ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း

ကျန်းမာရေးအတွက် - ဓာတ်စာစားရခြင်း

တစ်နေ့သ၌ကျွန်ုပ်သည် တစ်ယောက်တည်းထိုင်၍ ငယ်စဉ်ကလေးဘ၀မှ အကြောင်းအရာ တစ်ချို့ကို ပြန်ပြောင်း သတိယနေမိလေ၏။ ကျွန်ုပ် သတိယမိသော အကြောင်းအရာများတွင် ငယ်စဉ်က နွေကျောင်းပိတ် ရက်များတွင် ရွာဦးကျောင်းတွင် ကောင်းအိပ်ကျောင်းစား သွားနေခဲ့ရသည် များလည်းပါ၏။ အရိုက်ကြမ်းသော ဆရာတော်နောက်တွင် အလှူတကာသို့ လှည့်လည် လိုက်ခဲ့ရသည်လည်း ပါ၏။ ဘုန်းကြီးကျောင်းသား အချင်းချင်း ဗိုလ်ကျအနိုင်ကျင့် ခံခဲ့ရသည်လည်း ပါလေ၏။ ညဘက် ဘုန်းကြီးကျောင်းထဲတွင် ကျွန်ုပ်တို့ကဲ့သို့ ဘုန်းကြီးကျောင်းသား များအားလုံး တန်းစီ၍အိပ်ကြရာ ရှေ့ဟောင်းသံပတ်နာရီကြီး၏ တဂျောက်ဂျောက် မြည်သံကြောင့် ညဘက် ကြောက်ရွံ့
အိပ်မပျော်ခဲ့ရသည်များလည်း ပါလေ၏။ စသည်ဖြင့် အကြောင်းအရာမျိုးစုံ အဖြစ်အပျက် မျိုးစုံတို့ကို တစ်ယောက်တည်း ထိုင်ကာ တွေးနေမိလေတော့၏။

ဤနေရာ၌ ကျွန်ုပ်တို့ ကျေးရွာရှိ ဆေးဆရာသုံးဦး အကြောင်းကို အနည်းငယ်မျှ တင်ပြလိုပေသည်။ ကျွန်ုပ်တို့ ကျေးရွာတွင် ကျွန်ုပ်ငယ်စဉ်က ဆေးရုံမရှိ။ ဆေးခန်း မရှိ။ ဆေးဆရာသုံးဦးသာ ရှိလေ၏။ တစ်ဦးမှာ ဦးညိုကြီးဟူ၍ ဖြစ်၏။ မည်သို့ ဆေးထိုးတတ်သွားသည်မသိ။ သူသည် အနောက်တိုင်း အင်္ဂလိပ်ဆေးများကို စက်ဘီးတစ်စီးပေါ်တွင် ဆေးအိပ်ကို တင်ကာ ရွာတကာ နယ်တကာသို့ လျှောက်သွား၏။ နေမကောင်းသော အိမ်မှ သူ့ကို လာ၍ပင့်လျှင် သွား၏။ စကားကို အော်ကြီးဟစ်ကျယ် ပြောတတ်၏။ ဆေးထိုးလျှင် လွန်စွာကြမ်း၏။ ဦးညိုကြီးထံတွင် ဆေးတစ်ခါ ထိုးလိုက်လျှင် အနည်းဆုံး တစ်လလောက် ရေနွေးပုလင်းနှင့် လှိမ့်ပေးရ၏။ ပေါင်ကြီးများ တန်းနေ၍ တစ်ပါတ်လောက် လမ်းမလျှောက်နိုင် ဖြစ်၏။ သို့သော် မည်သို့ ဖြစ်သည်မသိ ဦးညိုကြီးနှင့် ကုသသောလူနာများ အားလုံးလိုလိုပင် ရောဂါဝေဒနာ သက်သာ ပျောက်ကင်းကြရလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ဒေသတွင် ဦးညိုကြီးသည် အင်မတန် အပေါက်ဆိုးသော်ငြားလည်း ဒီဆရာ ဆေးလိုက်သည်ဟု နာမည်ကြီးလေ၏။

