သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် ဘုရားသမိုင်း(လားရှိုး)


  1. ကမ္ဘောဇဌာနေ လား၇ှိုးမြေ၏ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် ∆နှင်းမှုန်တဖွေးဖွေး မြောက်လေသွေးသည့် ဟေမာန်သ ဆောင်းသဘာဝတို့၏ လွှမ်းမိုးဆဲအချိန် ကာလ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၏ နေ့ရက်များ၏ တစ်ခုသော နေ့လည်ခင်းမှာပင် ဖြစ်လေတော့၏။ ကျွန်ုပ် ဗေဒင်ဟောလျက်ရှိသော လားရှိုးမြို့၊ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာစေတီတော် (တောင်ပေါ် ဘုရား)ရှိ ကျွန်ုပ်ဗေဒင်ဟောခန်းသို့ ဘုရားဂေါပကလူကြီးတစ်ဦးဖြစ်သူ ဦးလှကျော်သည် ရောက်ရှိလာလေ၏။ ဦးလှကျော်ဆိုသူမှာ လားရှိုးမြို့၊ ပြည်နယ်စည်ပင်သာယာရေးရုံး၏ အရာရှိတစ်ဦးဖြစ်၏။ ယခုအခါတွင် သက်ပြည့်ပင်စင်ရ၍ ဘာသာရေး၊ သာသနာရေးကိစ္စများကိုသာ ပြုလုပ်နေပြီဖြစ်၏။ ယခု သာသနာ(၂၅၀၀) စေတီတော်ဂေါပကအဖွဲ့၏ အတွင်းရေးမှူးအဖြစ်နှင့် ဘုရားအကျိုးတော်ဆောင် သာသနာပြုလုပ်ငန်းများ ကို ကုသိုလ်ပြုလုပ်နေသူ ဖြစ်ပါ၏။ ကျွန်ုပ်တို့နှစ်ဦးမှာ ဗုဒ္ဓဓမ္မများကို ပြောဆိုဖြစ်ကြသလို လက်ရှိမြန်မာ နိုင်ငံ၏ သာသနာရေးတိုးတက်မှုများနှင့် ကမ္ဘာကြီး၏ နည်းပညာတိုးတက်မှုများကြောင့် internet ပေါ်တွင် ဗုဒ္ဓဓမ္မ website များနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် လူငယ်ပညာတတ်များ၏ ဗုဒ္ဓ ဓမ္မပေါ်တွင် တစ်ချို့သောသူများမှာ အယူအဆ အနည်းငယ်တိမ်းစောင်းလျက်ရှိနေသည်ကိုလည်း ကျွန်ုပ် တို့ သတိထားမိသလောက် ပြောဆိုဝေဖန်မိလေ၏။ လောကကြီးတွင် ဝေဖန်ခြင်း ဟူသော စကားလုံးနှင့် ပုတ်ခတ်ခြင်း ဟူသော စကားလုံးတို့၏ ကွဲပြားခြားနားမှုကိုလည်း ပြောဆိုမိ၏။ ဤသို့ ကျွန်ုပ်တို့ ပြောဆို ကြသော စကားအကြောင်းအရာများတွင် မြန်မာလူငယ်အများစုမှာ မြန်မာ့ရိုးရာ လောကီ၊ လောကဓါတ် ပညာရပ်များနှင့်ပတ်သက်၍ ယုံကြည်သူအားနည်းလာသည်ကိုတွေ့ရသလို တစ်ချို့သောသူများမှာ ဗုဒ္ဓဓမ္မ နှင့် လိုက်လျောညီထွေမှုမရှိဘဲ ဆန့်ကျင်နေသည်ထိကိုပင် နားလည်မှုကွဲလွဲချက်တွေကိုလည်း ကျွန်ုပ် တွေ့မြင်ရ၍ စိတ်မကောင်းဖြစ်ရသည်ကိုလည်း ပြောဖြစ်လေ၏။ ဤသို့ မြန်မာ့လောကီပညာ၊ လောကဓါတ် ပညာကို မယုံကြည်သူတွေရှိသလို ယုံကြည်သူ လူငယ်များမှာလည်း အခိုင်အမာရှိနေသည်ကို တွေ့ရသော ကြောင့် ကျွန်ုပ်မှာ စိတ်အားတက်မိကြောင်းလည်းပြောဖြစ်သေးတော့၏။ ယနေ့လူငယ်ပညာတတ်တို့မှာ အရာရာကိုလက်တွေ့ကြုံမှယုံကြည်ကြပြီဖြစ်နေ၍ ကျွန်ုပ်တို့မှာ ဗုဒ္ဓဘာသာ၊ သာသနာနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာ့ရိုးရာလောကီ၊ လောကဓါတ်ပညာများနှင့် ပတ်သက်၍ လက်တွေ့သက်သေ၊ သာဓက ဖြင့်ပင် ရှေ့လျောက် online internet website များမှတင်ပြလုပ်ဆောင်သွားရန် စီစဉ်လုပ်ဆောင်နေမှု များကိုလည်း ကျွန်ုပ်ထက် အသက်အရွယ်ကြီးရင့်ခြင်း၊ အရာရှိကြီးတစ်ဦးဖြစ်ခြင်း၊ သာသနာပြုလုပ်ငန်းတွေ ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေခြင်း၊ တတ်အားသမျှ တရားဓမ္မကျင့်ကြံအားထုတ်ခြင်း၊ ဘုရားဂေါပက လူကြီးတစ်ဦးဖြစ်ခြင်း တို့ကိုအကြောင်းပြု၍ တင်ပြဆွေးနွေးတိုင်ပင်၍ အကြံဥာဏ်တောင်းဖြစ်လေတော့၏။ ဆရာကြီး ဦးလှကျော်မှလည်း လိုအပ်ချက်ဖြည့်ဆည်းခြင်း၊ အကြံဥာဏ်များ၊ ကောင်းသော၊ မြတ်သော အကြံဥာဏ်များကို ကျွန်ုပ်၏လုပ်ရပ်များအပေါ်တွင် စေတနာ မေတ္တာတို့နှင့် အကြံပြု၏။ ဤသို့ပြောဆို ကြသည့် ကောင်းသော၊ မြတ်သောစကားအကြောင်းအရာများထဲ တွင်လားရှိုးမြို့၏ မြို့ကျက်သရေဆောင် မြို့လယ်တောင်ဖြစ်သည့်၊ သာသနာ့တောင်၊ လားရှိုးမြို့ သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာ စေတီတော်ကြီး ၏ ဘုရားစေတီစတင်တည်ထောင်ခဲ့စဉ် အချိန်ကာလမှစ၍ ယနေ့တိုင်၊ ဘုရားသမိုင်းကို ကျွန်ုပ်မှ စုစည်း ရေးသားပြုစုပြီး online internet မှ ကျွန်ုပ်တင်ထားသော website များ blog များတွင်လားရှိုးမြို့၏ ဘာသာရေးသတင်းဆောင်းပါးတစ်ခုအနေနှင့် (၇)ရက်သား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ ဖတ်ရှုကုသိုလ်ယူ၊ သာဓုခေါ်ဆိုနိုင်ရန်အတွက် ဘုရားသမိုင်း Internet တင်နိုင်ရန်ကိစ္စမှာလည်း အရေးကြီး ကိစ္စတစ်ခုအဖြစ် ပါဝင်ပြောဆိုခဲ့ကြသည့်အတွက် ကျွန်ုပ်အနေနှင့် ကျွန်ုပ်၏သာသနာပြုလုပ်ငန်းတွင် အရေးကြီးကိစ္စတစ်ခုအဖြစ် အောင်မြင်စွာလုပ်ဆောင်နိုင်ရန် ဘုရားနှင့်ပတ်သက်သမျှ သမိုင်းအစအန များမှစ၍ ရှာဖွေစုစည်းပြီး ရေးသားရန် ပြင်ဆင်ရလေတော့၏။ ဤသို့နှင့် သာသနာ(၂၅၀၀)စေတီ၊ ဂေါပကအဖွဲ့၏ ဒု-ဥက္ကဌ ဖြစ်သူ ဦးတင်ရှိန်နှင့်အတူ၊ ဂေါပကအဖွဲ့ဝင်အားလုံးတို့၏ အကြံဥာဏ်ပေးမှု၊ မိမိတို့ လက်တွေ့ပြုလုပ်မှုသမိုင်းများအား စာရွက်စာတမ်းများဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ ကျွန်ုပ်ကို ပြောပြကုသိုလ်ယူကြ၏။ ဘုရား၏ ဂေါပကဥက္ကဌကြီးတာဝန်ယူ သာသနာပြုလုပ်ဆောင်သူ ဦးဝင်းလှိုင် မှာလည်း ဤကဲ့သို့ ဘုရားသမိုင်းပြုစုပြီး Inernet website တင်ခြင်းကို သဘောကျ၍ ကောင်းစွာ ပြုလုပ်စေလိုကြောင်းကို သဘောဆန္ဒပြုလျှက်ရှိကြောင်းကို ကျွန်ုပ်အနေနှင့် သိရလေ၏။
    (၈)ရက်ဥပုဒ်နေ့များ၊ လပြည့်လကွယ်ဥပုဒ်နေ့များတိုင်းလည်း၊ ဘုရား၏ ဒု-ဥက္ကဌဖြစ်သူ ဦးတင်ရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးလှသောင်း နှင့် ဦးလှမောင်လေး တို့မှာလည်း အမြဲတမ်းလိုပါဘဲ ဘုရားကို လာပြီး ဥပုဒ်စောင့် ပုတီးစိပ်ကြပြီး ဗုဒ္ဓနုဿတိကမဌာန်း ဘာဝနာတရားအားထုတ်ရန် လာနေကြမြဲ ကျွန်ုပ်နှင့် အမြဲလိုအဆက်အသွယ် ရှိနေမြဲဖြစ်သောကြောင့်၊ ဤဘုရားစေတီနှင့် ပတ်သက်သမျှကိုတော့ ကျွန်ုပ်သိလိုသော အချက်အလက်များကို မေးလို့ရနေ၏။ အလားတူစွာပါဘဲ သာသနာ(၂၅၀၀) စေတီတော်တွင်သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်တို့၏ ဆရာတော်ကြီး အရှင်ဦးကေသရ မှာလည်း ကျွန်ုပ်ငယ်စဉ်ကလေးဘ၀မှစပြီး ကျွန်ုပ်အိမ်နားတွင်ရှိသည့် မြို့လယ်ပရိယတ္တိစာပေများ သင်ကြား ခဲ့သော ရဟန်းတော်တစ်ပါးဖြစ်ပြီး၊ ယခုအချိန်တွင် သာသနာ(၂၅၀၀) စေတီတော်ကြီး၏ ဦးစီးပဒါန နာယက ဆရာတော်ကြီးဖြစ်နေချိန်တွင်လည်း ကျွန်ုပ်နှင့်ရင်းနှီးကျွမ်းဝင်သည်ဟု ပြောဆိုလျှင် ပို၍ပင်မှန်ကန်မည် မှာဖြစ်တော့၏။ ထို့ကြောင့်ယခု ကျွန်ုပ် ပြုလုပ်သမျှသာသနာပြုကိစ္စများ၊ ကျင့်ကြံအားထုတ်မှုကိစ္စ၊ ကျွန်ုပ်နှင့် ဗုဒ္ဓဓမ္မ ပတ်သက်သမျှတွင် လိုအပ်သမျှအားလုံးကိုပါဘဲ ဆရာတော်ကြီှးမှာ ဖြည့်ဆည်းပေးခြင်း၊ ကူညီပေးခြင်းတို့နှင့်အတူ ကျွန်ုပ် ကုသိုလ်ပြုလုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများအပေါ်တွင် အစဉ် သာဓုခေါ်လျက် ရှိလေ၏။ ကျွန်ုပ်၏ ဥပစ္စယ် ဆရာတော်ကြီးဖြစ်သူမှာ နိုင်ငံတော်၏ သံဃာမဟာနာယက အဖွဲ့ ဒုတိယဥက္ကဌ တာဝန်နှင့်ပင် သာသနာ ပြုလုပ်ဆောင်၍ သာသနာ့တာဝန် ထမ်းဆောင်ခဲ့သူ လားရှိုးမြို့ မြို့လယ်ကျောင်းထိုင် ဆရာတော်ကြီး ဘဒ္ဒန္တက၀ိန္ဒာစာရ (အဂ္ဂမဟာပဏ္ဍိတ) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဖြစ်လေ၏။ ကျွန်ုပ်ဟာ ဆရာတော် ကြီးထံမှာဘဲ ဗုဒ္ဓဘာသာအဖြစ်ခံယူပြီး သရဏဂုံ ဆောက်တည်ခဲ့ခြင်းဖြစ်၏။ ဆရာတော်ကြီးကိုယ်တိုင်ကဘဲ ရှင်သာမဏေပြုပေးခြင်း၊ နှစ်ကြိမ်တိုင် ရဟန်းခံ ပေးခဲ့ခြင်းတို့ပြုပေးခဲ့သော ကျွန်ုပ်၏ အနန္တကျေးဇူးရှင် ကြီးပင်ဖြစ်လေ၏။ ဆရာတော်ကြီးမှာ ဘ၀နတ်ထံ ပြန်လွန်သွားပြီဖြစ်သောကြောင့် ကျွန်ုပ်အနေနှင့်လက်ရှိ သာသနာ (၂၅၀၀) ဆရာတော်ကြီး ဦးကေသရ ကိုဘဲ ကျွန်ုပ်၏ အမှီဆရာတော်ကြီးအဖြစ် အားကိုးအားထားပြု၍ ကျွန်ုပ်လုပ်ဆောင်နေသမျှ ကိစ္စအ၀၀ တိုင်းတွင်ပင်လျင် ဆရာတော်ကြီးအား အစဉ်အားကိုး အမှီပြုရင်း စိတ်ဓာတ်ခွန်အား၊ ဥာဏ်ခွန်အား၊ ခန္ဓာကိုယ်ခွန်အားယူမိပါ၏။ ထို့ကြောင့်ပင် ယခု ဤဓမ္မဆောင်းပါးတွင် ဆရာတော်ကြီး ဦးကေသာရကို အကျယ်တ၀င့်ပင် မှန်ကန်သောသစ္စာဆို ရေးသားရခြင်းဖြစ်၏၊ တစ်ခုသောညနေခင်းတွင် ကျွန်ုပ်ပြုလုပ် ထားသော internet မှ ဗုဒ္ဓဓမ္မ website များ blog များတွင် ကျွန်ုပ်တင်ထားသော လားရှိုးမြို့ ဘာသာရေး သတင်းများကို ဘုရားဂေါပကအတွင်းရေးမှူးဖြစ်သူ ဦးလှကျော်ကို အင်တာနက်ဆိုင် တစ်ခုတွင် ခေါ်သွားပြီး ကျွန်ုပ်မှဖွင့်ပြခဲ့သည်။ ထိုနေ့ညမှာဘဲ ဘုရားဂေါပကအတွင်းရေးမှူး ဦးလှကျော်မှ ၁၉၅၈ ခုနှစ်မှစ၍ ဤသာသနာ (၂၅၀၀)ဘုရားစေတီတည်ထားခဲ့သော ဂေါပကများ၊ ဆရာတော် သံဃာတော်အရှင်မြတ်တို့၏ အစည်းဝေးမှတ်တမ်း ဘုရားသမိုင်းစာရွက်စာတမ်းများ စုစည်းမှုဖိုင်ကို ကျွန်ုပ်အားပြသခဲ့သည်။ ထို့ကြောင့် ပင် ဤကျွန်ုပ်ရေးသား ပြုစုခဲ့သော ကျွန်ုပ်၏ အသက်ကယ်၍ အောင်ဓာတ် အနန္တချီးမြှင့်ပေးခဲ့သော လားရှိုးမြို့၏ သာသနာ (၂၅၀၀)ပြည်လုံးချမ်းသာစေတီတော်သမိုင်း မှတ်တမ်းကို ကျွန်ုပ်ဥာဏ်မှီသမျှနှင့်ပင် ရေးသားပူဇော် ကုသိုလ်ပြုလိုက်ရပါတော့သည်။ သစ္စာပြုပြောကြားရင်း ကောင်းမြတ်သော မနောအာရုံ ပြုရင်းပင် ရေးသားလိုက်ရပါတော့သတည်း။
လားရှိုးမြို့၊ သာသနာ ၂၅၀၀စေတီတော်မြတ်ကြီး၏သမိုင်းနှင့် ဂေါပကအဖွဲ့ခေတ်အဆက်ဆက်
ဆောင်ရွက်ခဲ့ မှုသမိုင်းမှတ်တမ်း
တည်နေရာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့၊ ရပ်ကွက်အမှတ်(၁)၊ သီရိမဟာရပ်ကွက်၊ လွယ်ကန်မိန်း တောင်တွင် သာသနာ ၂၅၀၀ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် ခန့်ငြားသပ္ပာယ်စွာဖြင့်တည်ရှိ နေသည်မှာ......
“ရွှေရောင်ဝါ၀င်း
စေတီမှာကား...
ငါးရာနှစ်ထောင် (၂၅၀၀)
ဘွဲ့တော်ဆောင်၍
နေရောင်ပမာ
သာသနာကို
ဝင့်ဝါခန့်ညား
တို့တည်ထား (ကိုးကွယ်)သည်...
မြို့လားရှိုးခလယ်က စေတီတော်မြတ်ကြီးတည်း....”
ဟူ၍ ဤကဗျာဖြင့်ပူဇော်ကန်တော့လိုက်ရပါသည်။ စေတီတော်မြတ်ကြီးသည် လားရှိုးမြို့၊ အလယ် ဗဟိုချက်နေရာတောင်ပေါ်တွင် တည်ရှိပါသဖြင့် မြောက်လတ္တီတွဒ် (၂၂ဒီဂရီ၊ ၃၆မိနစ်၊ ၅၃စက္ကန့်နှင့် ၂၃ဒီဂရီ၊ ၄မိနစ်၊ ၂၇စက္ကန့်) အကြားနှင့် အရှေ့လောင်ဂျီတွဒ် (၉၇ဒီဂရီ၊ ၃၁မိနစ်၊ ၁၀စက္ကန့်နှင့် ၉၈ဒီဂရီ၊ ၃၃မိနစ်၊ ၄၈စက္ကန့်) အကြားတွင်တည်ရှိပါသည်။ စေတီတော်မြတ်ကြီး၏၀တ္တကမြေအကျယ်အ၀န်းမှာ (၁၂၃.၅)ဧကခန့်ရှိပါသည်။ စေတီတော်မြတ်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၈၀၅)ပေအမြင့် ပေါ်တွင် စံပ္ပါယ်တည်ရှိပါသည်။
နယ်နိမိတ်ပိုင်းခြားမှုနှင့်အလားလေးရပ်
သာသနာ ၂၅၀၀ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးတည်ရှိရာ လားရှိုးမြို့၊ ရပ်ကွက်အမှတ် (၁) သီရိမဟာရက်ကွက်၊ နယ်မြေ(၅)ရှိ၊ လွယ်ကန်မိန်းတောင်၏အရှေ့ဘက်တွင် အမှတ်(၈)အောင်သီတာ ရပ်ကွက်နယ်မြေ၊ အနောက်ဘက်တွင် အော်တိုဖုန်းဆက်သွယ်ရေးရုံး၊ အ.ထ.က(၁) အနီးကပ်ပါဝင်သော အမှတ်(၁)သီရိမဟာရပ်ကွက်၊ တောင်ဘက်တွင်လည်း အမှတ်(၁)သီရိမဟာရပ်ကွက်၊ နယ်မြေ(၅)ပါဝင် သောနယ်မြေ၊ မြောက်ဘက်တွင် အမှတ်(၁) သီရိမဟာရပ်ကွက်၊ အမှတ်( )တပ်ထိန်းတပ်ရင်းနှင့် ရ.မ.ခ နယ်မြေတို့ဖြင့် ဆက်စပ်လျက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
(က)တောင်တန်း။ ။ လားရှိုးမြို့နယ်၏မြေမျက်နှာသွင်ပြင်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း(၂၅၀၀ နှင့် ၇၀၀၀)ကြားမြင့်မားသောတောင်တန်းများပေါ်တွင် တည်ရှိ ပါသည်။ တောင်ကုန်းများသည် အရှေ့မြောက်မှ အရှေ့တောင်သို့ သွယ်တန်းလျှက်ရှိပြီး မြေမျက်နှာပြင် ညီညာမှုမရှိပါ။ သျိုမြောင်၊ ကွင်းပြင်၊ လယ်မြေများတည်ရှိ၏။ မြို့နယ်၏ အနောက်ဘက်နှင့် အရှေ့ဘက်တွင် တောင်ကုန်းများထူထပ်သည်။ ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း (၆၃၇၅) ပေ မြင့်သော လွယ်ပိုပေါင်နှံတောင်နှင့် ဆင်တောင် များသည် ထင်ရှားသောတောင်များ ဖြစ်ကြသည်။
