာနလေးကို အာရုံပြုပြီးတော့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စိတ်ဆိုတဲ့ စောစောတုန်းကပြောတဲ့ ရှာလို့မရဘူး။ စိတ်ဆိုတဲ့ မနောလေးလည်းပဲ ရှိတယ်။

ဒါပေမဲ့ ဒီကျမ်း၊ ဒီမှာရှင်းပြမှာကတော့ အဲဒီမှာပဲ ဝေဒနာရှိတဲ့၊ အဲဒီ နေရာလေးမှာပဲ တောက်ပြောင်တဲ့ သဘောနဲ့ မနောအကြည် ဓာတ်လေးလည်းရှိတယ်လို့ နားလည်ပါ။ အဲဒီနေရာလေးကို အာရုံပြုပါ။ ဒီနေရာလေးကနေ ထုတ်လုပ်ပေးမယ်လို့ ယုံကြည်လိုက်ပါ။ အဲဒီလို ယုံကြည်လိုက်မှပဲလည်း ဒီလိုက်ငန်းက ဆက်ပြီးလုပ်လို့ဖြစ်မှာ။ ချမ်းသာကြွယ်ဝမှုကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးကို သိပြီး။

အဲဒီတော့ ခံယူရမှာက ငါ့ခန္ဓာအတွင်းမှာ သရက်ရွက်လို့ခေါ်တဲ့နေရာနားမှာ ငါ့ကို သူဌေးကြီးဖြစ်အောင် ချမ်းသာကြွယ်ဝသူကြီးဖြစ်အောင် လုပ်ပေးနိုင်တဲ့စက်ရုံကြီးရှိ နေပြီ။ အဲဒီလိုခံယူထား။ အဲဒီစက်ရုံကနေ ဘာတွေပေးမလဲဆိုတော့ သိန်းပေါင်းများစွာသောငွေတွေ၊ ကုဋ္ဋေပေါင်းများစွာသော ငွေတွေ၊ စိန်တွေ၊ ရွှေတွေ၊ မော်တော်ကားတွေ၊ ခြံတွေ အိမ်တွေ၊ တိုက်တာတွေ၊ ကိုယ် အလိုရှိတာမှန်သမျှ အောင် မြင်မှုတွေ၊ ကျော်ကြားမှုတွေ အကုန်လုံးကို ရယူနိုင်တဲ့နေရာဟာ အဲဒီနေရာပဲ။ အဲဒါ ကိုယ်ပိုင်နေပြီပေါ့။

အဲဒီတော့ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ဒီဓာတ်ရုံကတောင် ထုတ်လုပ်နိုင်တယ်ဆို ကိုယ်လည်း ထုတ်လုပ်နိုင်တာပေါ့။ အဲဒီလို ခံယူထားရမယ်။ အဲဒီလိုခံယူပြီးတော့ စိတ်ကို လမ်းပြောင်းရာ တတိယအခန်းမှာ ပြောခဲ့တဲ့ စိတ်လမ်းပြောင်းနည်းကို တစ်သမက်တည်း လိုက်နာနေရမယ်။

နည်းနည်းလေး စိတ်ဆိုးလာတာနဲ့ အဲဒီစိတ်ဆိုးတာဟာ ငါအလိုရှိတဲ့ ချမ်းသာကြွယ်ဝခြင်းရဖို့၊ အောင်မြင်မှုရဖို့၊ ကြောက်လာရင် ငါအခုကြောက်တာဟာ ငါချမ်းသာဖို့ကြောက်တာ။ မကျေမနပ်ဖြစ်လာရင် ငါချမ်းသာဖို့ မကျေမနပ်ဖြစ်လာတာ။ အဲဒီလို စိတ်လမ်းပြောင်းနည်းကို သွက်သွက်လက်လက်နဲ့ ပိုင်ပိုင် နိုင်နိုင်၊ ပေါပေါများများကြီးသုံးရမယ်။ နောက်တစ်ခုကတော့ ၀စီကံမှုလည်း ထည့်ရမယ်။ စိတ်လမ်းပြောင်းတာနဲ့ ၀စီကံမှုတစ်ခါတည်း စကားထဲကို ထည့်ရမယ်။