နောက်ဆေးဆရာ တစ်ဦးလည်းရှိ၏။ ၎င်း၏အမည်မှာ ဦးသိန်းထွန်းဟူ၍ ဖြစ်လေ၏။ သူသည် ဦးညိုကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်လေ၏။ စကားပြောလျှင်လည်း တိုးတိတ်ငြင်သာစွာ ပြောဆိုလေ့ရှိ၏။ သွားလာသော အခါတွင်လည်း ငြင်ငြင်သာသာ သွားလာလေ့ရှိ၏။ ဦးသိန်းထွန်း အသံထွက်၍ ရီသည်ကို တစ်ခါတစ်ရံမျှ မမြင်ဖူးခဲ့ပေ။ သူ၏ ပဉ္စမမြောက် ရွှေသွားလေး ပေါ်သည်ဟု ဆိုယုံမျှသာ ပြုံးလေ့ရှိလေ၏။ ဦးသိန်းထွန်းသည် လည်း သူ၏ ဆေးလွယ်အိပ်ကို လွယ်ကာ ရပ်တကာရွာတကာ လျှောက်သွားနေရသူ ဖြစ်လေ၏။ သူ၏ ဆေးအိပ်တွင် ဆေးအမည် များများစားစားမပါ။ ငန်းနီကျော် လျှာပွတ်ဆေးစသော တိုင်းရင်းဆေးလေး သုံးလေးထုပ် သာပါလေ၏။ တစ်ခု ထူးခြားသည်မှာ သူသည် လူနာတစ်ဦးကို ကုသတော့မည်ဆိုလျှင် အရင်ဆုံး ဘာနေ့သား သမီးလည်း အသက် ဘယ်လောက်လဲ မွေးသက္ကရာဇ်က ဘယ်လောက်လည်း စသည်ဖြင့် မေးပြီး လျှင် စာအုပ်ထဲတွင် ကျွန်ုပ်တို့ ဗေဒင်တွက်သလို တွက် ပြီးမှ ဆေးကုလေ၏။

သူဆေးကုလျှင် ကင်ပွန်းချင်ရွက်နဲ့ ဘာနဲ့ ဘယ်လို ချက်စားလိုက်။ အုန်းရည်သောက်လိုက်၊ ဂွေးတောက်ရွက်ကို ငါးခေါင်းတိုနဲ့ ဟင်းချိုချက်သောက် စသည်ဖြင့် ဓာတ်စာပေး၏။ မည်သို့ ဖြစ်သည်မသိ ကျွန်ုပ်တို့ဒေသရှိ သူများသည်လည်း ဆေးဆရာ ဦးသိန်းထွန်း ပြောသကဲ့သို့ ချက်စားပြုတ်စား ကြလေ၏။ ထို့အတူ ရောဂါများလည်း တစ်ရက်နှစ်ရက်အတွင်း ပျောက်ကင်း သွားကြသည်ချဉ်းပင် ဖြစ်လေ၏။ ထို့ကြောင့် ဦးသိန်းထွန်း ဟုအမည်ရသော ဗိန္ဓောဆေးဆရာသည်လည်း ကျွန်ုပ်တို့ဒေသတွင် သိပ်တော်တဲ့ ဆရာစသည်ဖြင့် အထင်ကြီးလေးစားခြင်း ခံရလေ၏။