(ခ) မြစ်ချောင်းများ။ ။ လားရှိုးမြို့၏ အရှေ့တောင်ဘက် မိုင်းယော်ကျေးရွာ၏ အရှေ့တောင်ဘက်(၃)မိုင်ခန့် ချောင်းဖျားခံသော နမ့်ယော်ချောင်းသည် အကြီးဆုံးဖြစ်ပါ သည်။ ယင်းနမ့်ယော်ချောင်းအား( AT) အေတီချောင်းဟု အလွယ်တကူခေါ်ဆိုကြသည်။ ယင်းချောင်းသည် နားကွမ်းလုံကျေးရွာနှင့် အီနိုင်းကျေးရွာတို့ကို ဖြတ်သန်းစီးဆင်း နေပါသည်။
ရာသီဥတု
စေတီတော်မြတ်ကြီးတည်ရှိရာ လားရှိုးမြို့၏ ရာသီဥတအမျိုးအစာုးမှာ (အပူလျော့ပိုင်း ရာသီဥတု) ဖြစ်ပါသည်။ သို့ဖြစ်သဖြင့် အပူဆုံး ဧပြီလနှင့် မေလတွင် အပူရှိန်(၃၈)ဒီဂရီစင်တီဂရိတ်ထိရှိ၍၊ အအေးဆုံးလ ( Coldest Month ) ဇန်န၀ါရီလတွင် အပူချိန်မှာ (၀)ဒီဂရီစင်တီဂရိတ်ထိ ရှိပါသည်။ မိုးရာသီ ( Rainy Season) မေလမှ အောက်တိုဘာလအထိ နှစ်စဉ်မိုးရေချိန် (၆၀) လက်မကျော် ရှိပါသည်။
သဘာဝပေါက်ပင်များ
စေတီတော်မြတ်ကြီးတည်ရှိရာ လားရှိုးမြို့၏ရာသီဥတုမှာ (အပူလျှော့ပိုင်းမှတ်သုံရာသီဥတု) ဖြစ်ပါသဖြင့် ရွက်ပြတ်၊ ရွက်ကြွေတောများ ပေါက်ရောက်လျက်ရှိသည်။ သစ်ယား၊ ထောက်ကြံ့၊ သစ်အယ်၊ သပြေ၊ စွယ်တော်ပန်း၊ တမာ၊ လက်ထုပ်ကြီး၊ သက်ရင်းကြီး၊ နှစ်လိမ်ကျော်၊ ရေပကုံး၊ ၀တ်သစ်ချတောင်၊ ယမနေ၊ စကားဝါ၊ သပြေ၊ မယ်ဇလီနှင့် ၀ါးအမျိုးမျိုးတို့မှာ သဘာဝပေါက်ပင်များ ဖြစ်ကြသည်။ ကျွန်းသစ် အနည်းငယ် ပေါက်ရောက်ပါသည်။ ပန်းမာလ်များမှာ နေကြာ၊ ဒေလီယာ၊ နှင်းဆီ၊ စွယ်တော်၊ ချယ်ရီ၊ စိန်ပန်း၊ ကြာပန်းနှင့် သစ်ခွအမျိုးမျိုးတို့သည် တောတောင်အတွင်း လှပဝေဆာပေါက်ရောက်လျှက်ရှိပါ သည်။
စတင်အခြေစိုက်သည့်လူမျိုးများ
၁၉၉၂-ခုနှစ်၊ ဇန်န၀ါရီလ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေသော “ မှန်နန်းရာဇ၀င်တော်ကြီး” စာမျက်နှာ (၁၅၆)တွင် ဗိန္နိကရာဇာမင်းလက်တက် သင်္ဃသာ ရဋ္ဌ မည်သော တကောင်းပြည်ကြီးကို ဂန္နလရာဇ်တိုင်းစိန့်ပြည်က တရုတ်တရက်တို့ နှောက်ယှက်လာ၍ တကောင်းပြည်ကြီး ပျက်စီးလေလျှင် ဗိန္နိကမင်းကြီးသည် ဗိုလ်ခြေအလုံးအရင်းနှင့် မလည်ချောင်းသို့ဝင်၍ နေတော်မှုသည်။ ကံတော်ကုန်လေသော် ဗိုလ်ပါအလုံးအရင်းတို့ သုံးကွဲကွဲစေသည်။ တစ်စုသူတို့က အရှေ့မျက်နှာ ရှမ်းတစ်ဆယ့်ကိုးခရိုင် တည်ထောင်နေခဲ့ကြသည်။ ထိုအချိန်မှစ၍ ဗိန္နကရာဇ်မျိုးဟုတွင်၏။ တစ်စုကား ဧရာဝတီမြစ်ကို စုံခွဲ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အရပ်တွင် မုဒုစိတ္တစသော သာကီဝင်မင်းတို့ နေရာ သုနာပရန္တတိုင်းသို့ ၀င်ကြ၏။ တစ်စုကား မိဖုရားကြီး နာဂဇိန်နှင့် နေမြဲ မလည်အရပ်တွင် နေကြ လေ၏ဟု ဖော်ပြထားလေသည်။
အထက်ပါရာဇ၀င် သမိုင်းကို လေ့လာသော် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသော လက်ထက် တွင် “တကောင်းပြည်“ ရှိနှင့်ပြီး၊ ရှမ်းတစ်ဆယ့်ကိုးခရိုင် တည်ထောင်ခဲ့ကြောင်း အထောက်အထား များအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ လားရိုးမြို့မှာ မြို့ဟုမတည်ထောင်နိုင်ခဲ့သော်လည်း “လားရှိုးကြီးရွာ” ဟူသောအမည်ဖြင့် ရှမ်းလူမျိုးများ နေထိုင်ပြီဟု ယူဆရပါသည်။ လားရှိုးကြီးရွာ သာမက နမ့်ပေါင်ရွာ၊ နောင်မွန်ရွာ၊ ဟိုပိတ်ရွာ၊ အီနိုင်းရွာ၊ စဥ့်အင်ရွာ၊ နားကွမ်းရွာ များလည်းရှိခဲ့ ပြီဟု ယူဆနိုင်ပါသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ သိန္နီနှင့် မိုင်းရယ်မြို့များမှာလည်း လားရှိုးမြို့ မတည် ထောင်မီကပင် သိန္နီစော်ဘွားပိုင် မြို့များအဖြစ်တည်ရှိပြီဟု မှတ်ယူနိုင်ပါသည်။
လားရှိုးမြို့နှင့် လားရှိုးမြို့နယ်ကျေးရွာများတည်ဆောက်မှုဖြစ်စဉ်သမိုင်း