ဒါဟာ ငါချမ်းသာဖို့ဖြစ်တာ။ ဘာပြောပြော။ စိတ်ညစ်လား အဲဒါချမ်းသာမလို့၊ အောင်မြင်မလို့၊ ဒေါသ ထွက်လား၊ ဒေါသထွက်လာရင် ချမ်းသာမလို့ ငါဒေါသထွက်တာ၊ အဲဒါတွေ ငါမျိုချလိုက်မယ်။ ကာယကံမှုကလည်း လက်ကလည်း လှုပ်ရမ်းရမယ်။ လွင့်ပြေးနေတဲ့ စိတ်တွေကို အလီလီပြန်ခေါ်ရမယ်၊ ပါးစပ်နဲ့လည်း ခေါ်ရမယ်။ လက်ယပ်လည်းခေါ်ရမယ်။ လက်ပါလှုပ်ပြီးခေါ်ရမယ်။ အာရုံယူပြီး တစ်သမတ်တည်း အဲဒီစိတ်ကို စိုက်ထားရမယ်။ အဲ . . . အဲဒါ အယူသည်းသလို အထင်းသည်းတာလို့ နားလည်ပါ။

ကဲ . . . အထင်သည်းတာ နားလည်ပြီးရင် ခန်းဝင်နည်းကို ပြောမယ်။ ခန်းဝင်နည်းဆိုတာ အခန်းထဲကိုဝင်ပြီး ကျင့်တဲ့နည်းကို ဖော်ပြတော့မယ်။ ပြောပြတော့မယ်။ ချမ်းသာကြွယ်ဝဖို့ အတွက် မိမိခန္ဓာထဲမှာ ရှိတဲ့ ဝေဒနာဓာတ်ရုံ၊ ချမ်းသာအောင် လုပ်ပေးမယ့် ဓာတ်ရုံရှိတယ်နော်။ ဓာတ်ရုံဆိုတာ အလုပ်ရုံပါပဲ။ အခန်း မကျဉ်းမကျယ် တစ်ခုကို ရွေးခြယ်ရမယ်။ ရာသီဥတု အပူအအေး မျှတရမယ်။

အထူးသဖြင့်ကတော့ တိတ်ဆိတ်ဖို့လိုတယ်။ အဲဒီ အခန်းထဲဝင်ပြီးတော့ ထိုင်မယ်။ ကြိုက်သလိုထိုင်ပါ။ တင်ပလ္လင်ခွေ ချိတ်ထိုင်လို့လည်း ရတယ်။ ဘာမှမလုပ် သေးဘဲနဲ့သိန်းပေါင်းများစွာ ချမ်းသာဖို့ သိဒ္ဓိတန်ခိုးနဲ့လုပ်မယ့်လူဟာ သိန်းပေါင်းများစွာ ချမ်းသာဖို့ သူ အလုပ်လုပ်တော့ မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီတော့ ထိုင်မိတာနဲ့ ဆံဖျားကနေပြီး ခြေဖျားအထိ အကြောတွေကို စိတ်နဲ့ လျော့သွားပြီးလို့ လျှော့ရမယ်။ အကြောလျှော့တာလည်း အဓိကကျပါတယ်။ နောက် တစ်ချက်ကတော့ ကျောရိုးကို မတ်မတ်ထားပြီးထိုင်ရမယ်။

အဲဒီလို ကျောရိုးကို မတ်မတ်ထားပြီး ထိုင်တဲ့အခါ အသက်ကို ချက်အထိ ရှူရတယ်။ ဖြည်းဖြည်းချင်း အသက်ကို ချက်အထိ ရှူရမယ်။ ၀မ်းဗိုက်ကိုကားပြီးတော့ အုတ်ဆက်တို့ လည်ပင်း တို့လည်း မတ်နေရမယ်။ နှာခေါင်းကတော့ အလိုက်သင့် ရှူလို့ကောင်းအောင် မော့လိုကမော့၊ စောင်းလိုက စောင်း၊ နည်းနည်းပြင်ဆင်ခွင့်ရှိပါတယ်။ အသက်ကို လေးလေးမှန် မှန် ရှူရမယ်။ ချက်အထိ ရှူသွင်းနေတဲ့အချိန်မှာပဲ တစ်ကိုယ် လုံးမှာရှိတဲ့ သွေးကြောတွေထဲကို အဲဒီလေက ပျံ့နှံ့သွားတယ် လို့ အာရုံပြုရမယ်။

ပြီးတော့တစ်ခါ အသကိဝတော့ ပြန်ထုတ်ရမယ်။ အဲဒီလိုလုပ်နေရင်းကနေပြီးတော့ အံ့သြလောက်တဲ့ စည်းစိမ်း ချမ်းသာတွေကို ငါတော့ရပြီ၊ ဒီတစ်သက်မှာ နေရာကျပြီလို့ အကျအန ခံယူလိုက်ရမယ်။ ၀င်ငွေတွေလည်း အမြောက် မြားဝင်နေပြီ။ ဘယ်လို ဘယ်လို ၀င်နေမှန်းမသိဘူး။ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်၊ တစ်နာရီထက် တစ်နာရီ ကိုယ်အလိုရှိတဲ့ငွေတွေရပြီ။

