“လူချစ်လူခင်ပေါများချင်သူများအတွက်”(မင်းသိင်္ခ)

ကျွန်ုပ်၏အသက် ရှစ်နှစ်ကိုးနှစ် အရွယ်ခန့်က ကျွန်ုပ်၏ အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန် အတွက် ကျွန်ုပ်ကို သနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာညက်၍ လိမ်းကောင်းသည်ဆို၏။ ထိုသို့ သနပ်ခါး သွေးရာ၌လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ်အတွင်း ရွတ်ခိုင်း၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့် တပြိုင်တည်း ကျောက်ပြင်နှင့် သနပ်ခါးကိုထုပ်ကာ အောက်ပါမန္တာန်ကို
ရွတ်ရလေတော့၏။

သဗ္ဗေ ဒေ၀ါစ ယက္ခာစ ၊ ရာဇ မေတ္တာ မနုဿစ။
သဗ္ဗေ ကောဓံ ၀ိနဿန္တု ၊ ဒိသွာန ပိယာ ယန္တု။
စတ္တံ ပုတ္တေ နေ၀သိန္နော အဟံ။
ကရဏီယ မေတ္တ ကုသလေန။
ယန္တသနံ္တ ပဒံ အဘိသမေစ္စ သွာဟ။

ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါးသွေးရ၏။ ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီး မန္တာန်ကို မရွတ်ဘဲ နေ၏။ ထိုအခါ၌ အဘွားသည် “ဟဲ့ကောင်လေး မန္တာန်ရွတ်လေ” “အဘွားရယ် သနပ်ခါးရရင် ပြီးတာပဲ။ မန္တာန်က ဘာလို့ရွတ်ရတာလဲ”ဟု စောဒက တက်ခဲဘူးလေ၏။

ထိုအခါ၌ အဘွားက....
ဒီမန္တာန်က သိပ်ပြီးစွမ်းတာ ငါ့မြေးရဲ့။ နတ်ချစ်တယ်၊ မင်းချစ်တယ်၊ သူတစ်ပါးရဲ့ ဒေါသတွေ ကိုယ်ဆီကို မကျရောက်ဘူး။ မြင်တဲ့သူတိုင်းက ၀မ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးကို ချစ်သလိုချစ်တယ်။ အဲဒါ သိကြားမင်းပေးတဲ့ မန္တာန်။ ဆီကို အဲဒါနဲ့မန်းပြီး ခေါင်းကိုလိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့ မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင်ပေါတယ် ငါ့မြေးရဲ့... ဟုပြောလေ၏။

အမှန်စင်စစ် ကျွန်ုပ်၏အဘွားသည် လွန်စွာ အပေါက်ဆိုး၏။ မည်သည့်အခါမှ ပြေပြေလည်လည် ပြောလေ့မရှိ။ ကျွန်ုပ်၏ အဘွား၏အမည်မှာ ဒေါ်အေးခင်ဟူ၍ဖြစ်၏။ စကားပြော အပေါက်ဆိုးသော ကျွန်ုပ်၏အဘွား ဒေါ်အေးခင်အား လူတို့သည် ချစ်ခင်ကြကုန်၏။

“ဒေါ်အေးခင်ကြီးကကွာ အလွန် ရိုးတာကလား။ စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်တာပေါ့”” ဟူ၍ ခွင့်လွတ်ကာ ချစ်ခင်ကြကုန်၏။ သူလိမ်းသော သနပ်ခါးတွင် ကျွန်ုပ်ရွတ်ပေးသော မန္တာန်၏ အစွမ်းကြောင့် ပေလော။ ဤစကားသည် မှန်သောစကား ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်အား....အမေရယ် အဘွားလို သနပ်ခါးသွေးရင် မန္တာန်ရွတ်ပြီး သွေးပါလား။ အဲဒီမန္တာန်ဟာ လူချစ်လူခင် များတယ် ဟု ကျွန်ုပ်က အကြံပေးသော်လည်း.. အမလေးတော် ငါတို့က နင့်ဘွားအေလို အားနေတာ မဟုတ်ဘူး။ သနပ်ခါးလည်း မလိမ်းအားဘူး။ လိမ်းရင်လည်း မန္တာန်တွေ ဘာတွေ ရွတ်မနေနိုင်ဘူး။ ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေတာပဲ” ဟုပြောလေ၏။

အမှန်စင်စစ် အားဖြင့် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်၏ အဘွားလောက် လူချစ်လူခင် မများရှာပါ။ ကျွန်ုပ် အိမ်ထောင်ကျသောအခါ ကျွန်ုပ်၏ဇနီးအား ကျွန်ုပ်က....တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တာန်ရွတ်ပြီး သွေးတာ။ လူချစ်လူခင် များတယ်။ မင်းရော သနပ်ခါးသွေးရင် အဲဒီမန္တာန်ရွတ်ပြီး သွေးပါလား ငါတို့ အလွတ်ရတယ်။ သင်ပေးမယ်....ဟု ပြောမိရာ ကျွန်ုပ်၏ ဇနီးသည်က “တောမှာ သွားပြော”ဟု ကျွန်ုပ်အား ပြောလေ၏။

ကျွန်ုပ်၏ ဇနီးသည် မည်သည့် မန္တာန်ကိုမျှ မရွတ်။ ထူးခြားချက်တစ်ခုမှာ သူသည် လူမုန်းများသော သူဖြစ်၏။ ကျွန်ုပ်သည် ထိုမန္တာန်အပေါ် ယုံကြည် သက်ဝင်လာခဲ့၏။ လောကီပညာ လိုက်စားသောအခါ၌ ပြည်ဦးကြန်စွယ်၏ MAGICAL ARTS ခေါ် ၀ိဇ္ဇာမယ သိဒ္ဓိကျမ်းသည် မဖတ်မဖြစ် ဖတ်ရသောကျမ်း ဖြစ်လေရာ ထိုကျမ်းကို ဖတ်ရလေ၏။ ထိုကျမ်း၏ အပုဒ်ရေ ၄၁၀-၌ ကျွန်ုပ်၏ သနပ်ခါးမန်း ဆီမန်းဂါထာသည် တခမ်းတနား ပါလာလေတော့သတည်း။

သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်