လားရှိုးမြို့၏ မူလတည်နေရာသည် ယခုလားရှိုးကြီးရပ်ကွက်(ရပ်ကွက်-၁၂)တည်ရှိသော နေရာဖြစ်ပါသည်။ မူလက ရွာကလေးတစ်ရွာသာ ဖြစ်ပါသည်။ ရှမ်းဘာသာအားဖြင့် နမ့်ယော် (နမ့်သျှို)ချောင်း အနီးတွင်တည်ရှိပါသည်။ နမ့်ယော်၏ မြန်မာဘာသာအားဖြင့် (စွယ်တော်ချောင်း) ဟုဆိုပါသည်။ နမ့်ယော်ချောင်းကို အစွဲပြု၍ (လိုင်သျှို) ရွာဟု ခေါ်ဆိုကြောင်းနှင့် နောင်တွင် (လသိတ်)ရွာဟု အမည်တွင်၍ ယခုခေါ်သော (လားရှိုး) ဟုအမည်တွင်သည်ဟု ယူဆပါသည်။
မြန်မာ့သမိုင်းတွင် (အေဒီ ၁၀၄၄-၁၀၇၇ ခုနှစ်) ကာလအတွင်း ပုဂံခေတ်ကာလ အနော်ရထာမင်းသည် သာသနာတော်၌ အလွန်သဒ္ဒါတော်မူ၍ တရုတ်ပြည်မှ စွယ်တော်မြတ်အား တရုတ်မင်း ဥတည်ဘွားထံမှ တောင်းခံရန် ဆင်၊ မြင်း၊ ဗုလ်ပါတို့ကို စုရုံးတော်မူ၍ တရုတ်ပြည်သို့ ချီတော်မူသည်။ ချီရာလမ်းကြောင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို ဖြတ်၍ချီတက်ရာတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမှတဆင့် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမှတဆင့် တရုတ်ပြည်( ဂန္ဓလရာဇ်တိုင်း) သို့ချီတက်သွားသည်ဟု ယူဆနိုင်ပါသည်။ ထိုစဉ်က (၁၀၅၆- ခုနှစ် ပတ်ဝန်းကျင်) “လားရှိုးကြီးရွာ” ဟုခေါ်သော (လိုင်သျှို)ရွာမှ ဖြတ်သန်းသွားခဲ့သည်ဟု ယူဆနိုင် ပါသည်။
ညောင်ရမ်းခေတ် (အေဒီ ၁၅၉၇-၁၇၅၂)ကာလအတွင်း ပင်းတလဲမင်း (မင်းရဲန္ဒမိတ်)သည် (၂၆-၈-၁၆၄၈)ခုနှစ်တွင် နန်းတက်ခဲ့သည်။ ပင်းတလဲမင်းလက်ထက်တွင် တရုတ်တို့ ကျူးကျော် လာသောစစ်ကို တိုက်ခိုက်ခဲ့ရာတွင် (၃၀-၃-၁၆၅၉) နေ့တွင် တရုတ်တို့အားတိုက်ရန် ရာဇကိတ္တိ နှင့် အဘယကျော်သူတို့ တပ်နှစ်တပ်ပေါင်း၍ ချီတက်ရာ (ဆင်ဂေါင်း)နှင့် (၀တ်ဝံ) အရပ် (ယခုပြင်ဦးလွင်မြို့နယ်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ (၂၄-၃-၁၆၅၉)နေ့တွင် တရုတ်စစ်တပ်တို့အား တိုက်ရန် မင်းရဲနရာ၊ မြေထဲစား၊ မြ၀တီစားတို့ ဦးစီးသော တပ်သုံးတပ်တို့ ချီတက်တိုက်ခိုက်ခဲ့ခြင်း၊ (၁၄-၈-၁၆၆၁)နေ့တွင် မြစ်ငယ်မြစ်ကိုကူး၍ ချီတက်လာသော တရုပ်တပ်အား (မင်းရဲဇေယျသူရ) တပ်နှင့် (ဘယသင်္ကြန်)တပ်တို့ပေါင်း၍ စစ်သည်အလုံးအရင်းနှင့် ထပ်မံချီတက်တိုက်ခိုက်ခဲ့ခြင်း တို့ကိုထောင်ရှု့၍ မြစ်ငယ်မြစ်တစ်လျှောက် ဒုဋ္ဌ၀တီမြစ်အစဉ်တိုင်း တိုက်ခိုက်ခဲ့သည်ဟု ယူဆနိုင် သဖြင့် သီပေါမြို့နှင့် မကွာလှသော လားရှိုးကြီးရွာ (ယခင်အခေါ်-လိုင်သျှိုရွာ) (ယခုရပ်ကွက် အမှတ်-၁၂ လားရှိုးကြီး)သည် စစ်စခန်းချရာရွာအဖြစ် စတင်ခဲ့သည်ဟူယူဆနိုင်ပါသည်။ တဆက် တည်း အီနိုင်ကျေးရွာ၊ နားကွမ်းကျေးရွာ၊ ဟိုပိတ်ကျေးရွာများမှာလည်း ထိုအချိန်ကတည်းကပင် တည်ရှိခဲ့သည်ဟု ယူဆနိုင်ပါသည်။
၁၈၈၅ခုနှစ်နှင့်နောက်ပိုင်း သမိုင်းမှတ်တမ်းအကျဉ်း
လားရှိုးမြို့နယ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် ၁၈၈၅ ဗြိတိသျှတို့ မြန်မာနိုင်ငံအား သိမ်းယူပြီးနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါဝင် ရှမ်းပြည်နယ်တွင် တစ်စတစ်စအခြေချခဲ့ရာ အောက်ပါအတိုင်း အကျဉ်းချုပ်တင်ပြပါသည်။
(က) လားရှိုးမြို့ (ယခုလက်ရှိ)အတွင်းရှိ လားရှိုးကြီးရပ်ကွက်နှင့် ယခုရပ်ကွက်(၄) အာရုံတော်ရပ်ကွက်ရှိ (လွယ်ရိုး)ရွာခေါ် ရွာတစ်ရွာတို့အားဆက်စပ်၍ တောင်ပေါ် အမြင့်ပိုင်းနေရာတွင် အင်္ဂလိပ်စစ်အုပ်ချုပ်ရေးရုံးများ ဆောက်လုပ်အခြေချခဲ့သည်။
(ခ) ၁၉၀၃-ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် သီပေါမှ လားရှိုးမြို့ထိ မီးရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့သဖြင့်၊ မြန်မာခါးရိုး(ရပ်ကွက်-၉) (ဘူတာရပ်ကွက်)တွင် မီးရထား ဘူတာ တည်ဆောက်ခဲ့ပါသည်။
(ဂ) ၁၉၀၄-ခုနှစ်တွင် ပြန်တမ်းအမှတ်(၇)ဖြင့် သိန္နီစော်ဘွားအုပ်ချုပ်မှုအောက်မှ သီးခြားခွဲထုတ်၍ (ခရိုင်ဝန်) (ယနေ့အခေါ်- ခရိုင်အုပ်ချုပ်ရေးမှူး)မှ တိုက်ရိုက် အုပ်ချုပ်ခဲ့ပါသည်။