နောက်ထပ် ဆေးဆရာတစ်ဦး အကြောင်းကို ပြောပြချင်ပါသေး၏။ ဆေးဆရာဟူ၍ ပြောသည်ထက် ဘုန်းတော် ကြီးဟု ပြောသည်က ပို၍ မှန်ကန်မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆရာတော်သည် အရိုး အကြော များနှင့် ပါတ်သက်၍ လွန်စွာ နိုင်နင်းလေ၏။ အရိုးကျိုးခြင်း ၊ အရိုးအက်ခြင်း ၊ အဆစ်လွဲခြင်း ၊ အကြောတင်ခြင်း ၊ တင်ကျခြင်း စသော ရောဂါတို့ကို လွန်စွာနိုင်နင်း ကုသပေးလေ၏။ ကျန်းမာရေးအတွက် အလှူငွေကိုမူ မကောက်ယူပေ။ ဆေးကုသွားသူများက မိမိ အသိစိတ်ဖြင့် မိမိကိုယ်တိုင် ကွမ်းသီးလေး ၀ယ်သွား သံပုရာသီးလေး ခူးသွားပြီး လှူဒါန်းကြသည်ကိုပင် လက်ခံတော်မူလေ၏။ အမှန်အတိုင်း ပြောရပါမူ ကျွန်ုပ်တို့ ဒေသရှိ အိမ်တိုင်းလူတိုင်း ထိုဆရာတော် ကျေးဇူးတရားနှင့် ကင်းကွာသောသူသည် လုံးဝမရှိဟု ပြောဆိုရလောက် အောင်ပင် ဖြစ်လေ၏။

ထိုဆရာတော် သီတင်းသုံးသော ဆယ်တော်ကျောင်းကို အစွဲပြု၍ ဆယ်တော်ကျောင်းဆရာတော်ဟုပင် ထင်ရှားလေ၏။ ဆရာတော်က ရောဂါ ကုသသောအခါတွင် မည့်သည့်ဆေးကိုမှ အသုံးမပြု။ ရေမန်းကိုသာ အသုံးပြုလေ၏။ ထိုရေမန်းကလည်း တခြားမဟုတ်။ ကျောင်းအတွင်း ရေတွင်းမှ ရေပင်ဖြစ်၏။ ကြားးဖူးနားဝ အဖြစ် ကြားဖူးသည်မှာ အင်မတန်စွမ်းသောပထမဆရာတော် ဘုရားကြီးမှ နောင်လူအများ အကျိုးများစေခြင်း ငှာ ရေတွင်းတစ်တွင်းလုံးအား ရေမန်းအဖြစ် မန်းပေးခဲ့သည်ဟူ၏။ ၎င်းရေတွင်းအတွင်းမှ ရေမန်းများ မည်မျှလောက် စွမ်းသနည်းမူ ဖားတကောင်ကို ခြေထောက်များလက်များ အားလုံးကို အပိုင်းပိုင်းချိုး၍ ရေတွင်းထဲသို့ ပစ်ချလိုက်ပါက ၎င်းဖားသည် ချက်ချင်းဆိုသလို ရေကူးနေသည်ကို မြင်ဖူးကြကုန်၏။ ထို့ကြောင့် ထို ဆရာတော်သည်လည်း ကျွန်ုပ်တို့ ဒေသရှိ လူအများ အားကို အားထားပြုစရာ ဖြစ်လေတော့၏။

ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးရွာရှိ ဆေးဆရာများအကြောင်းကို ပြန်လည် အမှတ်ရမိလေတော့၏။ ကျွန်ုပ် ယနေ့တိုင်အောင် လုံးဝ မှတ်မိနေသော အကြောင်းအရာ တစ်ခုရှိ၏။ ထိုအကြောင်းအရာမှာ ကျွန်ုပ်၏ အမဖြစ်သူသည် မည်သို့ ဖြစ်သည်မသိ တရှောင်ရှောင် နေမကောင်း ဖြစ်နေ၏။ တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ ကြာနေလေ၏။ အစ ပထမတွင် ဦးညိုကြီးဆိုသော ဆေးထိုးဆရာနှင့် ဆေးထိုး၏။ မသက်သာ။ ဆေးမတိုး။ ကျွန်ုပ်တို့ အိမ်တွင် ကျွန်ုပ်ဖခင်ဖြစ်သူ၏ လက်သုံးတော် ဆေးဆရာမှာ ဦးညိုကြီးဖြစ်၏။ ဖခင်ဖြစ်သူသည် မိုးရာသီတွင် တစ်နေလုံး တစ်လလုံး လယ်လုပ်နေရ၍ ခြေကုန်လက်ပန်းကျကာ မလှုပ်ချင် မကိုင်ချင် ဖြစ်နေလျှင် ဆေးဆရာဦးညိုကြီးကို ခေါ်ကာ အလုံးကြီးတစ်လုံးလောက် သွင်းလိုက်ပါမှ ချက်ချင်းဆိုသလို နေသာ ထိုင်သာ ရှိသွားသည် ဟူ၏။ ကျွန်ုပ် မိခင်၏ လက်သုံးတော် ဆေးဆရာမှာ ဦးသိန်းထွန်းဖြစ်၏။ မအီမသာ ဖြစ်နေတယ် ဆိုပါက ဦးသိန်းထွန်းထံတွင် ဓာတ်စာတောင်း၍ ဦးသိန်းထွန်း ပြောသကဲ့သို့ ချက်စားပြုတ်စားလိုက်ပါက ချက်ချင်းဆိုသလို နေကောင်းသွား၏။ ပေါ့ပါးသွား၏ဟူ၏။

ထို့ကြောင့် အမ နေမကောင်းသော အခါတွင် အစပထမတွင် ဖခင်၏ လက်စွဲတော် ဆေးဆရာ ဦးညိုကြီးနှင့် ဆေးထိုး၏။ မည်သို့ဖြစ်သည်မသိ ဆေးမလိုက်၊ မပျောက်ကင်းသောကြောင့် မိခင် ဖြစ်သူက အဆိုတင်သွင်း လေ၏။ ဦးသိန်းထွန်းကို ပင်၍ ဓာတ်စာပေးခိုင်းမည် ဆို၏။ ဖခင်ကလည်း သဘောတူလေ၏။ ထို့ကြောင့် ကျွန်ုပ်က တစ်ရွာကျော်တွင်ရှိသော ဆေးဆရာဦးသိန်းထွန်းကို သွားပင့်ရလေ၏။ မှတ်မှတ်ရရ ထိုအချိန်တုန်းက ကျွန်ုပ်အသက်သည် ရှိလှပါမှ (၈)နှစ်သားလောက်ပင် ရှိပေဦးမည်။ အသွားတွင် ခြေကျင်လျှောက်သွားရ၍ အပြန်တွင်မူ ဦးသိန်းထွန်း၏ စက်ဘီးနောက်တွင် ထိုင်လိုက်ပြန်လာရ၏။

မှတ်မှတ်ရရ အမနေမကောင်းသောကြောင့် ဦးသိန်းထွန်းပေးသော ဓာတ်စာမှာ ကင်ပွန်းချင်ရည်ဟင်း ချက်ကြွေးရန်ဖြစ်လေ၏။ အမေကလည်း အဘွားခြံထဲက ကင်ပွန်းချဉ်ရွက်များကို ကျွန်ုပ်တို့ မောင်နှမအား ခူးခိုင်း၏။ ကျွန်ုပ်နှင့် ကျွနျုပ်အထက်က အမခူးပေးသော ကင်ပွန်းချဉ်ရွက်များကို အမအား အမေကိုယ်တိုင် ချက်ကြွေးလေ၏။ ထိုကင်ပွန်ချဉ်ရည်ဟင်းကို စားပြီးသည်နှင့် အမသည် ၀မ်းသွားလေတော့၏။ နောက်တစ်ရက် မိုးလင်းတွင် ကျွန်ုပ်၏ အမသည် နေကောင်းသွားလေတော့၏။

(မှတ်ချက် ။ ယခု ကျွန်ုပ် ပြောဆိုခဲ့သော ဆေးပညာနှင့် ပါတ်သက်၍ ဗဟုသုတ နည်းပါးသော ကျွန်ုပ်တို့၏ ကျေးရွာများရှိ အဖြစ်အပျက် အမှန်များသာ ဖြစ်၏။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသော စကားအတိုင်းပင် ဖြစ်မည် ထင်၏။ ထိုကဲ့သို့ ဆေးပညာ ဗဟုသုတနည်းပါးကြလင့်ကစား ကျွန်ုပ်၏ဖခင်နှင့် မိခင်တို့မှာ အသက်(၇၀) ကျော် သည့်တိုင်အောင် ဆေးရုံဆေးခန်းများသို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့ယုံမျှမက ယနေ့တိုင်အောင် ကျန်းကျန်းမာမာကြီး အကောင်းပကတိအတိုင်း ရှိနေယုံမျှမက အလုပ်များကိုလည်း လူငယ်များနှင့် အပြိုင် လုပ်ကိုင်နိုင်သေးပါသည်။)

ယခု ကျွန်ုပ်အနေနှင့် ပြောပြချင်သည်မှာ ဦးသိန်းထွန်း ဆေးကုသသော နည်းကို တင်ပြလိုခြင်းပင် ဖြစ်၏။ မည်သည့်ဆေးဝါးကိုမှ မဆောင်။ ဟိုဟာချက်စားလိုက်။ ဒီဟာလေး သောက်လိုက်စသည်ဖြင့် ပေးသော နည်းသည် လူနာများ၏ အသက်ကို ကယ်တင်နိုင်သည် ဆိုငြားအံ့။ ယခု ကျွန်ုပ် တင်ပြပေးလိုက်သော နည်းသည်လည်း ရောဂါဝေဒနာသည်များအတွက် အသက်ကယ်နည်းတစ်ခု ဖြစ်ခဲ့မယ်ဆိုပါက ကျွန်ုပ်အနေနှင့် ကျေနပ်ဝမ်းသာ ဖြစ်နေမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း...............

ဓာတ်စာစာခြင်း ၊ ဆောင်ရန်ရှေင်ရန် နည်းစနစ်

မိမိရောက်ဆဲအသက်ကို တည်ပါ။ မွေးနံနဲ့ ပါင်းရမယ်။ ပေါင်းလို့ ရတဲ့အထဲကနေ (၁) ကိုနှုတ်ရမယ်။ ရရှိလာသော ဂဏန်းကို (၇) နဲ့စားရမယ်။ အကြွင်းကို ကြည့်ပြီး ဓာတ်စာပေးတာတို့၊ စားရန်တို့ ၊ ဆောင်ရန်-ရှောင်ရန်တို့ လုပ်ပေးရတာပါ။

ဥပမာ- အသက် (၃၅) နှစ်ရှိတဲ့ တနင်္လာသားကို တွက်ကြည့်ရအောင်။ အသက်ကိုတည် ၊ မွေးနံနှင့်ပေါင်းလို့ ဆိုတော့... (၃၅+၂=၃၇) (၃၇) ရတယ်။ ၎င်းပေါင်းလဒ်ထဲက (၁) နှုတ် ရမယ်ဆိုတော့ (၃၇-၁=၃၆) ၊ အဲဒီ (၃၆)ကို (၇)နဲ့ စားလိုက်။ (၃၆ + ၇ = ၁)ကြွင်းတယ်။ ရပြီနော်။ မခက်ပါဘူး။ လွယ်လွယ်လေးပါ။ အောက်မှာ အကြွင်းအလိုက် ဓာတ်စာစားရမှာတွေ ဆောင်ရန် ရှောင်ရန်တွေ ရေးပေးလိုက်ပါတယ်။

သုညကြွင်း....
သုညကြွင်းတဲ့ နှစ်မှာ အခါးနှင့် တည့်တယ်။ အခါးမှန်သမျှ စားသုံးနိုင်တယ်။ သစ်သီးသစ်မှည့် များများ စားသုံးပေးရမယ်။ မန်ကျဉ်းသီးမှည့်ကို အသုံးပြု၍ ချက်ပြုတ်ခြင်း၊ မန်ကျဉ်းသီးမှည့် ဖျော်ရည်သောက်ခြင်းများ ပြုရမယ်။ ရှောင်ရန်အနေနဲ့ကတော့ အအေး ၊ အငန် ၊ အကြော်အလှော် မှန်သမျှ နေထိုင်မကောင်းဖြစ်တဲ့အခါ ရှောင်ပါ။ ဆောင်ရွက်ရန်ကတော့ အသုံးပြုသော ခြင်ထောင်ကို သန့်ရှင်းစွာ လျှော်ဖွတ်ခြင်း၊ ခုတင်ပေါ်တွင် မလိုလားအပ်သော ပစ္စည်းများ မထားပဲ ဖယ်ရှား၍ သတ်ရပ်စွာ ထားသင့်ပါတယ်။

တစ်ကြွင်း.....
တစ်ကြွင်းတဲ့နှစ်မှာ အကြော်အလှော်များကို မျာများ စားပေးရမယ်။ သည်းခြေစာ အခါးဓာတ်နှင့်လည်း တည့်တယ်။ မကြာခန အအေးသောက်ပေးရမယ်။ ရှောင်ရန်အနေနဲ့ကတော့ ... အဆိမ့်တွေ အပူတွေကို ရှောင်ရမယ်။ ဆောင်ရွက်ရန်အနေနဲ့ကတော့ သုံးစွဲနေကျ ခေါင်းအုံးကို မကြာခန နေလှန်းပေးခြင်း၊ ခေါင်းအုန်းစွပ် လဲလှယ်ပေးခြင်း ၊ ပြုလုပ်ပေးပါ။

နှစ်ကြွင်း...
နှစ်ကြွင်းတဲ့နှစ်မှာ သစ်သီးအမှည့်များကို အဓိက စားသုံးရမယ်။ သင်္ဘောသီးမှည့် ၊ သရက်သီးမှည့် ၊ လိမ္မောသီးမှည့် များ စားသုံးပါ။ မန်ကျဉ်းသီး ဖျော်ရည် မကြာခန သောက်ပါ။ အဆိမ့်စာမှန်သမျှ တည့်တယ်။ အအေးစာမှန်သမျှနျင့် အခါးတွေကိုတော့ ရှောင်ပါ။ ဆောင်ရွက်ရန်အနေနဲ့ကတော့ သုံးစွဲနေကျ အိပ်ယာခင်းကို မကြာခန နေလှန်းပေးခြင်း၊ မကြာခန လျှော်ဖွတ်ခြင်းခြင်း များ ပြုလုပ်ပေးပါ။

သုံးကြွင်း....
သုံးကြွင်းတဲ့ နှစ်မှာ အကြော် အလှော် အကင်များကို ဓာတ်စာအဖြစ် မကြာခန စားပေးပါ။အအေးစာ အငန်စာများကိုလည်း စားနိုင်တယ်။ သည်းခြေစာနှင့် အပူစာများကိုတော့ ရှောင်သင့်တယ်။ ဆောင်ရွက်ရန် အနေနဲ့ကတော့ သုံးစွဲနေကျ စောင်ကို မကြာခန နေလှန်းပေးခြင်း၊ သန့်ရှင်းသပ်ရပ်စွာထားခြင်း ပြုလုပ်ပေးပါ။

