မိမိ၏အလုပ်ခန်း၊ ဈေးဆိုင်ခန်းများ လူမ၀င်၍ စီးပွားလာဘ်လာဘ ပိတ်နေခဲ့ရင် --အောင်ကောင်းမွန်(လား၇ှိုး)


တစ်နေ့သ၌ ကျွန်ုပ်ဗေဒင်ဟောခန်းဖွင့်ထားသော လားရှိုးမြို့၊ တောင်ပေါ်ဘုရား - သာသနာ(၂၅၀၀) စေတီတော်ရှိ ကျွန်ုပ်ဟောခန်းအတွင်းသို့ ဒေါ်အုန်းမြင့် ဟူသော အသက် (၅၀)အရွယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ ၄င်းအမျိုးသမီးကြီးအား ကျွန်ုပ်ကောင်းစွာသိလေ၏။ ကျွန်ုပ်ငယ်စဉ်တွင် နေထိုင်ခဲ့သော ရပ်ကွက်တစ်ခုတွင် အတူတကွနေထိုင်ခဲ့ဘူးသောကြောင့်ဖြစ်၏။ ထိုစဉ် ကာလကတည်းက ဒေါ်အုန်းမြင့်သည် တစ်ဦးတစ်ယောက်တည်း နေထိုင်ခဲ့သူ ဖြစ်လေ၏။ ခင်ပွန်းဖြစ်သူ နှင့် သားသမီးသုံးယောက်ရှိခဲ့သော်လည်း လားရှိုးမြို့၏ ၁၉၈၆ ၀န်းကျင်လောက်တွင် ရပ်ကွက်(၄)နှင့် ရပ်ကွက် (၅)တို့တွင် ကြီးကျယ်လှစွာသော မီးလောင်မှုဖြစ်ပွားစဉ်ကာလတွင် မီးဘေးသင့်ကြပြီး ပြေးရင်း
လွှားရင်းနဲ့ ပျောက်ဆုံးသွားကြသည်ဟု သိရလေ၏။ ထိုအချိန်ကာလတွင် မီးလောင်ထားသော မီးလောင်ပြင် မှ မီးကျွမ်းနေသော မည်သူမည်ဝါ မသိရသည့် လူသေအလောင်းများကို မြောက်များစွာ တွေ့ရလေ၏။ လွန်စွာမှပင်လျှင် ဆိုးဝါးလှသော လားရှိုးမီးလောင်မှုပင်ဖြစ်လေ၏။
          မှတ်ချက်။       ။ ထိုအချိန်တွင် လားရှိုးပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးလည်းဖြစ်သူ၊ စာရေး ဆရာတစ်ဦးလည်းဖြစ်သူ ဒေါက်တာခင်လှိုင်(ကမ္ဘောဇခင်လှိုင်)မှ “နေအကူး လေရူးနှင့်အတူပေါ်လာသော လားရှိုးမီး” ဟူ၍ မြန်မာသတင်းစာများဖြစ်သော ကြေးမုံသတင်းစာ၌ ဆောင်းပါးကြီးတစ်ပုဒ် ရေးခဲ့ရလောက် အောင်ပင် ဖြစ်လေတော့၏။
          ဒေါ်အုန်းမြင့်သည် ကျွန်ုပ်တို့ရပ်ကွက်သို့ ရောက်ရှိလာချိန်တွင် တစ်ယောက်တည်းပင် ဖြစ်လေ တော့၏။ ၄င်း၏နေပုံထိုင်ပုံမှာလည်း အရာရာတွင် အနည်းငယ်တိမ်းစောင်းမှုများ ဖြစ်နေလေ၏။ ထို့ကြောင့် ရပ်ကွက်အတွင်းမှ လူတစ်ချို့မှာ ဒေါ်အုန်းမြင့်ကိုတွေ့လျှင် စကြ နောက်ကြ၏။ တစ်ချို့မှာ နားထင်ကို လက်ညိုးနှင့်ထောက်ပြီး လက်ဝါးကို ခါ၍ခါ၍ ပြလေ၏။ သဘောမှာတော့ ဦးနှောက်မမှန်တဲ့အဖွားကြီးဟု လက်ဟန်ခြေဟန်နှင့် ပြောပြနေကြခြင်းဖြစ်၏။ တစ်ချို့သောရပ်ကွက်သားတို့မှာလည်း အရူးအဖွားကြီးဟု ပင် ရင့်သီးစွာ ခေါ်ဝေါ်ကြလေ၏။ သို့သော်လည်း ကျွန်ုပ်မှာတော့ ၄င်းတို့ခေါ်သလို မခေါ်ဘဲ ဒေါ်အုန်းမြင့် ဟုပင် ခေါ်ဝေါ်မြဲ ခေါ်ခဲ့ရာ ယခုတိုင်အောင်ပင် ဖြစ်လေ၏။ ဒေါ်အုန်းမြင့်သည် ကျွန်ုပ်အား တွေ့လျှင် အောင်မလေး-မောင်ဝေလင်းရယ် ပြည်ထောင်စုအားကစားကွင်း တိုက်တန်းမှာဖွင့်ထားတဲ့ ဗေဒင်ဟောခန်း ပိတ်ပြီး၊ ဘယ်ကနေ ဘယ်လိုပြောင်းသွားမှန်းမသိ - အဒေါ်ဖြင့် သတိရလိုက်တာ - ဟိုစုံစမ်း ဒီစုံစမ်းနဲ့ပေါ့။ တစ်ယောက်တစ်မျိုး ပြောနေကြတာ - ဘယ်ကိုလိုက်ရှာလို့ ရှာရမှန်းကို မသိတော့ဘူး၊ အဒေါ့်မှာ ဒုက္ခတွေ ရောက်တိုင်း မောင်ဝေလင်းကို သတိရလိုက်တာ- ဆိုပြီး အိမ်နီးချင်း ကောင်မလေးတွေကို ပြောပြနေတာ- အခုလည်း သူတို့လာပြီးပြောကြတာ တောင်ပေါ်ဘုရားမှာ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်တစ်ဦး ဗေဒင် ဟောခန်း ဖွင့်ထားတယ်လို့ပြောတော့ အဒေါ်လည်း စိတ်ထဲမှာ ချက်ချင်းဘဲ ထင်လိုက်တယ်။ ဒါတော့ သေချာလောက်တယ်- မောင်ဝေလင်း ဟောခန်းပြန်ဖွင့်ပြီနေမှာဆိုပြီး သူတို့ကို အဲဒီဆရာနာမည်က ဘာတဲ့တုန်းလို့မေးတော့… သူတို့တွေ သုံးယောက်ပေါင်းပြီး မျက်လုံးခြောက်လုံးနဲ့ ကြည့်ခဲ့တာ ဗေဒင်ဆရာ နာမည်ကို သေချာမပြောနိုင်ကြဘူး…. နောက်မှ အငယ်မလေးက မှတ်မိရှာတယ်- ဗေဒင်ဆရာနာမည်က အောင်ကောင်းမွန်တဲ့ကြီးကြီး လို့ပြောရှာတယ်- အဲ့ဒါနဲ့ဘဲ အဒေါ် အခု ဒီနေ့ကို ချက်ချင်းလာခဲ့တာပါဘဲ ကွယ် - ဟု ကရားရေလွှတ်သကဲ့သို့ပင် အဆက်မပြတ်ပြောလေတော့၏။ ကျွန်ုပ်မှာလည်း ဓါတ်ဘူးအတွင်း အသင့်ဖျော်ထားသော လ္ဘက်ရည်ချိုတစ်ခွက် ငှဲ့၍ ဒေါ်အုန်းမြင့်ကို တိုက်၏။ ထို့ကြောင့် “အောင်မလေး - အဆင်ပြေလိုက်တာ - လ္ဘက်ရည်ချိုလေးသောက်လိုက်ရတော့ တောင်တက်လာရတဲ့အမောတွေ ချက်ချင်း ပြေသွားတော့တာဘဲ။… ဒီလိုပါဆရာသမားရယ် ယတြာတောင်းမှာမို့လို့ အစွမ်းထက်အောင် ရိုရိုသေသေနဲ့ ဆရာလို့ခေါ်ပြီး တောင်းတာပေါ့နော် - အဒေါ့်အတွက် အကောင်းဆုံး အစွမ်းအထက်ဆုံး ယတြာကိုသာ ပေးပါနော်” ဟု ယတြာယူရန်အတွက် စကားဦးသန်းလေ၏။ ထို့ကြောင့် ကျွန်ုပ်မှာလည်း ဘာအတွက် ယတြာယူမှာလည်း… ဒေါ်အုန်းမြင့်တစ်ယောက် အခု အိမ်ထောင်ရက်သားပြုဖို့ စဉ်းစားနေပြီလားဟုမေးရာ ဒေါ်အုန်းမြင့်မှာတော့ သူ၏ လက်ဝါးနှစ်ဖက်ကိုတီးပြီး အောင်မလေး - ဆရာကြီးရယ် အိမ်ထောင်တော့ ဘယ်တော့မှ ပြုဖို့မစဉ်းစားပါဘူး၊ တစ်ယောက်တည်း အေးအေးဆေးဆေး နေပါ့မယ်။ အပူမီး၊ ကိလေသာတွ လျှော့နိုင်သလောက်ကို အဒေါ်က လျှော့နေပါပြီ။ အခုလာတာက အဒေါ့်အိမ်နားနီးချင်းမှာရှိတဲ့ အပျို အရွယ် ကောင်မလေးတွေနဲ့ ရှယ်ယာပေါ့ … စပ်တူလို့ဘဲပြောရမှာလား ဟုပင် အထစ်ထစ်နဲ့ ပြောမယ့် စကားအား အချိန်ဆွဲနေပြန်လေ၏။ ထို့ကြောင့် ပြောမှာဖြင့် မြန်မြန်ပြော ဒေါ်အုန်းမြင့် ခဏနေရင် (၁၀း၀၀)နာရီထိုးတော့မှာ… ယတြာယူမယ့်သူတွေရော၊ ဗေဒင်မေးမယ့်သူတွေရော ချိန်းထားတာတွေ ရှိတယ်။ အခု ခင်ဗျားလာတာစောလို့ ကျွန်တော်က ချက်ချင်းတွက်ချက်ပြီး ယတြာပေးနိုင်တာ။ ဒီထက်နဲနဲ နောက်ကျလို့ (၁၀း၀၀)နာရီကျော်သွားရင် ခင်ဗျားအလှည့်ရောက်တဲ့အထိ စောင့်ရလို့ နေ့လည် တစ်ချက် ကျော် နှစ်ချက်ထိုးရောက်သွားမှာ ဟု ပြောမှသာ “ ဟုတ်ပါပြီ - ပြောပါ့မယ် - အယ်… စပ်တူပေါ့လေ စားသောက်ဆိုင်လေးပါ။ အဲ့ဒါ အခုတစ်လော လူဝင်ကျဲသွားလို့ ရောင်းအားက ကျသွားတယ်၊ ကိုယ်ရဲ့ စီးပွားရေးရှာတဲ့ ဈေးဆိုင်၊ အလုပ်ခန်း လူဝင်များမယ့် ယတြာတွေထဲက အကောင်းဆုံးကိုသာပေးနော် ”ဟု ပင် ထပ်မံပြောပြန်၏။ ကဲ ဒေါ်အုန်းမြင့် သေချာမှတ်သွား… ဒါ ကျွန်တော်တို့ဆရာကြီးဖြစ်တဲ့ အဘမင်းသိင်္ခ က လူဝင်များအောင်လုပ်တဲ့ ယတြာတွေထဲမှာ အင်မတန်စွမ်းတဲ့ယတြာတစ်ခုအဖြစ် သေချာသင်ပေးခဲ့တာ “မ” တစ်လုံးကြေဆရာတော်ကြီး ခင်ကြီးဖျော်ရဲ့နည်းဘဲ… အခုပြန်သွားတာနဲ့ သပြေခက် (၁၁)ခက်ကို နှီးကြိုးနဲ့ဖြစ်စေ ကြိုးအနက်တစ်ချောင်းနဲ့ဖြစ်စေ ချည်ပြီး ခင်ဗျားတို့ရဲ့ စားသောက်ဆိုင်အ၀င်တံခါးပေါက်မှာ ဆွဲထားလိုက်- တံခါးဘေးလောက်မှာပေါ့၊ ဇောက်ထိုးဆွဲထားလိုက် - ပြီးတော့ လေတိုက်အောင် ပန်ကာ ရှိရင် ပန်ကာလေပေး - မရှိရင် ယပ်တောင်ခပ်ပေး… လေများများ အဲ့ဒီသပြေ (၁၁)ခက်ကို တိုက်ခတ်ပေး လေ ဓါတ်က ပိုမိပြီး လူပိုဝင်လေဘဲ… ဟု ခပ်ပြတ်ပြတ်ပင် ရှင်းပြ၍ စကားကြောဖြတ်ရတော့၏။ အဘယ် ကြောင့် ဆိုသော် ၄င်းနောက်တွင် စောင့်နေရသူမှာ သုံးယောက်ပင်ဖြစ်နေသောကြောင့် ဖြစ်၏။ အဲ့ဒါကိုပင် ၄င်းအဖွားကြီးမှာ မကျေနပ်နိုင်ရှာသေးဘဲ… ဒီယတြာက ဘယ်သူမဆို၊ ဘာလုပ်ငန်းမှာဘဲဖြစ်ဖြစ် လုပ်လို့ ရလားဟု ထပ်မေးလေ၏။ ရတယ်၊ ဘယ်သူဘဲဖြစ်ဖြစ်၊ ဘာလုပ်ငန်းဘဲလုပ်လုပ် ဘယ်လိုကံဇာတာမျိုးမှာ ဘဲဖြစ်ဖြစ် လုပ်လို့ရတယ်။ ဒါတွေက ဗေဒင်မေးစရာမလိုဘဲ ခင်ဗျားအနေနဲ့ ယုံယုံကြည်ကြည်နဲ့ အခုအမြန် သွားလုပ် ဟု ပြောလိုက်ခါမှပင် - တစ်ချိန်က စိတ်ရောဂါဖြစ်ခဲ့ဘူးသော အမျိုးသမီးကြီး ဒေါ်အုန်းမြင့်မှာ ကျေးဇူးတင်ပါတယ်ကွယ်၊ အလုပ်တွေအဆင်ပြေရင် ဆရာသမားကို လာကန်တော့ပါဦးမယ်- ပြောရာ မလာနဲ့ မလာနဲ့ ကန်တော့ဖို့အတွက်တော့ တကူးတက မလာနဲ့- နောက်ဒုက္ခတစ်ခုတွေ့မှဘဲ ပေါင်းပြီး လာတော့ဟု ခပ်မာမာလေးပြောလိုက်ရာ ခေါင်းကလေးလှုပ်တုပ်လှုပ်တုပ်နဲ့ပင် ဟုတ်ပါပြီ- ကျေးဇူးတင်ပါ တယ်ရှင် ဟု ပြောပြီး ကျွန်ုပ်ဗေဒင်ဟောခန်းအတွင်းမှ ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် ထွက်သွား လေ၏။

Popular posts from this blog

ကိုးန၀င်း မိုးလင်းမှသိမယ် အဓိဋ္ဌာန်(မင်းသိင်္ခ)

သွေးထွက်အောင် မှန်သည်ဆိုသောဗေဒင်(မင်းသိင်္ခ)

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း

“တကယ်ချစ်လို့လား၊ အ​ပျ​ော်တွဲမွာလားတဲ့” (နှင္းအိဝေ)

ပီယသိဒ္ဓိအဆောင်