(ဃ) ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးတွင် တရုတ်- မြန်မာ လမ်းဖောက်လုပ်ပြီးစီး ခဲ့ပါသဖြင့် အင်္ဂလိပ်ကုန်ပစ္စည်းများနှင့် လက်နက်များတင်ပို့ရာ စခန်းထောက်မြို့ အဖြစ် (လွယ်ရိုးရွာ) နှင့် (လားရှိုးကြီးရွာ) ရွာ(၂)ရွာတို့အား ဆက်စပ်၍ “လားရှိုးမြို့” အဖြစ်သတ်မှတ် ခေါ်ဆိုခဲ့ကြသည်။
(င) ၁၉၄၂-ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် ဂျပန်တပ်အမှတ်(၅၆)တပ်မတော်မှ လားရှိုးမြို့အားသိမ်း၍ ၈-၁၂-၁၉၄၂နေ့တွင် လားရှိုးမြို့တွင် မြူနီစပါယ်အုပ်ချုပ်ရေး ရုံးဖွင့်လှစ် အုပ်ချုပ်ခဲ့ပါသည်။
(စ) ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် လွပ်လပ်ရေးရပြီးနောက် ဗြိတိသျှအရေးပိုင်ရုံးစိုက်သော လားရှိုးမြို့ ဖြစ်ခဲ့သည်။
(ဆ) ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးအစိုးရလက်ထက် (၁၉၆၂-ခုနှစ်မှ ၁၉၇၃-ခုနှစ် အထိ) တွင် ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီဖြင့် ဖွဲ့စည်းအုပ်ချုပ်စေပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူး တိုင်းမင်းကြီးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအကဲအဖြစ် ခန့်ထား အုပ်ချုပ်စေခဲ့သည်။
(ဇ) ၁၉၄၇-ခုနှစ် ၁၉၈၈ခုနှစ် သြဂုတ်(၇)ရက်နေ့ထိ ပြည်သူ့ကောင်စီအဆင့်ဆင့် နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ဗဟိုကော်မတီ)နှင့် တိုင်း/ပြည်နယ်နှင့် မြို့နယ် ပါတီယူနစ်အဆင့်ဆင့်တို့ဖြင့် စီမံအုပ်ချုပ်ခဲ့ပါသည်။ ၈-၈-၁၉၈၈ မှ ၂၀၁၁ခုနှစ် မတ်လကုန်ထိ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အဆင့်ဆင့်နှင့် အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဆင့်ဆင့်ဖြင့် နိုင်ငံတော်အားအုပ်ချုပ်ခဲ့ပါသည်။ ၂၀၁၁ခုနှစ် မတ်လကုန်မှစ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ဒီမိုကရေစီစနစ်ဖြင့် ပြည်ထောင်စုလွှတ်တော်အဆင့်ဆင့်ဖြင့် နိုင်ငံတော်သမ္မတ ဦးဆောင်၍ နိုင်ငံတော်အားအုပ်ချုပ်လျှက်ရှိပါသည်။ ယနေ့အထိ လားရှိုးမြို့နယ် တွင် လားရှိုးမြို့မ(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၈)အုပ်စု တည်ရှိနေပြီဖြစ်ပါ သည်။ လားရှိုးမြို့တွင် လူဦးရေပေါင်း (၁၀၈၂၆၉)ဦး ရှိပြီဖြစ်ပါသည်။
၁၉၅၈ခုနှစ် မတိုင်မီက လားရှိုးမြို့ပေါ်တွင် စေတီတော်များတည်ထားကိုးကွယ်မှု အခြေအနေနှင့်
သာသနာ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး တည်ထားသည့် သမိုင်းမှတ်တမ်း
၁၉၅၈ ခုနှစ်မတိုင်မီက လားရှိုးမြို့ပေါ်တွင် စေတီတော်များတည်ထားကိုးကွယ်မှုအခြေအနေ
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးချိန် နောက်ပိုင်း၊ ၁၉၅၈ ခုနှစ်အထိ လားရှိုးမြို့ပေါ်တွင် သမိုင်းထင်ရှားသည့် မန်ဆူစေတီတော်တစ်ဆူသာ တည်ထားကိုးကွယ်ခဲ့ကြသည်။ မန်ဆူစေတီတော်အား အမတ်ကြီးဦးပေါ်ဦးမှ ပြုပြင်မွမ်းမံတည်ထား ကိုးကွယ်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။
သာသနာ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးတည်ထားသည့် သမိုင်းမှတ်တမ်း၊
သိန္နီစော်ဘွားကြီး သတိုးမဟာသရေစည်သူ စပ်ဟုံဖ (ရှမ်းပြည်နယ်အထူးမင်းကြီး)၏ ဆန္ဒ
သိန္နီစော်ဘွားကြီး သတိုးတေဇမဟာသရေစည်သူ - စပ်ဟုံဖ (ရှမ်းပြည်နယ် အထူးတိုင်းမင်းကြီး) သည် “လွယ်ကန်မိန်း” တောင်ပေါ်တွင် ခရစ်ယာန်သင်္ချိုင်းများရှိနေမည့်အစား ဗုဒ္ဓသာသနာဖြင့် မြို့ကျက်သရေဆောင် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ရလျှင်ကောင်းမှာဘဲဟု စဉ်းစားနေချိန်၊ သာသနာသက္ကရာဇ် ၂၅၀၀ ပြည့်နှစ်၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက သာသနာတော်နှင့်သက်ဆိုင်သော စေတီပုထိုးကျောင်းများ တည်ထားကိုးကွယ်ကြရန် ရဟန်း-ရှင်-လူ- ပြည်သူများကို မေတ္တာရပ်ခံခဲ့သည့် အချိန်နှင့် မိမိယခင်က ဖြစ်ပေါ်ခဲ့ဘူးသော ဆန္ဒသဘောထားနှင့်တိုက်ဆိုင်နေသဖြင့် “လွယ်ကန်မိန်း” တောင်ပေါ်တွင် ယခုတည်ထားကိုးကွယ်လျက်ရှိသော “သာသနာ(၂၅၀၀)ပြည်လုံးချမ်းသာ” စေတီတော် မြတ်ကြီး တည်ထားကိုးကွယ်ရန် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပ၍ စေတီတော်ကြီး တည်ဆောက်ရန် စီစဉ်ခဲ့ပါသည်။ ၁၅၅၇ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့တွင် တိုင်းမင်းကြီး (သိန္နီစော်ဘွားကြီး) စပ်ဟုံဖ၏ နေအိမ်၌ ပြုလုပ်သော အစည်းအဝေးတွင် အောက်ဖေါ်ပြပါ စေတီတော်တည်ဆောက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