လေးကြွင်း...
လေးကြွင်းတဲ့နှစ်မှာ အဆိမ့်မှန်သမျှ စားပါ။ ဆီးချိုဓာတ်ခံရှိပ်ကတော့ လျှော့စားပါ။ ရှောင်ရန်အနေနဲ့ကတော့ အခါးဓာတ်များသော အစားအစာများ၊ အပုတ်စာ၊ မန်ကျဉ်းသီးမှည့် ၊ သစ်သိးမှည့်တို့ ရှောင်ပါ။ သစ်သီးကို နှစ်သက်ပါက မမှည့်ခင် စားပါ။ ဆောင်ရွက်ရန် အနေနဲ့ကတော့ သုံးစွဲနေကျ မွေ့ရာကို မကြာခန နေလှန်းပေးခြင်း၊ သန့်ရှင်းသပ်ရပ်စွာထားခြင်း ပြုလုပ်ပေးပါ။

ငါးကြွင်း....
ငါးကြွင်းတဲ့နှစ်မှာ အဆိမ့်စာနှင့် အခါးစာများကို အဓိကစားသုံးပေးသင့်ပါတယ်။ အချိုဓာတ်နှင့် သည်းခြေစာကို ရှောင်ရမယ်။ ဆောင်ရွက်ရန် အနေနဲ့ကတော့ သုံးစွဲနေကျ ဖျာအခင်းကို မကြာခန နေလှန်းပေးခြင်း၊ သန့်ရှင်းသပ်ရပ်စွာထားခြင်း ပြုလုပ်ပေးပါ။

ခြောက်ကြွင်း
ခြောက်ကြွင်းတဲ့နှစ်တွေမှာ အပူစာသည်းခြေစာများကို စာသုံးပေးရမယ်။ (၁၅)ရက်တစ်ကြိမ် နံ့သာဖြူ သွေး၍ ဇါန်းငယ်တစ်ဇွန်းခန့် သောက်ပါ။ တစ်နှစ်တာကာလအတွင်း အကြော်အလှော်များ၊ အပြုတ်များ၊ အအေးများကို ရှောင်ပါ။ အအေးနှင့် အငန်မှန်သမျှကို ရှောင်ရမယ်။ ဆောင်ရွက်ရန် အနေနဲ့ကတော့ မိမိအိပ်ယာ ခေါင်းရင်းမှာ သော့ထားပြီး အိပ်စက်ခြင်းများ ပြုပေးပါ။



ကျွန်ုပ်၏ ဇာတိဖြစ်သော ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ကလေးတွင် ဆေးဆရာတစ်ဦး ရှိလေသည်။ ထိုဆေး ဆရာသည် မြန်မာဗိန္ဒောဆေးဆရာတစ်ဦး ဖြစ်၏။ သူ၏အမည်သည် ဦးသိန်းထွန်းဟူ၍ ခေါ်၏။ ဆရာဝန်ဆရာမပေါများသော ယနေ့မျက်မှောက်ခေတ်ကြီးထဲတွင်ပင် ကျွန်ုပ်တို့ ကျေးရွာသူကျေးရွာသား များသည် နေထိုင်မကောင်း တစ်ခုခု ဖစ်လာလျှင် ဆရာဝန်ဆီမသွား၊ ဦးသိန်းထွန်းဆီသာ သွားလေ့ရှိ၏။ ပင့်လေ့ရှိ၏။

ဆရာဝန်များထံသို့ မသွားခြင်းမှာ ဆရာဝန်ဆရာမများကို အထင်မကြီးသောကြောင့် မဟုတ်ပေ။ ဦးသိန်းထွန်းကို ပို၍ အထင်ကြီးလေးစားသောကြောင့်လည်း မဟုတ်။ ဒါဆို ဘာဖြစ်လို့ မသွားကြတာလဲဆိုတော့ ကျွန်ုပ်တို့ ကျေးရွာများသို့ ရောက်ရှိလာသော ဆရာဝန်ဆရာမများသည် မျက်နှာကြောတင်း၏။ အေးစက်စက်နိုင်၏။ အဆင့်အတန်း ခွဲကြားဆက်ဆံတတ်၏။ ရွာသူရွာသားများနှင့် ရောရောနှောနှော မနေတတ်။ ထို့ကြောင့် များသောအားဖြင့် နေထိုင်မကောင်း ဖြစ်သောအခါ ဆရာဝန်များထံ မသွားရဲကြပေ။