ဝေဒနာနားမှာ ဖြစ်ပေါ်တဲ့ဆန္ဒတွေက အညွန့် အညှောင့်တွေပေါက်ပြီးတော့ အကိုင်းအခက်တွေ ထွက်လာ ပြီး . . ၊ အဲဒီလို ခံယူရမယ်။ စိုးရိမ်သောကစိတ်၊ ငါတော့ မချမ်းသာတော့ပါဘူးဆိုတဲ့ စိုးရိမ်သောကစိတ်ဟာ ရှာလို့ တောင်မတွေ့ဘူး၊ မြူမှုန်လောက် တောင်မရှိဘူး။ ပျောက် ကွယ်သွားပြီ၊ ငါဟာ ယုံကြည်စောင့်စားပြီးဆန္ဒ ဓာတ်ကို ဖော်ပြီးတော့ ချမ်းသာခြင်းကို ကြံစည်လိုက်တာဟာ အခု တော့ရပြီ။ တစ်စတစ်စ၊ တစ်စတစ်စ၊ တစ်နေ့ထက်တစ်နေ့ တစ်နာရီထက်တစ်နာရီ ငါအလိုရှိတာတွေ မရဘဲနေနိုင်ရိုး လား။ ရပြီ . . .။

ကဲ . . . ရတော့ ဘယ်သူတွေက ၀ိုင်းဝန်းပံ့ပိုးလို့ရတာ လဲ။ ဒီစကြ၀ဋ္ဋာမှရှိတဲ့ လူနတ်ဗြဟ္မာ၊ သူတို့တင်မဟုတ်ဘူး တိရစ္ဆာန်တွေ၊ ရှိရှိသမျှတိရစ္ဆာန်တွေ၊ သက်ရှိတွေရော၊ သက်မဲ့ တောတောင်ရေမြေ၊ နေလ၊ နက္ခတာရာ၊ အဲဒါတွေ အားလုံးဟာ ငါ့ကို ကျေနပ်လို့ပေးနေကြပြီ။ သူတိုက ငါ့ကို ၀ိုင်းစောင့်ရှောက်နေတယ်။ သက်ရှိသက်မဲ့မှန်သမျှ ငါ့ရဲ့ မိတ်ဆွေရင်းချာတွေဖြစ်တယ်။ ငါ စည်းစိမ်ဥစ္စာ မြောက်မြားစွာသော ငွေကြေးဓနတွေ ချမ်းသာဖို့ အရပ်ရှစ်မျက်နှာ၊ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ ကနေပြီးတော့ သက်ရှိ သက်မဲ့ စောစောကပြောတဲ့ လူ၊ နတ်၊ ဗြဟ္မာတွေ၊ တိရစ္ဆာန် ပေါင်းစုံ တောတောင်ရေမြေ၊ သမုဒ္ဒရာ၊နေလ၊ နက္ခတာရာ တွေကပါမကျန် ၀ိုင်းဝန်းပြီးတော့ မိတ်ဆွေရင်းချာတွေမို့လား။ ၀ိုင်းဝန်းပြီးတော့ ပို့နေကြပြီ။ ငါအလိုရှိတဲ့ ငွေတွေဟာဝင်လာ မစဲ တသဲသဲနဲ့ဝင်လာပြီ။

ဝင်လာတဲ့အခါ ဘယ်ကနေ၀င်လာ သလဲဆို ခေါင်းပေါ်ကနေ၀င်လာတာ။ လေပွေကြီးလို၊ ကန်တော့ကြီးလို ငယ်ထိပ်တည့် တည့်ကနေပြီးတော့၊ နောက်ပြီးတော့ ပိုက်ကွန်ကြီးနဲ့ခံထား သလို ငယ်ထိပ်တည့်တည့်ကနေ ကောင်းကင်အထိ မြင့်မား တဲ့ ပိုက်ကွန်ကြီး၊ ကန်တော့ကြီး၊ အဲဒီအထဲကို တသဲသဲဝင် လာပြီလို့ အာရုံပြုမယ်။ အဲဒီမှာ အာရုံပြုတယ်ဆိုတာ စိတိအလုပ်မဟုတ် လား။ စိတ်အလုပ် . . . စိတ်အလုပ်။ အခုတစ်ခါ စကား အလုပ်၊ ၀စီအလုပ် လားဦးမယ်။






ဆက်လက်ဖော်ပြပါဦးမည်။

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်