စေတီတော်တည်ဆောက်ရေးကော်မတီဖွဲ့စည်းခြင်း
၁၃-၃-၁၉၅၇ နေ့တွင် စေတီတော်တည်ဆောက်ရေးကော်မတီကို အောက်ဖေါ်ပြပါအတိုင်းဖွဲ့စည်း တာဝန်ပေးခဲ့ပါသည်။
သိန္နီစော်ဘွားကြီး သတိုးမဟာသရေစည်သူ-စပ်ဟုံဖ နာယက
(ရှမ်းပြည်နယ်အထူးတိုင်းမင်းကြီး)
ဗိုလ်မှူးကြီးစည်သူ- ချစ်မြိုင် ဥက္ကဌ
စပ်ခွန်သိန်း ဒု-ဥက္ကဌ
စပ်မန်ဖ သိန္နီနယ်ချုပ်ကြီး ဒု-ဥက္ကဌ
ဦးအောင်ညွန့် စာရေးကုန်းရပ် ဘဏ္ဍာရေးမှူး
ဗိုလ်မှူး-သန်းဝင်း တပ်မဟာ-၆ အတွင်းရေးမှူး
ဦးဘသိန်း စာရေးကုန်းရပ် တွဲဘက်အတွင်းရေးမှူး
ဦးဘစိန် စာရေးကုန်းရပ် အဖွဲ့ဝင်
ဗိုလ်မှူး-တင်မောင် ယူအမ်ပီ(၁၂) အဖွဲ့ဝင်
ဦးစောထွန်းဖေ လမ်းအရေးပိုင် အဖွဲ့ဝင်
ဦးလိတ် စက်ရှင်တရားသူကြီး အဖွဲ့ဝင်
ဦးကြီးပန်(တိုင်းရင်းသမားတော်ကြီး) ကုလားတန်းရပ် အဖွဲ့ဝင်
ဦးဘမောင် ခရိုင်ရဲဝန် အဖွဲ့ဝင်
ဦးလိုင်းစင် မြန်မာရပ် အဖွဲ့ဝင်
ဦးဘမောင် မြန်မာရပ် အဖွဲ့ဝင်
ဦးအောင်ဘ ကုလားတန်းရပ် အဖွဲ့ဝင်
ဦးအောင်မြင့် စာရေးကုန်းရပ် အဖွဲ့ဝင်
ဘဏ္ဍာရှာဖွေရေးဆပ်ကော်မတီဖွဲ့စည်းခြင်း
စေတီတော်ကြီးတည်ဆောက်ရန်အတွက် အလှူငွေကောက်ခံရေးဆပ်ကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့ပါသည်။
ဦးခွန်ကြာအုံ ခရိုင်ဝန် ဥက္ကဌ
ဦးအောင်ညွန့် စာရေးကုန်းရပ် ဘဏ္ဍာရေးမှူး
ဦးဘစိန် မြူနီစပါယ်- ဥက္ကဌ အဖွဲ့ဝင်
ဦးဘသိန်း ပြည်သူ့ထောက်ပံ့ရေးအရာရှိ အဖွဲ့ဝင်
ဦးဘမောင် မြန်မာရပ် အဖွဲ့ဝင်
ဦးလိုင်းစင် မြန်မာရပ် အဖွဲ့ဝင်
ဦးအောင်ဘ ကုလားတန်းရပ် အဖွဲ့ဝင်
စေတီတော်ပုံတော်နှင့် အကျယ်အ၀န်း- ဥာဏ်တော်
သိန္နီစော်ဘွားကြီး- စပ်ဟုံဖ၏ ဆန္ဒအရ ဗိုလ်တစ်ထောင် စေတီတော်၏ ပုံစံကိုရွေးချယ်၍ စေတီတော်ကြီး၏ သုံးပုံနှစ်ပုံဖြစ်သော ဥာဏ်တော်(၆၅)ပေအမြင့် တည်ထားရန်သတ်မှတ်ခဲ့ကြသည်။ စေတီတော်တွင် ဌာပနာရန် ဓါတ်တော်များနှင့် ဌာပနာပစ္စည်းများကို သိန္နီဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တ အာလောက(အဂ္ဂမဟာပဏ္ဍိတ)က တာဝန်ယူပြီး လှူဒါန်းခဲ့ပါသည်။
စေတီတော်တည်ဆောက်ရေးပစ္စည်းများ
စေတီတော်တည်ဆောက်ရာ၌ မြေအုပ်များအသုံးမပြုဘဲ (၈/၉/၁၀) လက်မအရွယ်အစား သဘာဝ ကျောက်ပြားများ၊ ဗြုံးကျောက်၊ ထုံး၊ ဘိလပ်မြေများဖြင့်သာ တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်အခါက တောင်ပေါ်အရောက် ကျောက်ကြီး(၁) ကျင်း၃၀ိ/- ကျပ်နှုန်း၊ ဗြုံး-သဲ(၁)ကျင်းလျှင် ၂၅ိ/- ကျပ်နှုန်း၊ ရေသဲ (၁)ကျင်းလျှင်၂၇ိ/- ကျပ်နှုန်း၊ ထုံး(၁)ကျင်းလျှင် ၂၅ိ/-ကျပ်နှုန်း၊ ဘိလပ်မြေ(၁)အိတ်လျှင် ၈ိ/၂၀ါး-ကျပ်နှုန်း ဖြင့် တည်ဆောက်ခဲ့ရာ စုစုပေါင်းကုန်ကျငွေ ကျပ် ၁၀၀၀၀၀ိ/-(ကျပ်တစ်သိန်းတိတိ) ခန့်ဖြစ်ပါသည်။
မြေသန့်မင်္ဂလာပြုလုပ်ခြင်း
စေတီတော်တည်ဆောက်ရေးကော်မတီဝင်များ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ရဟန်းရှင် ပြည်သူအများမှ လူအားငွေအားစုပေါင်း၍ ၁၃၁၉-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၀) ရက် (၁-၁၁-၁၉၅၇) နေ့ နံနက်(၇း၀၀) နာရီအချိန် သိန္နီဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒ္ဒန္တအာလောက ကိုယ်တိုင်ကြီးမှူး၍ သံဃာတော် (၅၉) ပါးတို့ဖြင့် စေတီတော်ကြီးတည်ဆောက်မည့် မြေနေရာအား ပရိတ်တော်များ၊ မြေနုတ်ကမ္မ၀ါစာများဖြင့် မြေသန့်စင် မင်္ဂလာပြုလုပ်ချီးမြှင့်ပေးခဲ့ပါသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ကျင်းပခြင်း