နောက်တစ်ခုမှာ ငွေကြေးချို့တဲ့သောကြောင့်လဲပါလေ၏။ ဦးသိန်းထွန်းဆိုသော ဗိန္ဒောဆေးဆရာကြီးသည် လွန်စွာလည်း စိတ်ကောင်းရှိလေ၏။ အသပြာကို အဓိကမထား။ စေတနာကိုသာ ရှေ့တန်းတင်၍ ကုသလေ၏။ မည်သည့်အခါမျှ ငွေကြေးစကားကို မပြောဘူးပေ။ ထို့ကြောင့်ပင် ဖြစ်လိမ့်မည်ထင်၏။ ဦးသိန်းထွန်းကြီးသည် သေသည့်နေ့အထိ ချမ်ချမ်းသာသာနေထိုင် သွားရသည်ကို မတွေ့ခဲ့ရပေ။

ထိုဆေးဆရာကြီး၏ ဆေးဝါးကုသပုံကား ဆန်း၏။ သူ၏ ဆေးဝါးကုသပုံမှာ ဓာတ်စာပေး၍ကုသခြင်း ဖြစ်လေ၏။ ဘာဟင်းကို ဘယ်လိုချက်စား၊ ဘာ အစားအသောက်တွေကို ရှောင်၊ ဘယ်အချိန်မှာ ရေချိုး၊ ဘယ်အချိန်ရောက်ရင် ချွေးထုပ်အစရှိသည်ဖြင့် ကုသပေးလေ၏။ များသောအားဖြင့် သူကုသသည့်အတိုင်း ရောဂါသည်များ ရောဂါပျောက်ကြသည်က များလေ၏။

ကျွန်ုပ်တို့ ဗေဒင်ပညာရပ်တွင်လည်း ထို့ကဲ့သို့ အလားတူသော တွက်နည်းရှိလေ၏။ ကျွန်ုပ်သည် ဒီနေရာလေး၌ ဓာတ်စာစား၍ရောဂါပျောက်စေခြင်း ဆိုသည်ကို ရေးသားထားခဲ့ဘူး၏။ ယခု ကျွန်ုပ် ပြောလိုသည်မှာ နေထိုင်မကောင်း ဖြစ်နေစဉ်ကာလ၌ ရှောင်ရမည့် အစားအသောက်တို့ကို ဖော်ပြပေးလိုက်ပါသည်။ မတည့်သော အစားအသောက်များဖြစ်၏။ မိမိ ဖြစ်ပွားနေသော ရောဂါဝေဒနာများကို ပို၍ တိုးပွားလာစေ၏။ ထို့ကြောင့် ကျန်းမာရေး မကောင်းသော ရောဂါ ဝေဒနာသည်များအတွက် မတည့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

တွက်နည်း.....
လူနာ၏ အသက်ကိုတည်။ (၆)နှင့် မြှေက်။ ရတာကို (၇)နှင့်စားပါ။

(၁)ကြွင်းရင် --- ကြက်သားနဲ့ မတည့်ဘူး။
(၂)ကြွင်းရင် --- မုန့်ပဲသရေစာနဲ့ မတည့်ဘူး။
(၃)ကြွင်းရင် --- နို့နဲ့ မတည့်ဘူး။
(၄)ကြွင်းရင် --- ဥနဲ့ မတည့်ဘူး။
(၅)ကြွင်းရင် --- ၀က်သားနဲ့ မတည့်ဘူး။
(၆)ကြွင်းရင် --- ကြံရည်နဲ့ မတည့်ဘူး။
(၇)ကြွင်းရင် --- လက်သုပ်နဲ့ မတည့်ဘူး။

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်