၁၃၁၉-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက် (၂-၁၁-၁၉၅၇)နေ့၊ နံနက်(၆း၃၀)နာရီအချိန်တွင် (ရှမ်းပြည်နယ်တိုင်းမင်းကြီး) သတိုးမဟာသရေစည်သူ-စပ်ဟုံဖ၊ တပ်မဟာ(၆) တပ်မင်း ဗိုလ်မှူးကြီးစည် သူချစ်မြိုင်နှင့် သိန္နီနယ်ချုပ်ကြီးစပ်မန်ဖတို့ဦးဆောင်ပြီး အများပြည်သူများက စေတီတော်ပန္နက်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပခဲ့ကြပါသည်။
အုတ်မြစ်စီမင်္ဂလာအခမ်းအနားပြုလုပ်ကျင်းပခြင်း
၁၃၁၉-ခုနှစ်၊ နတ်တော်လပြည့်(၆-၁၂-၁၉၅၇)နေ့ နံနက်(၈း၀၀)နာရီချိန်တွင်သိန္နီစော်ဘွားကြီး (ရှမ်းပြည်နယ်တိုင်းမင်းကြီး) သတိုးမဟာသရေစည်သူ- စပ်ဟုံဖ၊ တပ်မဟာ(၆) တပ်မင်း ဒု- ဗိုလ်မှူးကြီး သီရိပျံချီ- သိန်းတုတ်တို့ဦးဆောင်၍ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပခဲ့ပါသည်။
ဌာပနာသွင်းမင်္ဂလာအခမ်းအနားကျင်းပခြင်း
၁၃၁၉-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက် (၂၃-၂-၁၉၅၈) ရက်နေ့တွင် သိန္နီဂိုဏ်းချုပ်ဆရာတော် ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာလောကဦးစီးလှူဒါန်းသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ အများ ပြည်သူများမှလှူဒါန်းသော ဋ္ဌာပနာပနာတော်ပစ္စည်းရတနာ အမျိုးမျိုးတို့ကို ဋ္ဌာပနာသိုက်အတွင်း ထည့်သွင်း၍ ဋ္ဌာပနာပိတ်၍ အခမ်းအနားကို စည်ကားအောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
ထီးတော်နှင့်စိန်ဖူးတော်တင် မင်္ဂလာအခမ်းအနားကျင်းပခြင်း
၁၃၂၀-ပြည့်နှစ်၊ နတ်တော်လဆန်း(၁၅)ရက်(၂၅-၁၂-၁၉၅၈) ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် သိန္နီဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာလောက ကိုယ်တိုင်ကြီးမှူး၍ သံဃာတော်(၅၉)ပါးတို့နှင့်အတူ စေတီတော်တည်ဆောက်ရေးနာယက သတိုးမဟာသရေစည်သူ-စပ်ဟုံဖ ဦးဆောင်သော တည်ဆောက်ရေးကော်မတီဝင်များ၊ တပ်ရင်းတပ်ဖွဲ့မှ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား များ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ ၀န်ထမ်းများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသူ၊ ကျောင်းသား များ၊ ရဟန်းရှင်လူ ပြည်သူများ၊ အလှူရှင်များနှင့် ထီးတော်ဒါယိကာ ဦးလိုင်းစင်၊ အလှူ့ဒါယိကာမ ဒေါ်အောင်၊ စိန်ဖူးတော်ဒါယိကာ ဦးကျော်ရန်၊ ဒါယိကာမ ဒေါ်ခမ်းဆာတို့ကလှူဒါန်းသော ထီးတော်နှင့် စိန်ဖူးတော်တင်လှူပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ဂေါပကအဖွဲ့စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
သာသနာ၂၅၀၀ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး အောင်မြင်စွာတည်ဆောက်ပြီးစီးသည်နှင့် အညီ စေတီတော်၏ ၀တ္တကမြေများ၊ ဘဏ္ဍာတော်များ၊ ရုပ်ပွားတော်များ၊ ၀တ္ထုပစ္စည်းများ၊ သာသနိက အဆောက်အအုံများ ယိုယွင်းပျက်စီးမှုမရှိဘဲ စည်ပင်တိုးတက်သည်ထက် တိုးတက်အောင် ဆောင်ရွက် သွားနိုင်ရေးအတွက် ၁၉၅၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ အောက်ပါပုဂ္ဂိုလ်(၁၂) ဦးပါဝင်သော ဂေါပကအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
ဦးဘစိန် မြန်မာရပ် ဥက္ကဌ
ဦးဘသိန်း စာရေးကုန်းရပ် အတွင်းရေးမှူး
ဦးအောင်ညွန့် စာရေးကုန်းရပ် ငွေထိန်း
ဦးအောင်မြင့် စာရေးကုန်းရပ် အဖွဲ့ဝင်
ဦးမိုး စာရေးကုန်းရပ် အဖွဲ့ဝင်
ဦးဖိုးထိန် လုံလော့ရပ် အဖွဲ့ဝင်
ဦးလုံးပညာ လားရှိုးကြီး(ထမုံနယ်ပိုင်) အဖွဲ့ဝင်
(ကျန်အဖွဲ့ဝင်(၅)ဦးအား စာရင်းရှာမတွေ့ပါ)
ဆက်လက်ဖော်ပြပါဦးမည်---

အောင်ကောင်းမွန်(လား၇ှိုး)

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်